ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 17, 2021

စွမ်း ဘွဲ့ ၂ ခု ရတဲ့နေ့‌

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ဒီနေ့ကိုရောက်ဖို့ စောင့်ရတာ ၄၃၈၅ ရက် ရှိပြီ။ တနည်းအားဖြင့် ၁၂ နှစ်နဲ့ ၂ ရက်တိတိ ကျွန်တော်တို့ စိတ်ရှည်လက်ရှည် စောင့်ခဲ့ကြတယ်။ ဒီနိုင်ငံရောက်လာတဲ့ ရည်ရွယ်ချက်ကိုက သားသမီးတွေ ကမ္ဘာ့အဆင့်မီပညာတွေ သင်နိုင်ဖို့။ အခု ကျွန်တော့သားလေး ဘွဲ့ရပြီ။ သူ ပညာတတ်တစ်ယောက် ဖြစ်လေပြီ။

ကျွန်တော့ဘဝကို ၁ ခု လို့တွက်မယ်ဆိုရင် ချစ်သူဇနီးသည်က ၁ အပေါ်က နှစ်ထပ်ကိန်းပေါ့။ သမီးက ဘွဲ့ရပြီးသွားတော့ ရင်သွေး ၂ ဦးမှာ သူတို့ရဲ့ပညာရေးက ကိန်းပြည့် ၁ဝဝ ရဲ့ ၅ဝ% ကိစ္စပြီးမြောက် အောင်မြင်ပြီးသား။ အခု သားလေး ဘွဲ့ထပ်ရတော့ သူ့ရဲ့ဘဝ အချိုးအကွေ့ ပညာရေးအထွဋ်အထိပ်အတွက် တစိမ်းမြေမှာ ကျွန်တော်တို့မိသားစု မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို စမြင်နေရပါပြီ။

ဒီအဆင့်အထိရောက်ဖို့ရာ ကျွန်တော်တို့ဟာ ချမ်းသာသူတွေ လုပ်သလို ငွေလမ်းခင်းသွားခဲ့ကြတာ မဟုတ်ဘူး။ ဒီလှေခါးထစ်ကို ကျော်ဖြတ်သွားနိုင်ဖို့ရာ ကျွန်တော်တို့ဟာ အခွင့်အလမ်း လက်ရမ်းကို ဖြတ်သန်းသွားခဲ့ကြတာ မဟုတ်ပေဘူး။

လိုချင်တာတွေကို မျိုသိပ်ပြီး သားဟာ စာနဲ့ပတ်သက်လာရင် အမြဲ ပြီး‌မြောက်အောင်မြင်အောင်လုပ်တယ်။ လူမှု ဆက်ဆံရေးကောင်းဖို့၊ လူကိုလူလို သိဖို့နဲ့ လူတိုင်းကို တန်ဖိုးတစ်ခုထား ဆက်ဆံတတ်ဖို့ကို သားဟာ ခြေစုံနှစ် ကြိုးစားခဲ့တယ်။

မိဘရဲ့ ၂ဝ၁၉-အိမ်အသစ်နဲ့ဝေးရာမှာ သားဟာ ကိုယ်စွမ်းကိုယ်စရှာပြီး အဆောင်မှာ စာသင်၊ ‌အဆောင်မှာ နား၊ ကိုယ်တိုင် လျှော်ဖွပ်၊ ကိုယ်တိုင် ချက်စားခြင်းအပြင် သူ့သူငယ်ချင်းတွေနဲ့ ပညာသင်ရင်း ကိုယ်ထူကိုယ်ထစံနစ်ကို သက်သေပြတယ်။



သူဟာ ရောဂါပိုးနှိပ်စက်တဲ့ ၂ဝ၂ဝ ကို ကျောင်းမှာ စာပြန်သင်ပေးတဲ့ ကျူတာအဖြစ် ဖြတ်သန်းတယ်။ အာဏာရှင်နှိပ်စက်တဲ့ အမိမြေရဲ့ နှစ် ၂ဝ၂၁ အစပိုင်း ဒုက္ခသုက္ခတွေကို သားက ပညာတော်အောင်လုပ်ရင်း ဖြတ်သန်းတယ်။

အိမ်စာအခက်ကြီးတွေပေးတဲ့ ပရော်ဖက်ဆာတွေရဲ့ နောက်ဆုံးအမှတ်ပေးစာရင်းမှာ A+ အပြည့် နဲ့ ရွှေနေ့တွေဟာ သားအတွက် ဖြစ်ခဲ့တယ်။ ဒါတွေအားလုံးဟာ ကြိုးစားမှုရလဒ်တို့ အရောင်ပွင့် တောက်ပခဲ့တဲ့နေ့တွေလို့ မပြောရင် ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာလဲ။

ဒီတော့ သားလေးရယ် ချီးကျူးတယ်။ "တစ်ခုရဖို့ တစ်ခုပေးရမယ်" ဆိုတဲ့စကားအတိုင်း စွန့်လွှတ်ခဲ့ရမှုတွေအတွက် သားဘဝမှာ ကြီးကြီးမားမား အမှတ်တရတွေ ပြန်ပိုင်ဆိုင်ရမယ်။ ကြိုးစားရဲရင့်ခြင်းရဲ့ တံတိုင်းတစ်ဖက်မှာ အသိအမှတ်ပြုခြင်းလက်ခုပ်သံတွေက သားကို စောင့်ကြိုနေတယ်။

ဆက်လုပ်ပါ သားလေး။ တစ်နေ့တော့ အောင်မြင်သူတွေကြားထဲမှာ အတော်ဆုံးဖြစ်ရမယ်။ အ‌တော်ဆုံးသူတွေကြားထဲမှာ ‌ အအောင်မြင်ဆုံး တစ်ယောက် ဖြစ်ရမယ်။ ရွှေနိမိတ် နဲ့ သပိတ်ဝင်အိတ်ဝင် လာဘ်လာဘရွှင်စေဖို့ အဟိတ်တခွင်မှာ စိတ်ကြည်လင်စွာ နေထိုင်ပါ။ သားလေးတက်ချင်တဲ့ အဆင့်မြင့်ပညာရေးပန်းတိုင် နောက်တစ်ဆင့်ကို မမှိတ်မသုန် ဆက်လှမ်းလျှောက်ပါ။

နေရာသစ်မှာ အခြေချခြင်းဆိုတဲ့ မိသားစုရဲ့ ကနဦးရည်မှန်းချက်အတိုင်း သားလေးကိုမွေးဖွားခဲ့ရာ အမိမြေ မြန်မာ‌ပြည်ကို ပြန်အကျိုးပြုရင်း မတရားမှု မှန်သမျှကို ဆန့်ကျင်ရမယ်။ အတင်းအဓမ္မနဲ့ မျှတခြင်း ဓမ္မတို့ဟာ နောက်ဆုံးမှာ ဘယ်သူနိုင်သလဲဆိုတာ သားသိပြီးသား။ အာဏာရှင်အမိန့်ကို ငြင်းပယ်ခြင်းအလှဟာ ဘယ်တော့မှ အကျည်းမတန်ဘူး။ မတရားမှုကို ငြင်းပယ်ခြင်းဘဝဟာ ဘယ်တော့မှ နောင်တရစရာ မရှိဘူး။

တကယ်တော့ သားပခုံးပေါ် တင်ပေးထားတာ မိသားစုရဲ့ ဆန္ဒချည်းသက်သက် မဟုတ်ပါ။ လူသားတို့ရဲ့ လွတ်လပ်ခြင်း၊ လူ့အခွင့်အရေးတို့ရဲ့ တန်ဖိုးသတ်မှတ်ခြင်း၊ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ အသီးအပွင့်စားသုံးခြင်းတွေကို သားလေးက ပုံဖော်ပေးသွားတာ ဖြစ်တယ်။

အခုလို မိသားစုရဲ့ ၁ဝဝ ရာခိုင်နှုန်းသော ဆန္ဒတွေကို ဖြည့်စွမ်းပေးပြီးပြီဖြစ်လို့ သားလေး တာဝန်ကျေပါတယ်။ ဒီကစ သားလေးဘဝ လှလှပပ ရာခိုင်နှုန်း ၂ဝဝ အထိ အောင်မြင်ပါစေ။ သားယူတဲ့ဘွဲ့က Double Major-ဘွဲ့ ၂ ခု ဆိုတော့ မိဘ ၂ ပါးက ရာခိုင်နှုန်း ၄ဝဝ အထိ ပျော်ပြီလေ။ အော် . . ကျွန်တော့သားလေး ဘွဲ့ရပြီ။ မိန်းမရေ ငါ့တို့သားလေး ဘွဲ့ရပြီကွ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-11-2021 

No comments: