ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, January 29, 2014

ထမင်းအဝကျွေးချင်တယ် အမေ


                  
                           ဆာလောင်မွတ်သိပ်နေတဲ့ ခြေရင်းအိမ်ကလူတွေ သားတို့ခြံစည်းရိုးကို ခွကျော်သူကကျော် တွင်းတူးပြီးလာသူကလာ အိမ်နားကိုကပ်နေပါပြီ အမေ ၊ ခေတ်သစ်သိမ်းကျုံးဈေးနှိမ်ဝယ်ယူစံနစ်နဲ့ သားတို့ခြံထွက်ပစ္စည်းတွေကို မျက်စောင်းထိုးနေတဲ့ ခေါင်းရင်းအိမ်ကတော့ အတင်းရော အဓမ္မရော ဘာရောင်းရောင်း လူပါဝယ်နေတယ် အမေ ၊ နှစ်အိမ်ကျော် သိပ်မဝေးတဲ့ အန်ဆီယာဆယ်အိမ်စုတန်းလျားမှာလည်း သားတို့ညီအစ်ကိုတွေ အိမ်ရှင်က ဓါးတပြပြလုပ်နေလို့ သူတို့မျက်နှာကြည့်ပြီးထမင်းမဝကြဘူး အမေ ၊ ဟိုးရှေးအစဉ်ဆက်ဆက်ကတည်းက ဟင်းချိုမှုန့် နဲ့ လီပိုဗီတန် ရောင်းပေးခဲ့တဲ့ ကပ်လျက်အိမ်မှာလဲ ခဏ ခဏ ရန်ဖြစ်နေလို့ သားသူငယ်ချင်းတွေ ထိုင်ရမလို ထရမလိုဖြစ်နေကြတယ် အမေ ၊ ပိုဆိုးတာက သားတို့မသိအောင်ချုပ်ခဲ့တဲ့ အရင်အိမ်ရှင်ရဲ့ ရေတိုင်ကီစာချုပ်ကို နောက်တစ်နှစ်ကျရင် ဘုံပိုင်ဖွင့်ပေးရင်ပေး မပေးရင် ရေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်ဗျာ သားတို့ဘယ်လိုလုပ်ရမလဲ အမေ ။




                         အနောက်ဘက်ရပ်ကွက်က အိမ်ကြီးအိမ်ကောင်းမှာနေသွားခဲ့တဲ့ ဖိုးဖိုးကြီးတွေပြောပြဖူးတာ သားတို့မှတ်မိတယ် ၊ ဘာတဲ့ ဖိုးဖိုးကြီး တောကကြက်ဖဆင် ပြောတာ “ သားတို့ရဲ့လွတ်လပ်ခွင့်ကိုအကြီးအကျယ်အန္တရာယ်ပေးမှာက အိမ်စည်းကမ်းကို မလိုက်နာတာဘဲ ” တဲ့ ၊ သားတို့တော့ ကျောင်းကောင်းကောင်းမတက်ခဲ့ရလို့ သိပ်နားမလည်ဘူး အမေ ၊ အရင်အိမ်ရှင် လေလည်တုန်းထုတ်ခဲ့တဲ့ အိမ်စည်းကမ်းကို သားတို့ကလိုက်နာရမယ်ဆိုတာ တရားသလား ၊ သူတို့ဖြောင်တမျိုး ညာတစ်လှည့်နဲ့ အိမ်တွင်းမှာရှိတာလည်းကုန်ပြီ ၊ မီးဖိုချောင်မှာ စားစရာမရှိတော့ အိမ်သူအိမ်သားတွေလည်း သူများအိမ်တွေကို နှုတ်ခမ်းပဲ့ပန်းကန်စုတ်တစ်လုံးနဲ့ထွက်ရပြီပေါ့ အမေ ၊ ဒီစားဖိုဆောင်ကို အမေမကိုင်နိုင်အောင် သက်သက်မဲ့လုပ်ကြံထားတဲ့ ဒီဘုတ်အုပ်အဆွေးကြီးကို မြန်မြန်သာပြင်ပါတော့အမေ ။




                အဲဒီအိမ်ကြီးက နောက်အဖိုးတစ်ယောက်ကလည်း ထပ်ပြောပြခဲ့သေးတယ် ၊ ဖိုးဖိုးကြီး ပြည်ဗမာထင် ခင်ထွန်း က “ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အိမ်သူအိမ်သားတွေရဲ့ သဘောဆန္ဒမပါဘဲ အိမ်ခေါင်တက်အုပ်ချုပ်လို့မရဘူးကွ ” တဲ့ ၊ အမေသိပါတယ် ၊ အမေ့ရဲ့အဖေ ကျေးဇူးရှင်အဖိုး ရဲ့သူငယ်ချင်းလေ  အမေဒီအိမ်မရောက်ခင်ကတည်းကမျက်မှန်ကြီးဒေါက်ထောက်နဲ့အိမ်ရှင်ကြီးပေါ့ ၊ သားတို့ကိုပြောသေးတယ် “ ငြိမ်ငြိမ်နေကြပါ ၊ နောက်တစ်ခါဆူဆူပူပူလုပ်ရင်တော့ ခါးကြားက လေးခွ က မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး ၊ လောက်စာလုံးထည့်ပစ်မှာ ” တဲ့ဗျား ၊ သားတို့မှာတုန်သွားတာဘဲ ၊ လောက်စာလုံးစာ မိမှာစိုးလို့ ကျောင်းမသွားတဲ့သူကမသွားရဲ ၊ ဘေးအိမ်ထွက်ပြေးတဲ့သူကပြေး ၊ ခြံစည်းရိုးကြားမှာပုန်းတဲ့သူကပုန်းနဲ့ ကြောက်လိုက်တာ အမေရေ ၊ အတင်းကြီးအုပ်ချုပ်တော့ သားတို့အရမ်းလန့်ပါတယ် ၊ တစ်ခါတစ်ခါ ခေါင်းထိတဲ့သူနဲ့ နဖူးပေါက်တဲ့သူနဲ့ မျောက်ညိုကိုလိုက်တဲ့ ဦးစိတ်တိုကြီးကျနေတာပါဘဲ  ၊ အခုတော့ သူပစ်တဲ့ဘတ်ခွကလောက်စာလုံး သူ့မျက်စိပြန်မှန်လို့သူငယ်ပြန်ပြီး သူ့အသုဘတောင်ပို့သူမရှိဖြစ်ခဲ့တာ တစ်ရပ်ကွက်လုံးစိတ်ချမ်းသာရပါပြီ အမေ ။
                နောက်ဖိုးဖိုးကြီး တောနယ်ဖေထင် က  “ အုပ်ချုပ်သူဆီက ဘာအဖြေမှရမှာမဟုတ်ဘူး ၊ အုပ်ချုပ်သူကိုယ်တိုင်က ပြသနာ ” လို့ ထောက်ပြပါတယ် ၊ အုပ်ချုပ်သူဆိုတာ ဘယ်သူ့ကိုပြောတာလဲ အမေ ၊ သားတို့ကိုတချိန်လုံး မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ခိုင်းနေတာ အုပ်ချုပ်သူလား ၊ သားတို့ချစ်တဲ့ဖိုးဖိုး ရှိတုန်းကမှ ဝဝလင်လင်စားရသေးတယ် ၊ ဘယ်သူတွေအုပ်ချုပ်အုပ်ချုပ် သားတို့ထမင်းမဝပါဘူး ၊ အိမ်သူအိမ်သားတွေကို ထမင်းဝအောင်ကျွေးနိုင်မဲ့သူရဲ့ စကားကို သားတို့အားလုံးနားထောင်ချင်တာပါ ၊ နောက်ထပ်ပြောင်းလာတဲ့ အိမ်ရှင်တွေအကြောင်းတော့ အမေစိတ်ညစ်မှာစိုးလို့ မပြောတော့ပါဘူး ။


                 ရွာလူကြီး ( ၃ ) ယောက်ကို အမေတွေ့ဖို့ခွင့်တောင်းတာ အင်တင်တင်လုပ်နေတယ်ဆိုတာဟုတ်သလား အမေ ၊ ထမင်းအိုးတည်ပြီး ပုခက်လွှဲတဲ့လက်ကိုမှအားမနာ ဘတ်ခွကိုင်တဲ့ သူကြီးတွေက အမေ့ကိုအတွေ့မခံဘူးဆိုတော့ သားတို့ရယ်ချင်လို့ပါ ၊ သူတို့လို သူများတကာကို ဒုက္ခပေးမှာလည်းမဟုတ် ၊ မောင်ပိုင်စီးပြီး အိမ်ကိုသိမ်းမှာလည်းမဟုတ် ၊ ခြံစည်းရိုးခတ်ပြီး သီးသီးသန့်သန့်နေဖို့လဲမဟုတ် ၊ တူရာတူရာအတူတကွပူးပေါင်းဆောင်ရွက်ဖို့ဘဲဆိုတာ သူတို့မသိဘူးလား အမေ ၊ ဒီမီးဖိုချောင်ကိုသာ အမေစီမံခန့်ခွဲလိုက်ရင် ရပ်ကွက်ထဲကအိမ်တွေနဲ့ရော ၊ အန်စီယာဆယ်အိမ်စုတန်းလျား နဲ့ရော ၊ ဟိုးအနောက်ဘက်ရွာက ရပ်ကွက်တွေနဲ့ရော အားလုံးအဆင်ပြေမှာ သားတို့သိတယ် ၊ အမေက အိမ်မှုကိစ္စနိုင်နင်းတယ် ၊ အိမ်သန့်ရှင်းတာလဲကြိုက်တယ် ၊ ညစ်ပတ်တဲ့အဝတ်တွေဆိုလည်း အမြဲပြောင်အောင်လျှော်ဖွတ်တယ် ၊ နွမ်းတော့နွမ်းပေမယ့်အင်္ကျီတွေပေါက်ပြဲရင် အမေ ကောင်းကောင်းဖါတယ် ၊ ပြီးတော့ အမေက ခေတ်ပညာလည်းတတ်တယ်  ၊ ဟင်းချက်နည်းလည်းကျွမ်းကျင်တယ် ၊ အမေ့စကားသူတို့နားထောင်မှာပါ ၊ အမေ့စေတနာကို သူတို့သဘောပေါက်လာမှာပါ ၊ သားတို့အမေ့ဘက်မှာရှိတယ်နော် မမေ့နဲ့အမေ ၊ နောက်နှစ်ကျ အမေ အိုးသူကြီးလုပ်တဲ့အခါ ရာဝင်အိုးကြီးနဲ့ချက်ပြီး သားတို့ တစ်ရပ်ကွက်လုံးကိုဖိတ်ပြီး အလှူကြီးပေး ထမင်းအဝကျွေးချင်လို့ပါ အမေ ။


ကိုညီညီ ( တောင်ကြီး )
          
စာမူပို့လိုက်တုန်းကတော့ အထုပ်နဲ့အထည်နဲ့ ပုံနှိပ်ဂျာနယ်ပေါ်ပါလာတော့ ဖိုးဖိုးနာမည်နဲ့ပုံတွေမပါလာတော့ဘူး ၊ ကျေးဇူးတင်ပါတယ် ၊ Hot News Weekly Journal အတွဲ ( ၄ ) ၊ အမှတ် ( ၁၇၉ ) ၊ စာမျက်နှာ ( ၁၁ ) ။      ။ Download Link :http://www.mediafire.com/download/z7yenq7ecuerg4e/179.pdf



No comments: