ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, July 9, 2013

အပြစ်မပြောပါ ၊ အကြံပေးခြင်းသာ




          ထိန်းချုပ်မှုဧ။်နောက်ကွယ်တွင် ပေါက်ကွဲမှုရှိသည် ၊ အလှစစ်နောက်တွင် အကျည်းတန်တရားရှိသည် ၊ လွတ်လပ်မှုဧ။်နောက်ကွယ်တွင်တော့ ပရမ်းပတာစည်းကမ်းပျက်မှုများသည် ထပ်ချပ်မကွာလိုက်လာပေလိမ့်မည် ၊ သို့သော် လူချထားသောမူ နှင့် မူနောက်လိုက်သောသူ လိုက်လျောညီထွေသောအခါ အားလုံးသည်ဖြေရှင်းရလွယ်ကူသည်သာ ။



        

          ဒီမိုကရေစီပွင့်လင်းခါစ ခေတ်ဦးကာလ ဖတ်မိသောစာသားကို တစ်ကိုယ်တည်းရေရွတ်ကြည့်နေမိပါသည် ၊ ယခုကဲ့သို့ပွင့်လင်းခေတ်ဦးတွင် မြန်မာပြည်တွင် အထူးခြားဆုံးသောပြောင်းလဲမှုမှာ ရောင်စုံသစ်လွင်မော်တော်ယျာဉ်တိုးတက်များပြားလာခြင်းပင်ဖြစ်သည် ၊ ယခင်ကားဟောင်းအစားထိုးအစီအစဉ်များမှတင်သွင်းလာသောကားများနှင့်ခရီးသည်တင်လိုင်းကားများသည် ရန်ကုန်မြို့တော်ဧ။်ကျဉ်းကြပ်သောလမ်းများပေါ်တွင် လု၍တမျိုး တုန့်ကနဲရှောင်၍တဖုံ ကကွက်အမျိုးမျိုးဖြင့်နေရာယူလာကြသည် ၊ ဤအခြေအနေတွင် ၁၉၈၈ စစ်အာဏာမသိမ်းခင်ကအမြစ်တွယ်ခဲ့သောလမ်းလျှောက်ပလက်ဖောင်းပေါ်တွင် ဝမ်းရေးအတွက်ဈေးရောင်းရရှာသောဈေးသည်များကလည်း အလျှော့မပေးကြပါ ၊ ကိုယ့်နေရာကိုယ်သာ ဆက်ရောင်းမြဲ ၊ လမ်းလျှောက်သူများမှ ကားလမ်းပေါ်သာဆင်းလျှောက်လို့ရမည် ၊ ကားများကတော့ ပလက်ဖောင်းပေါ်တက်မောင်းလို့မရ ၊ များပြားလာသောကားအရေအတွက်ကို မြို့က အဆင်သင့်မဖြစ်သည်က အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်သည် ၊ မဆန်းတော့ပါ ၊ ရန်ကုန်မြို့တည်ဆောက်ကတည်းက ကားရပ်နားစီမံကိန်း ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ ၊ ကိုယ့်အိမ်ရှေ့သာ ကိုယ့်ကားပါကင်ဖြစ်သည် ၊ ကားသစ်များပိုင်ဆိုင်မှုတိုးလာသည် ၊ ကိုယ်ပိုင်ကားများလမ်းပေါ်တွင်လိုင်းကားများနှင့်ရှယ်ယာခွဲ၍လမ်းကိုသုံးကြရတော့သည် ၊ မြို့က ထပ်ချဲ့လို့မရတော့ ၊ ဒါတောင် ကံကောင်းထောက်မ၍ အစိုးရယန္တရားက နေပြည်တော်ပျဉ်းမနားသို့ရှောင်ပေးလို့တော်သေးသည် ၊ “ ဒီကွေ့မှာဒီတက်နဲ့လှော် “ ဆိုသည့် မြန်မာစကားပုံအတိုင်းရှင်းကြရတော့သည်ပေါ့ ။ “ ယခုကားများမည်သည့်နေရာတွင်ရပ်နားကြမည်နည်း “ ဆိုသည့်စကားကိုထိုးနှက်ချက်အနေနှင့်မေးလို၍မဟုတ် ၊ မြန်မာကိစ္စကို နိုင်ငံတကာနှင့်နှိုင်းယှဉ်ပြလိုပါသည် ။


          အာစီယံနိုင်ငံအတွင်း ကားပိုင်ဆိုင်မှုကိုအခွန်များစွာကောက်သောနိုင်ငံများတွင် စင်ကာပူနိုင်ငံအပါအဝင်ဖြစ်သည်ဟုသိရပါသည် ၊ ကားထိန်းသိမ်းစားရိတ်ထက် မီးရထားခက သက်သာသည်ကတစ်ကြောင်း ၊ လမ်းလျှောက်ခြင်းဖြင့်စွမ်းအင်ချွေတာသည့်အပြင်ကျန်းမာရေးအထောက်အကူပြု ကိုယ်လက်လှုပ်ရှားမှုကိုပါရစေသည်ကတစ်ကြောင်းကြောင့် အစိုးရသည် ဥပဒေထုတ်ရသည်မှာလွယ်ကူသလောက် ပြည်သူများလိုက်နာရန်လည်း မခက်ခဲလှပေ ၊ အကြောင်းရင်းမှာ ကြိုတင်စီစဉ်ခြင်း ( Planned Ahead ) နှင့် ရွေးချယ်ရာလမ်းကြောင်းများ ( Options ) တို့က ပြသနာကို ရေရှည်ပြေလည်စေသည် ။ ရန်ကုန်တွင်တော့အလုပ်ကိုမီးရထားနှင့်သွားနိုင်သည့်ကွန်ယက်မရှိပေ ၊ ထို့အပြင်ဝန်ထမ်းများအလုပ်တက်ရန်လိုင်းကားများကိုအဓိကအားကိုးနေရသည် ၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်မရှိသည်မှာလည်း ကာလကြပြီဖြစ်သည် ၊ ထို့ကြောင့်မြို့နေလူထုသည် အလုပ်ချိန်ပုံမှန်ရောက်ရှိအောင်အိမ်မှစောစောထွက်ရန်မှတပါးယခုလောလောဆယ်ရွေးချယ်စရာမရှိသေးပါ ၊ ဤနေရာတွင် အမေရိကန်နိုင်ငံဧ။် ကားပိတ်ဆို့မှုဖြေရှင်းပုံကို နမူနာပြုတင်ပြအကြံပေးလိုပါသည် ။


          ကော်ပရေးရှင်းကြီးများ ၊ ရှော့ပင်းမောများ ၊ ကစားကွင်းများ ၊ စုပေါင်းရုံးများ ၊ စက်မှုဇုံများ နှင့် လေဆိပ်များမကျန် တည်ဆောက်ရေးခွင်စတင်သည်နှင့် ကားပါကင်ပုံစံ ( Parking Plan ) ကိုမပါမနေရ တင်ပြရသည် ၊ ထိုအတွက်လည်းအခွန်ဆောင်ရသည် ၊ လိုက်လျောညီထွေရှိသောကားပါကင်ထည့်သွင်းတည်ဆောက်ပါမှစားသုံးသူဖောက်သည်များအဆင်ပြေမည် ၊ အလုပ်လာသောဝန်ထမ်းများကားထားရန်လည်းအဆင်ပြေမည် ၊ ထို့ပြင် ဖရီးဝေးလမ်း နှင့်မြို့တွင်းလမ်းများ ကားလမ်းပိတ်ခြင်းမှကာကွယ်နိုင်မည်ဟုလေ့လာသိရှိရသည် ၊ ရန်ကုန်မြို့တွင် ဆန်ဖရန်စစ္စကို ကဲ့သို့ ကားရပ်ခကို ဈေးကြီးကြီးကောက်သင့်ပါသည် ၊ ရလာသောကားရပ်ခများမှ စည်းကမ်းလိုက်နာသော ဝန်ထမ်းများကို ပိုမိုနေရာချထားသင့်ပါသည် ၊ မိနစ် ၂ဝ ပါကင် ၊ ၁ဝ မိနစ်ပါကင် စသည်ဖြင့် ဖန်တည်းပေးသင့်သည် ၊ ပလက်ဖောင်းပိတ်ဈေးရောင်းမှုကို စည်းကမ်းဖြင့်သာခွင့်ပြုသင့်ပါသည်  ၊ “ မရပ်ရ “နေရာတွင် စည်းကမ်းမဲ့ရပ်သောကားများ နှင့် လမ်းပြောင်းပြန်ရပ်သောကားများပါမကျန် သူတပါးအိမ်ဝင်ပေါက် ထွက်ပေါက် ပိတ်ရပ်သောကားများကိုပါ  ကားတင်သည့်ကားဖြင့် Tow ဆွဲ အရေးယူ၍ရန်ပုံငွေရှာသင့်ပါသည် ၊ အထပ်မြင့်အဆောက်အအုံတွင်ထည့်သွင်းတည်ဆောက်သည့်ကားပါကင်များနှင့်မလုံလောက်တော့ဘဲ လုပ်ငန်းရှင်ကြီးများနှင့်ခရိုနီကြီးများကို မြို့တော် ( City ) အတွက် သီးသန့်အခပေးကားပါကင်အဆောက်အအုံများ တည်ဆောက်လှုဒါန်းစေရန် စည်းရုံးသင့်ပါသည် ။


          မြို့တွင်းလမ်းများနှင့် ဖရီးဝေးလမ်းများကို မောင်းနိုင်သည့်အမြန်နှုန်း ၂ ဆနီးပါး ခွာထားခြင်းသည်လည်း အမေရိကန် ကုန်းလမ်းဆက်သွယ်ရေးဧ။်အောင်မြင်မှုတစိတ်တဒေသဖြစ်သည် ၊ အကြောင်းမှာ မြို့တွင်း ( Local ) မှသွားရမည့်ခရီးကို ဖရီးဝေးမှသွားလျှင် အချိန် ၄ဝ ရာခိုင်နှုန်းသက်သာပြီး ဓါတ်ဆီဖိုးသက်သာသည် ၊ ခရီးသည်တင်ကားများကျော်ဖြတ်သွားနိုင်သော ကားပူးလမ်း ( Carpool Lane ) ကဲ့သို့လမ်းများလည်းပါဝင်တည်ဆောက်ထားသည် ၊ အမေရိကန်ဧ။်လမ်းနမူနာများကို တောင်ကိုးရီးယား ၊ ယိုးဒယား တို့တွင်အကောင်အထည်ဖေါ်ရာအလွန်အောင်မြင်မှုရရှိကြသည် ၊ ယခုအခါတွင်တော့ ကျွန်တော်တို့ခေါင်းရင်းနိုင်ငံပေါက်ဖော်ကြီး တရုတ်ပြည်မှလမ်းသစ်များသည် အမေရိကန်လမ်းများထက်သာလွန်ကောင်းမွန်သည်ဟု နာမည်ကြီးလာပါသည် ၊ ဤဥပမာနှင့် ကိုက်ညီအကြံပေးရန် ရန်ကုန်ုမြို့နှင့်ဆင်ဖြေဖုံးမြိ့များသို့ဆက်သွယ်မည့် အဝေးပြေးလမ်းများရှိရန်လိုအပ်နေပါသည် ။


           အလုပ်ချိန်များကိုခွဲခြားထားခြင်းသည်လည်း အလုပ်ဖြစ်သည့်နည်းလမ်းတစ်ခုအဖြစ် အမေရိကန်စီးပွားရေးတွင်တွေ့မြင်ရသည် ၊ အားလုံးနှင့်တိုက်နေမည့်မနက် ( ၉ ) နာရီအလုပ်တက်ချိန် ( Prime Time ) အစား ( ၇ ) နာရီ ၊ ( ၈ ) နာရီ စသည်ဖြင့်စော၍အလုပ်တက်ခြင်းမျိုး ၊ ၂၄ နာရီကို ၃ ဆိုင်းခွဲ၍ အလုပ်တက်ခြင်းမျိုးတို့သည် ကားလမ်းပိတ်ဆို့မှုကို ရာခိုင်နှုန်းတော်တော်များများလျော့ကျစေသည် ၊ တနင်္လာ နှင့် သောကြာကြား တစ်ရက်ရက်ကိုပိတ်၍ စနေနေ့ကို အလုပ်ဆင်းစေသည့် ကုန်ထုတ်လုပ်မှုကုမ္ပဏီများဧ။်စံနစ်သည်လည်း ကားလမ်းပိတ်ဆို့မှုကို အထိုက်အလျောက်ရှောင်ကွင်းနိုင်သည်ဟု သက်သေပြနိုင်ကြသည် ၊ ရန်ကုန်မြို့ နှင့် စက်မှုဇုံများတွင်စားသောက်ကုန် ၊ လူသုံးကုန်ထုတ်လုပ်မှုစက်ရုံများ ၊ ၂၄ နာရီလည်ပတ်နေသော အအေးခန်းစက်ရုံများ ၊ သတင်းစာ ၊ ဂျာနယ်တိုက်များနှင့် ပုံနှိပ်တိုက်များ ၊ အင်တာနက်အသုံးပြုလုပ်ငန်းများတွင် အလုပ်ချိန်စော၍စတင်ခြင်းနှင့်အလုပ်စော၍ဆင်းပေးခြင်းတို့ကိုစမ်းသပ်ကျင့်သုံးသင့်ပါသည် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရဧ။်ပံ့ပိုးကူညီမှုဖြင့် အလုပ်ဆိုင်းများ ပြောင်းလဲသတ်မှတ်နိုင်ပါကလည်း ကားလမ်းပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေရှင်းနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖော်ထုတ်လာနိုင်စရာအကြောင်းရှိနေသည် ။          

        
   

                ဆန်ဖရန်စစ္စကို ၊ နယူးယောက် နှင့် လန်ဒန်မြို့များတွင် စက်ဘီးနှင့်ရုံးတက်သူပေါများသည် ၊ စက်ဘီးနှင့်ပို့သောပါဆယ်လုပ်ငန်း ( Courier Delivery Service ) သည် ကားကြပ်သောမြို့ကို အနည်းငယ်အသက်ရှူချောင်စေသည်ကိုသိရသည် ၊ အမြဲပူနေသည့်မြို့ဖြစ်နေသည်မို့ ပြောရမှာအားတော့နာသည် ၊ သို့သော် ကားလမ်းပိတ်ဆို့မှုကို ကယ်နိုင်လိုကယ်နိုင်ငြား အကြံပေးရမည်သာဖြစ်သည် ၊ “ ရန်ကုန်မြို့တွင်ရော စက်ဘီးစီး၍ရုံးမတက်နိုင်ဘူးလား ? “   

        

                  ခုံးကျော်တံတားများတည်ဆောက်ခြင်းသည် ကားလမ်းပိတ်ဆို့မှုဖြေရှင်းခြင်းဧ။်အစ ဖြစ်သည့်အတွက် အားပေးပါသည် ၊ သို့သော် ခုံးကျော်တံတားပေါ်မှဆင်းသည့်ကားသည် မည်သည့်နေရာသို့သွားရမည်နည်း ၊ နဂိုကြပ်သည့်လမ်းများပေါ်တွင်သာပြန်လည်စောင့်ဆိုင်းရပြန်လေသည် ၊ ထို့ကြောင့် တစ်မြို့တစ်နေရာမှ နောက်တစ်မြို့သို့ဆက်သွယ်သည့် အဝေးပြေးလမ်း ၊ ဖရီးဝေးလမ်း မဖြစ်မနေတည်ဆောက်သင့်လှသည် ၊ သို့မှသာလျှင် တန်းရှည်နေသောကားများကို အမြန်လမ်းပေါ်သို့ရှောင်လွှဲမောင်းနှင်စေခြင်းဖြင့် မြို့တွင်းလမ်းများပေါ်ရှိကားအရေအတွက်ကိုလျော့ချနိုင်ပါလိမ့်မည် ၊ ခရီးလမ်းစောင့်ဆိုင်းမှုအချိန်ကိုလည်း မလွှဲမသွေလျော့ချလာနိုင်ပါလိမ့်မည် ၊ မြို့ပြစီမံကိန်းရေးဆွဲသည့်အဖွဲ့အစည်းများအနေဖြင့် လမ်းဖွဲ့စည်းပုံကောင်းမွန်အောင် နိုင်ငံတကာစံချိန်ယူ၍ တည်ဆောက်သွားပါလျှင်နောက်မကျသေးပါ ၊ ယခုမှ စတင်အကောင်အထည်ဖေါ်မည့်ရန်ကုန်မြို့မှလမ်းများသည့် တနေ့နေ့တချိန်ချိန်တွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်ထားသော စံနမူနာလမ်းများဖြစ်လာပါလိမ့်မည် ၊ မြန်မာပြည်သူများသည်အချိန်ကာလအကြာကြီးသည်းခံလာပြီးနေပါပြီ ၊ ကောင်းမည်ဆိုပါက နောက်ထပ်စောင့်လျှင်စောင့်ရပါစေ စိတ်မဆိုးတတ်ကြတော့သော လူမျိုးများဖြစ်ကြပါသည် ၊ ကျွန်တော်တို့သည် ချမှတ်ထားသော စည်းကမ်းဥပဒေများကို နားလည်တတ်အောင်သင်ကြားပေးလျှင် အတိအကျလိုက်နာကြသော ရိုးသားသည့်မြန်မာလူမျိုးများဖြစ်ကြပါသည် ၊ ၂ နှစ်ကျော်သက်တမ်းရှိအစိုးရသစ်အနေဖြင့် ကားကိစ္စ ၊ ဖုန်းကိစ္စ ပြီးလျှင် ကားလမ်းပိတ်သည့်ကိစ္စကိုစံနစ်တကျ အမြန်ဆုံးကိုင်တွယ်နိုင်ပါစေရန်ရည်သန်၍ရေးသားလိုက်ရပါသည် ။


ကိုညီညီ - တောင်ကြီး

No comments: