ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, June 27, 2015

ကျွန်တော်ပြောပြမယ့် Pop Danthology

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်က ပေါင်းစပ်ရေးသမားခင်ဗျ။ ပေါင်းစပ်ရေးဆိုလို့ အလုပ်မဖြစ်တဲ့နိုင်ငံရေးဆွေးနွေးမှုကြီးလို၊ မဟုတ်ကိုအဟုတ်လုပ်တဲ့ဟောလီဝုဒ်လို ဟိုပေါင်းဒီပေါင်းမလုပ်ပါဘူး။ ကျွန်တော်ပေါင်းလိုက်တာကို လူကြိုက်ရမယ်  .. နားဝင်ချိုရမယ် .. မျက်စိပသာဒကျ လှပရမယ်။ ပြီးသွားရင် နှလုံးသားထဲမှာ စွဲငြိသွားရမယ် .. ကောင်မလေးတွေရော ကောင်လေးတွေရော အားလုံးပေါ့..။ ပြီးတော့ တစ်နှစ်ကုန်လို့ နှစ်သစ်ကူးပြီဆိုတာနဲ့ ကျွန်တော့ရဲ့ပြန်ပေါင်းထုတ်ဆိုလို ကို စောင့်နေသူတွေ စောင့်ရကြိုးနှပ်စေရမယ်။ ဖြစ်ရမယ်လေ .. ဒါတွေက ကျွန်တော့နှလုံးသားထဲကလာတာပဲ။ Heart ထိတဲ့သီချင်းလေးတွေတော့ဖြစ်ရမှာပေါ့။
.
Pop Danthology တစ်ခုဖြစ်လာဖို့ ကျွန်တော် နာရီ ( ၁၈ဝ ) ကျော် အလုပ်လုပ်ရပါတယ်။ သီချင်းစစုဖို့ဆို ဇန္နဝါရီလမှာ လုပ်ရပြီ။ တစ်နှစ်ပတ်လုံး ကျွန်တော်ဘယ်ရောက်ရောက် သီချင်းတစ်ပုဒ်ကောင်းတာကြားပြီဆို စာအုပ်ထုတ်ပြီးမှတ်ရပြီ .. လိုက်နားထောင်ရပြီ။ ပန်းကန်ဆေးနေရင်း၊ ကားမောင်းနေရင်း၊ တစ်ခုခုလုပ်နေရင်း လက်ကိုင်ဖုန်းထုတ်ပြီး အသံသွင်းထားရပြီ။ တစ်ခါများကဆို ကျွန်တော့ချစ်သူကိုနမ်းနေတုန်း ဘေ့စ်ကောင်းကောင်းလေးသီချင်းလေးကြားတော့ “ အချစ်ရေ .. ဒီနားမှာခဏစောင့် ” ဆိုပြီး သီချင်းသံကို ဖုန်းနဲ့အသံသွားသွင်းလိုက်တာ ကောင်မလေးက မိုးရွာထဲမှာ ကျန်ခဲ့လို့ဗျာ .. ဒုက္ခရောက်တော့မလို့။ ဒါအဆင့်ကတော့ သီချင်းရှာတယ်ပေါ့ဗျာ။
.
.
ဒုတိယအဆင့်မှာတော့ သီချင်းစု - Gathering လုပ်တဲ့အလုပ်ကိုလုပ်ရတယ်။ စက်တင်ဘာလရောက်ပြီဆိုရင် ရှာထားတဲ့သီချင်းအားလုံးကို စာရင်းလုပ်ပြီး ဒေါင်းလော့ဒ်လုပ်ဖို့ရှာရတယ်။ အဲဒီမှာ ခြေဆင်းသီဆိုမှု ( တီးလုံးမပါဆိုသံချည်း ) – Acapella နဲ့ တူရိယာသံ - Instrumentals တွေဆိုပြီး ခွဲရှာရတယ်။ ဒီကိစ္စတွေပြီးမြောက်ဖို့ နာရီ ( ၃ဝ ) ထိုင်လုပ်ရတယ်။ ဒီအဆင့်ကို ကျွန်တော်မကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲသိလား .. ပြောပြီးပြီလေ .. ကျွန်တော်ကျွမ်းကျင်တာက ပေါင်းစပ်တာလို့ .. အခုဟာက သီချင်းသံ၊ အဆိုသံ၊ Chorus အပိုဒ်ဆိုသံတွေ အရည်အသွေးမကောင်းမချင်း ကျွန်တော့ရဲ့ ဝါသနာက ဆွဲယူခွင့်မပြုဘူးလေ။
.
အဲ .. ကျွန်တော်လိုချင်တဲ့ Quality ရပြီဆိုရင်တော့ အစိတ်အပိုင်းတွေကို ပြန်စုစည်း - Organizing လုပ်ဖို့အချိန်ကျပြီ။ Tempo ၊ PPM နဲ့ခွဲပြီး မတူညီတဲ့သီချင်းတွေကို စည်းသံဝါးချက်မပျက်ပေါင်းစပ်လို့ရမယ့်သီချင်းတွေကို စာရင်းလုပ်ပါတယ်။ Pop Danthology တစ်ခုဖြစ်လာဖို့ စည်း-ဝါး သာမက အသံနေအသံထားဟာမိုနီ - Harmony ပါ ကိုက်အောင် ရှာရပြန်တယ်။ တစ်ကယ်လို့ဗျာ .. သီချင်း ( ၂ ) ပုဒ်က ကီး - Key မတူပဲရောလိုက်ရင် တော်တော်နားကလောမယ့်ကိစ္စပဲလေ။

.
.
ဒါကြောင့် သီချင်းအားလုံးရဲ့ ကီးတွေကိုတော့ နားထောင်ပြီး ကိုယ်တိုင်ပဲ ခွဲခြားလိုက်တယ်။ ဂစ်တာတစ်လက်ကိုကိုင်၊ သီချင်းကိုဖွင့်၊ တဒေါင်ဒေါင်ခေါက်ရင်း မေဂျာကီး - Major Key နဲ့ မိုင်နာကီး - Minor Key ကို ခွဲလိုက်တယ်။ အရင်တုန်းက အသံဖိုင်ပေါင်း ( ၂ဝဝ ) ကျော်အတွက် တစ်ပုဒ်ချင်းဆီကို ဒီလိုပဲ ဂစ်တာလေးနဲ့ခွဲခဲ့ရတာပေါ့။ သိပ်ကြန့်ကြာတဲ့အခါ နောက်ပိုင်း Mixed In Key ဆော့ဝဲလ်လေးသုံးပြီးခွဲလို့အဆင်ပြေလာတယ်။ ကွန်ပြူတာမှာရှိတဲ့သီချင်းအားလုံးကို မောက်စ် နဲ့ဆွဲပြီး သူ့ပရိုဂရမ်ထဲထည့်လိုက်တာနဲ့ သီချင်းတွေရဲ့ ကီး နဲ့ အသံအနိမ့်အမြင့် - Tempo ကို ခွဲပေးတယ်လေ .. ဘယ်လောက်အဆင်ပြေသလဲ။
.
နောက်တစ်ဆင့်လုပ်ရတာကတော့ အစီအစဉ်ချမှု - Planning ဖြစ်ပါတယ်။ ဘယ်သီချင်းအပုဒ်တွေကို တွဲစပ်လိုက်ရမလဲဆိုတဲ့အလုပ်ကို အချိန် ( ၁ဝ ) နာရီပေးပြီးလုပ်တယ်။ ဖြစ်သလို တစ်ပုဒ်ပြီးတစ်ပုဒ်ဖွင့်သွားရင်တော့ အများသူငါလုပ်နေသလို ဖြစ်တော့ဖြစ်လာမှာပေါ့။ ဒါပေမယ့် သီချင်း နဲ့ ကြားဖြတ်အသံလေးတွေကို မတူအောင် အဝင်အထွက်လေးတွေ ပြင်ဆင်ပေးလိုက်တဲ့အခါမှာတော့ သီချင်းရဲ့အရသာဟာ ချိုမြသာယာနေပါတော့တယ်။
.
.
အထက်က အဆင့် ( ၂ ) ဆင့်အတွက် နာရီ ( ၄ဝ ) ကုန်ဆုံးပြီးသကာလ တွဲစပ်မှု - Arranging ကို ကိုင်တဲ့အခါ Logic Pro X ကို Apple ကွန်ပျူတာပေါ်မှာသုံးပါတယ်။ “ အရင်ပြီးတာအရင်လုပ် ” ဆိုတဲ့အတိုင်း သံစဉ်အားလုံးပါတဲ့ သီချင်းတွေကို ဖောင်ဒေးရှင်းချပြီး အရင်ခင်းလိုက်တယ်။ လွယ်လွယ်လေးလို့ထင်ရပေမယ့် ဒီအပိုင်းမှာ ( ၉၅ ) နာရီကြာပါတယ်။ အစပိုင်းကို အနှေး - Slow Tempo နဲ့စပြီး တစ်ဖြည်းဖြည်းမြှင့်ထားလိုက်ပြီး သံစဉ်ကိုတစိမ့်စိမ့်ခံစားစေတယ်။ ဒါမှလည်း ကျွန်တော့သီချင်းကို အစအဆုံးခံစားနားဆင်သူတွေကို ငြိမ့်ညောင်းတေးသွားလေးတွေပေးနိုင်မှာမဟုတ်လား..။
.
Pop Danthology 2014 ကိုလုပ်တဲ့အခါ နှေးတဲ့နေရာမှာ တစ်မိနစ်မှာ ( ၇၁ ) ဘိစ် - 71 Beats ရှိပြီး မြန်ရင်တော့ ( ၁၃၂ ) ဘိစ် - 132 Beats  အထိရှိပါတယ်။ သံစဉ်အနိမ့်အမြင့်ပြောင်းရတာ လုံးဝမခက်ပါဘူး။ တစ်ကယ်ခက်တာက တစ်နေရာကနေ နောက်တစ်နေရာကိုလိုင်းကူးသွားဖို့ ပြောင်းပုံပြောင်းနည်းက တော်တော်လက်ဝင်တယ်။ ဒီအခက်အခဲတစ်ခုကိုအဖြေရဖို့ နာရီ ( ၂ဝ ) လောက်အချိန်ကုန်သွားရတယ်။
.
.
အားလုံးပြီးတဲ့အခါ အသံထပ်ဖို့ - Vocal On Top လုပ်ပါတယ်။ အရင်ကတော့ သီချင်းစာသားတွေ ဆက်စပ်မိပြီး အဓိပ္ပာယ်လှလှလေးတွေထွက်အောင် စီပေးသေးတယ်။ ဒါပေမယ့် ဒါက ကျွန်တော့ရဲ့ပထမဦးစားပေး မဟုတ်ခဲ့ဘူး။ ဒါတွေအားလုံး လိပ်ပတ်လည်ဖို့ ( ၁၅၅ ) နာရီသုံးထားတယ်။ ဒီအထိဆို သီချင်းခင်းတာ နဲ့ အသံအလှဆင်တာအားလုံးပြီးပြီ။ တည်းဖြတ်ဖို့ပဲကျန်တော့တယ်။ တစ်ကယ်တော့ သီချင်းစုကြီးကိုတည်းဖြတ်တာ ကျွန်တော့အတွက်တော့ ထမင်းစား ရေသောက်လောက်ကို လွယ်ပါတယ်။ အခုလို ဗွီဒီယိုတည်းဖြတ်တာကို ( ၁၅ ) နာရီကြာတယ်။ ဒါကိုတော့ Final Cut Pro နဲ့လုပ်ထားတယ်။
.
MTV မြူးဇစ်ဗီဒီယိုကိုတော့ ကျွန်တော်လိုတဲ့အပိုင်းပဲ ဒေါင်းလော့ဒ်ဆွဲတယ်။ ကလစ်အလိုက်ဖြတ်တောက်ပြီး သီချင်းတေးသွားရဲ့အရှိန်အလိုက် ရာခိုင်နှုန်းအတိအကျသွတ်သွင်းတယ်။ ကျန်နေတဲ့ ပြကွက်အပိုင်းအစလေးတွေကို လိုတဲ့အကွက်လေးတွေမှာ လိုက်ဖြည့်တယ်လေ။ ဒီနေရာမျိုးမှာကျတော့ တစ်ခါမှ ခက်တယ်ဆိုတာ မရှိခဲ့ဘူး။ တစ်ချို့နေရာတွေမှာ ကျွန်တော့လက်တော့အဟောင်းလေး MacBook Pro က နှေးနေတော့ ကျွန်တော်လိုချင်တဲ့အမြန် - Speed ကို မလိုက်နိုင်တာကလွဲရင်ပေါ့။
.
.
2013 ဗားရှင်းကိုတော့ ကာရာတေးအကျော်အမော် ဗင်ဒင်း နဲ့ ခပ်ဆင်ဆင်သရုပ်ဆောင်ပြီး လူရှေ့ထွက်ပြခဲ့တယ်။ အခု 2014 မှာတော့ ရေခဲပုံး-ခေါင်းသွန်ချ - Ice Bucket Challenge ပြကွက်နဲ့ မိတ်ဆက်ထားတယ်။ တစ်ခုတော့မှာချင်တယ်ဗျာ .. ကျွန်တော်လုပ်ထားတဲ့သီချင်းကိုအားပေးပါ .. သေသေချာချာနားထောင်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတစ်နှစ်စာသီချင်းတစ်ပုဒ်ဖြစ်လာဖို့ လုံးဝမလွယ်ကူတာ ခင်များတို့အမြင်ပဲလေ။
.
အရင်ကျွန်တော်တို့ငယ်ငယ်က ဒစ္စကို - Disco ၊ နောက်ပိုင်း မရပ်မနား - Non Stop၊ လူလတ်ပိုင်းဖြစ်လာတော့ ရက်ပ် - Rap ၊ DJ ဆိုပြီးစုံလို့ပေါ့။ အခု ကျွန်တော် Daniel Kim ခေတ်ရောက်တော့မှ Pop Danthology နဲ့ ဘယ်လိုကွာသလဲ နားထောင်ကြည့်ပေါ့ .. ကြိုက်သွားမှာပါ..။
.
ကျွန်တော်က ကနေဒါနိုင်ငံမှာ နေတာဗျ။ ဗီဒီယို၊ ဓါတ်ပုံ၊ သင်တန်း၊ စိတ်ပညာဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ ခေါင်းဆောင်မှု အားလုံးလုပ်တယ်ဗျာ။ “ အစုံအလုပ်ရှင် ဒယ်နီယယ်ကင် ” ပေါ့ .. ခေါ်လို့မကောင်းဘူးလား။ ဒါနဲ့ Pop Danthology ဆိုတာ ကျွန်တော်ထွင်ထားတာနော် .. ပြောရဦးမယ်။ ကျွန်တော့နာမည်ထိပ်စည်း - Dan နဲ့ နည်းပညာ - Technology ကို ပေါင်းပြီးခေါ်တယ်လို့ပြောကြသလို ကခုန်ခြင်း - Dance နဲ့ Technology ပေါင်းထားတဲ့အတွဲလို့လည်းပြောကြတယ်။
.
တစ်ခြားပေါင်းစပ် - Mashup သီချင်းဆိုတာတွေကလည်းရှိသေးတယ်။ သီးခြားခွဲပြီးခံစားနားထောင်ကြပေါ့။ ကျွန်တောကတော့ ပေါ့ဂီတရူးသွပ်သူမို့လို့ နည်းပညာနဲ့ပေါင်းပြီး Pop Danthology လို့ပေးလိုက်တာပါပဲ။ ကဲ အခုတော့ Pop Danthology 2014 ကို နားထောင်လိုက်ကြဦးနော် .. အားလုံးပဲ 2015 ကုန်မှထပ်တွေ့ကြတာပေါ့ .. ဘိုင်းဘိုင်..။
.
ခင်မင်ခြင်းများစွာဖြင့်
.
06-27-2015
.
.
.
.
.
.
.
Pop Danthology 2014 YouTube : https://www.youtube.com/watch?v=OOHYCZLmbyc

No comments: