ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, October 14, 2014

Multitasking နဲ့ ဆယ်ကျော်သက်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ခုထက်များတဲ့ အမှုကိစ္စကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တာကို ယျေဘုယျအားဖြင့် Multitasking လို့ခေါ်နိုင်ပါတယ်။ ဥာဏ်ရည်ဥာဏ်သွေး၊ အာရုံဖမ်းစားနိုင်မှု နဲ့ ဘဝပေးအခြေအနေများပေါ်အခြေခံပြီး စွယ်စုံလုပ်နိုင် မလုပ်နိုင် ဆိုတာ အကဲဖြတ်ကြပါတယ်။ ကျွန်တော် ကုန်သည်လုပ်နေတုန်းက ဆိုင်မှာဈေးရောင်းရင်း တယ်လီဖုန်းကို ပုခုံးစောင်းမှာချိတ်၊ ငွေရေတွက်၊ စာရင်းမှတ်၊ ဗောက်ချာဖွင့်၊ အလုပ်သမားတွေကိုညွှန်ကြား စသဖြင့် တစ်ယောက်တည်း စုံနေအောင်လုပ်နေခဲ့ရတဲ့ ဘဝမှာ ဒီ Multitasking အင်္ဂလိပ်စကားလုံးကို မသိသေးပါဘူး။ ဆိုလိုချင်တာက ဒီစာလုံးရဲ့ အနက်အဓိပ္ပာယ်ကို မသိသေးပဲ ဒီအလုပ်ကို ကြိုလုပ်မိနေတယ်လို့ပြောရင် မမှားပါဘူး။
.
.
ကျောင်းနေအရွယ်စာသင်တုန်းက သူငယ်ချင်းတစ်ယောက်အကြောင်းကို ပြောပြချင်တယ်။ ဆယ်ကျော်သက်အရွယ် ( ) တန်း ( ၁ဝ ) တန်း အတူတူတက်ခဲ့တဲ့ သူငယ်ချင်းပါ။ သိတဲ့အတိုင်း အလယ်တန်းကနေ အထက်တန်းကျောင်းကို ပြောင်းခါစ၊ ကြီးကြီးမားမားကျောင်းလည်း စရောက်ခါစ၊ ပြီးတော့ ယောက်ျားလေးလည်းဖြစ်ပြန်ဆိုတော့ အတန်းမှာ ဆရာ၊ ဆရာမ ပြောင်းတဲ့အခါကျရင် မျောက်ရှူံးအောင်ဆော့ကြတာပေါ့။
.
စာသင်မယ့် ဆရာ၊ ဆရာမ ရောက်လာမှ မီးကိုရေနဲ့ငြိမ်းသလို ရှဲကနဲ အသံတောင်မမြည်ပဲ တိတ်သွားကြတဲ့အချိန် လူကြီးတစ်ဖြစ်လဲ ကျွန်တော်တို့ ယောက်ျားလေး တစ်သိုက်ဟာ စာကို အရမ်းစိတ်ဝင်စားသလို ဟန်ဆောင်ကောင်းခဲ့ကြတယ်။ အဲဒီလောက်နားချိန်လေးမှာ စာကျက်၊ စာတွက်ပြီး ဆရာဝန်ဖြစ်လာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က ဝင်းခိုင် ဖြစ်ပါတယ်။ အခုတော့ ခွဲစိတ်ပါရဂူကြီး ဒေါက်တာဝင်းခိုင် ဖြစ်နေပါပြီ။

Sunday, October 12, 2014

ဆယ်လပိုင်း ဆယ်ရက်နေ့မှာပြောသော အမေရိကန်သမ္မတ အိုဘားမား၏ 10 10 ( Ten Ten ) မိန့်ခွန်း

ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး )
.
.
အားလုံး မင်္ဂလာပါ..
အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ( ၆ ) ရာခိုင်နှုန်းအောက် ကို ( ၆ ) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ( ၄ ) နှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ အလုပ်အကိုင်သစ်ပေါင်း ( ၁ဝ ) သန်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ကဏ္ဍ သမိုင်းမှာ အနှောင့်အယှက်ကင်းကင်း နဲ့ အရှည်ကြာဆုံး ထိန်းထားနိုင်ခဲ့တာဖြစ်တယ်။
.
( ၁၉၉၀ ) နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်နိုင်ခဲ့တာနဲ့အညီ အခြေခံမိသားစုရဲ့ လုပ်အားခကို တိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြည်သူတွေဟာ အားအင်တွေ ညှစ်ထုတ်ပြိး ခိုင်းစားခံနေရတယ်လို့ စိတ်ခံစားမှုဖြစ်နေရတာ ကျွန်တော်သိတယ်။ ဒါကြောင့် အလုပ်သစ်တွေ အလျင်အမြန်ဖော်ထုတ်ကြဖို့ မူဝါဒသမားတွေကို ကျွန်တော် တိုက်တွန်းနေသလို နာရီစားလုပ်ခ တိုးပေးဖို့ ပြောနေတာပေါ့။