ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, December 21, 2015

ဘြဲ႕လက္မွတ္ပါမွအလုပ္ခန္႕မွာလား?

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
ကမၻာေျမေပၚဘယ္ေနရာပဲေနေန အလုပ္တစ္ခုခုေတာ႕လုပ္ေနရမွာက လူသားတုိ႕ဘဝရပ္တည္ႏိုင္ေရး တာဝန္တစ္ခုျဖစ္လာေနပါတယ္။ ဒီေနရာမွာ ရုန္းကန္လႈပ္ရွားရတဲ႕ေနရာေဒသ နဲ႕ ပိုမုိက်ယ္ျပန္႕စြာေျပာရရင္ ေျပာင္းေရႊ႕လုပ္ကိုင္ရတဲ႕ႏိုင္ငံရဲ႕ အလုပ္ခန္႕မႈလုပ္ငန္းစဥ္မွာ ဘြဲ႕လက္မွတ္ပါမွဆိုတဲ႕ အစြဲအလမ္းအေၾကာင္းကို ေျပာျပခ်င္တယ္။ ဟုတ္ပါတယ္ .. အလုပ္ခန္႕မယ္႕ကုမၸဏီ ဒါမွမဟုတ္ အလုပ္ခန္႕ေအးဂ်င္႕က စာရြက္စာတမ္းျပႏိုင္ရင္ ေငြေပးငွားရမ္းရမယ္႕လုပ္သားရဲ႕ လုပ္အားအမွန္ကို ခန္႕မွန္းႏိုင္တာေၾကာင္႕ လိုအပ္ခ်က္တစ္ခုအျဖစ္ထည္႕သြင္းစဥ္းစားတာ သဘာဝက်ပါတယ္။ ဒါေပမယ္႕ ဒါဟာ အျမဲလိုအပ္သလားဆုိတာ ေစ႕ေစ႕ေပါက္ေပါက္စဥ္းစားၾကည္႕ရေအာင္..။
.
အလုပ္ေလွ်ာက္လႊာကို အေမရိကန္မွာ “ ရစမီ - Resume ” လို႕ေခၚပါတယ္။ ျမန္မာႏုိင္ငံနဲ႕တစ္ျခားႏုိင္ငံေတြမွာသံုးတဲ႕ CV Form နဲ႕ အတူတူပါပဲ။ Resume မွာ ေရွ႕ဖံုးစာမ်က္ႏွာ Cover Page ဆိုတာရွိပါေသးတယ္။ ဒါက ေနရာတိုင္း၊ အလုပ္ေလွ်ာက္ထားသူတုိင္း ထည္႕ေရးၾကတာေတာ႕မဟုတ္ပါဘူး။ ဆုိလုိတာက ရွိလည္းရတယ္ မရွိလည္းရပါတယ္။ ကိုယ္႕အရည္အခ်င္းကို ျပဴးတူးျပဲတဲ ေရးျပစရာရွိရင္ေတာ႕ ဒီ Cover Page က အလုပ္ခန္႕လက္မွတ္ Employment Ticket တစ္ခု ျဖစ္လာႏုိင္ပါတယ္ .. လူအထင္ၾကီးပါတယ္။
.
.
လုပ္ငန္းကြ်မ္းက်င္မႈွထူးထူးျခားျခားေရးစရာမရွိသူအတြက္ Cover Page က ေက်ာ္ျဖတ္ရမယ္႕ အပိုအခက္အခဲတစ္ခုပါ။ ဒါ႕အျပင္ ႏုိင္ငံရပ္ျခားကို ျမန္မာႏုိင္ငံက တတ္ထားတဲ႕ပညာတစ္ခုခုနဲ႕အလုပ္ေလွ်ာက္ခ်င္ေပမယ္႕ Resume တစ္ခုကို ကိုယ္တိုင္ျဖစ္ျဖစ္ေျမာက္ေျမာက္ေရးဖို႕ဆိုတာ သိပ္လြယ္လွတဲ႕ကိစၥမဟုတ္တာကိုေတာ႕ ၾကံဳဖူးသူမ်ား အသိဆံုးပါ။ အဲဒီထဲမွာ ကိုယ္တတ္ကြ်မ္းတဲ႕ လုပ္ရည္ကိုင္ရည္ကိုထည္႕ေရးရဦးမယ္၊ ရထားတဲ႕ဘြဲ႕ကိုျဖည္႕သြင္းရဦးမယ္၊ တက္ထားတဲ႕ေက်ာင္းသားအေတြ႕အၾကံဳေတြကိုမွတ္မိထားရသလို ေရာက္ေနတဲ႕ႏုိင္ငံကကိုယ္ေတြ႕လုပ္ဖူးတဲ႕အလုပ္အေတြ႕အၾကံဳကို ထည္႕ေရးတတ္ရပါမယ္။

.
ဒါဆို လုပ္သက္အေတြ႕အၾကံဳမရွိသူတစ္ေယာက္ရဲ႕ ပထမဦးဆံုး Resume မွာ ေရးစရာဟုတ္တိပတိမရွိတာ သဘာဝက်ပါတယ္။ တစ္ဖန္ ရွိထားတဲ႕အလုပ္အေတြ႕အၾကံဳက ဘုရင္႕ေနာင္မွာပြဲရံုဖြင္႕တာမ်ိဳး၊ နယ္မွာ ကုန္ေရာင္းကုန္ဝယ္လုပ္တာမ်ိဳး စတဲ႕ အေနာက္ႏိုင္ငံမွာမရွိတဲ႕ ( မၾကားဖူးတဲ႕၊ ဘာသာျပန္ရေလာက္ေအာင္ အသိအမွတ္ျပဳစရာမရွိတဲ႕ ) အလုပ္မ်ိဳးဆို ျမိဳ႕လယ္ေခါင္မွာလမ္းေပ်ာက္ေနပါျပီ။
.
ဒါကိုေက်ာ္ျဖတ္ဖို႕ မလုပ္ဖူးတဲ႕အလုပ္အေတြ႕အၾကံဳ - Work Experience ကို လုပ္ၾကံဖန္တီးျပီး ေရးလိုက္လို႕ရမလား? သြားမလုပ္ပါနဲ႕ .. သူ႕ေနရာနဲ႕သူ႕ဥပေဒနဲ႕ရွိပါတယ္ .. မျငိပါေစနဲ႕ .. အမွန္အတိုင္းပဲေကာင္းပါတယ္။ မလုပ္ဖူးတဲ႕အလုပ္ကိုထည္႕ေရးလိုက္တဲ႕အခါ လူေတြ႕အင္တာဗ်ဴးမွာမေျဖႏိုင္တဲ႕သင္ခန္းစာက ခါးသီးလြန္းလွတယ္။ ဒီလိုမ်ိဳးျဖစ္ေနသူဆိုရင္လည္း အလုပ္သစ္ဝင္ - Entry Level အေနအထားနဲ႕ လက္ခံတဲ႕အလုပ္ေတြ အမ်ားၾကီးရွိပါတယ္။ စိတ္ဓါတ္က်စရာမရွိပါ။
.
.
ခက္တာက ျမန္မာႏုိင္ငံတြင္းမွာပဲျဖစ္ျဖစ္၊ ျပည္ပထြက္လို႕ပဲျဖစ္ျဖစ္ ပညာသင္ေက်ာင္းတက္ေနတဲ႕ျမန္မာလူငယ္ေတြဟာ ေစ်းၾကီးၾကီးေက်ာင္းကေပးတဲ႕ ဘြဲ႕လက္မွတ္ကို သဲၾကီးမဲၾကီးလိုခ်င္ေနၾကတာပါပဲ။ ေနာက္တစ္မ်ိဳးေျပာရရင္ ကိုယ္တက္မယ္႕ေမဂ်ာက ေက်ာင္းျပီးေတာ႕အလုပ္ဝင္တဲ႕အခါ ေငြဘယ္ေလာက္ျပန္ဝင္မလဲဆုိျပီး ေစ်းတြက္ကိုက္ေအာင္ တက္ခ်င္ၾကတယ္။
.
သူတုိ႕ကိုယ္ပုိင္ေငြ၊ မိဘေတြရဲ႕စုေငြေဆာင္းေငြေတြကိုတည္မွီျပီး အနာဂါတ္ဘဝအတြက္ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုလုပ္ရတယ္ဆိုတာ နားလည္ပါတယ္။ ဒါေပမယ္႕ သင္ယူထားတဲ႕ပညာ နဲ႕ ပညာရပ္နယ္ပယ္မွာ ဆရာတစ္ဆူကဲ႕သို႕ ကြ်မ္းက်င္ေအာင္မၾကိဳးစားပဲ ဒီေန႕ဘြဲ႕ရ၊ ေနာက္ေန႕အလုပ္ခန္႕၊ ေနာက္တစ္လေငြအေၾက ဆိုတဲ႕ ေလာင္းေၾကးထပ္မႈေတြဟာ ဘယ္သူသင္ေပးလိုက္တဲ႕ ပညာသင္စံနစ္လဲဆိုတာ ဆန္းစစ္ၾကရလိမ္႕မယ္။
.
အခုေနာက္ပိုင္း အေနာက္ႏုိင္ငံေတြမွာအလုပ္ခန္႕တဲ႕ပံုစံကုိ ေလ႕လာၾကည္႕တဲ႕အခါ အလုပ္လိုအပ္ခ်က္ - Requirement ေတြကို အလုပ္ေခၚစာ - Job Description မွာ ထည္႕ေရးထားပါတယ္။ ဘယ္ေမဂ်ာ၊ ဘာဘြဲ႕ရထားရမယ္၊ ဘယ္နယ္ပယ္ရဲ႕အလုပ္အေတြ႕အၾကံဳ ဘယ္ႏွစ္ႏွစ္ရွိရမယ္ ဆိုတာမ်ိဳးေပါ႕။ ဒါကိုေလွ်ာက္မယ္႕ လူတစ္ေယာက္ဟာ အနည္းဆံုးရွိရမယ္႕လုိအပ္ခ်က္ျပည္႕မွီရင္ေလွ်ာက္ မမွီရင္မေလွ်ာက္ရံုပါပဲ။ ဒါေပမယ္႕ သတ္မွတ္ထားတဲ႕ဘြဲ႕ပါလို႕ မျဖစ္မေန - Mandatory ဘြဲ႕လက္မွတ္ - Certificate ေတာင္းယူၾကည္႕တဲ႕ေခတ္ကေတာ႕ ကုန္သြားပါျပီ။
.
.
ဒီေတာ႕ သူတို႕ေတာင္းထားတဲ႕ဘြဲဲ႕ ရထားမရထားကုိ ဘယ္လိုစစ္ၾကပါသလဲ? ..  ဒါကလြယ္ပါတယ္။ လာေလွ်ာက္ျပီဆိုကတည္းက အင္တာဗ်ဴးလက္ခံစစ္ေဆးသူမ်ား - Interviewer ေတြက ဒီလူဘြဲ႕ရထားတယ္လို႕ တြက္ဆထားၾကတယ္ေလ။ ဒါေၾကာင္႕ သက္ဆိုင္တဲ႕ အဲဒီအထူးျပဳဘြဲ႕နဲ႕ဆိုင္တဲ႕ေမးခြန္းေတြ၊ သူလုပ္ခဲ႕တဲ႕အလုပ္အေတြ႕အၾကံဳေတြကို စစ္ေမးပါတယ္။
.
ကဲ .. လူလိမ္တစ္ေယာက္က စာအလြတ္က်က္ထားလို႕ ဒီအထိေျဖႏုိင္တယ္ပဲထားပါဦး .. စစ္ေဆးသူေတြက “ မင္း အလုပ္မွာ ( ဘြဲ႕ေမဂ်ာနယ္ပယ္နဲ႕ပတ္သက္ျပီး ) ဒီလုိ .. ဒီလို ..  ျပသနာျဖစ္ျပီကြာ .. မင္း ဘယ္လိုရွင္းမလဲ? ” ဆိုတဲ႕အခါ အဆိုပါပုဂၢိဳလ္ရထားတဲ႕ “ စာရြက္ေပၚကဘြဲ႕ ” က အေရးၾကီးသလား … တစ္ကယ္သိ တစ္ကယ္တတ္တဲ႕ “ လုပ္ငန္းကြ်မ္းက်င္မႈ - Subject Matter Expert ” က အဆံုးျဖတ္ေပးသလားဆုိတာ အလုပ္မရပဲ အျငင္းခံရသူေတြ အသိဆံုးပါ။
.
ဒါေၾကာင္႕ ေက်ာင္းတက္လို႕ပဲသိသိ၊ အြန္လိုင္းကေလ႕လာလုိ႕ပဲတတ္တတ္၊ မိရုိးဖလာမိဘလက္ငုတ္ရင္းအလုပ္ျဖစ္လို႕ ၾကံဳသလို ျဖစ္သလိုပဲစခန္းသြားသြား ကိုင္တြယ္ရမယ္႕အလုပ္ဟာ ကုိယ္တုိင္ ပိုင္ပိုင္ႏုိင္ႏုိင္ျဖစ္ရဲ႕လားဆိုတာ ေသခ်ာစဥ္းစားပါ၊ ေလ႕လာပါ၊ မကြ်မ္းက်င္ေသးရင္ တစိုက္မတ္မတ္ေလ႕က်င္႕ပါ၊ ျပီးမွ အင္တာဗ်ဴးသြားေျဖပါ၊ ဒါဆိုရင္ အလုပ္ရႏုိင္မႈရာခုိင္ႏႈန္းမ်ားပါလိမ္႕မယ္။ ႏိုင္ငံရပ္ျခားမွာဆိုရင္ ေမးတတ္တဲ႕လက္ေတြ႕ေမးခြန္းေတြ၊ လုပ္ငန္းခြင္လံုျခံဳေရးေမးခြန္းေတြ၊ ေလွ်ာက္ထားတဲ႕လုပ္ငန္း၊ ကုမၸဏီရဲ႕သမုိင္းေၾကာင္းနဲ႕ လက္ေတြ႕နယ္ပယ္ထဲက သူ႕ေရာင္းကုန္ေတြကို ေစ်းကြက္ဆင္းပါ။ ဒီလိုျပင္ဆင္ထားျပီးမွ လူေတြ႕သြားေျဖရင္ ေအာင္ျမင္ဖို႕ေသခ်ာပါတယ္။
.
.
ကုိယ္႕ဘက္ကျပည္႕စံုကြ်မ္းက်င္ေနမွေတာ႕ ဘြဲ႕လက္မွတ္ရွိျပီး မလုပ္တတ္သူ နဲ႕ ဘြဲ႕လက္မွတ္မပါတဲ႕လုပ္ငန္းကြ်မ္းက်င္သူတုိ႕ႏွစ္ေယာက္ထဲက ဘယ္သူ႕ကိုအလုပ္ခန္႕မလဲဆုိတာ အလုပ္ရွင္ေတြအတြက္ သိပ္ခက္ခဲတဲ႕ဆံုးျဖတ္စရာကိစၥတစ္ခုမဟုတ္ေတာ႕ပါဘူး။
.
ဒါေၾကာင္႕ မိမိသားသမီးကို ႏုိင္ငံျခားပို႕ျပီး ေခတ္မီပညာေတြသင္ခုိင္းတဲ႕မိဘေတြစိတ္ၾကိဳက္ စာရြက္ေပၚကဘြဲ႕လက္မွတ္ယူျပီးျပန္လာမွာလား? ..
သူတုိ႕ဝါသနာပါတဲ႕ေမဂ်ာ နဲ႕ ဘာသာရပ္အလိုက္သင္ၾကားေစျပီး လုပ္ငန္းကြ်မ္းက်င္ေအာင္သင္ၾကားေစမွာလား? ..
ဆိုတာ ေသခ်ာစဥ္းစားေစခ်င္တယ္။
.
အဲဒီလိုျပင္ဆင္ထားပါမွ ေနာက္ေနာင္မွာ “ ဘြဲ႕လက္မွတ္ပါမွအလုပ္ခန္႕မယ္ဆိုတဲ႕ကုမၸဏီ ”  ေတြကို ေခါင္းေခါက္ျပီးေရြးႏုိင္မွာျဖစ္ပါတယ္။
.
ခင္လ်က္
.
12-21-2015
.
.
.
Myanmar Unicode Version:
.
.
“ ဘွဲ့လက်မှတ်ပါမှအလုပ်ခန့်မှာလား? ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကမ္ဘာမြေပေါ်ဘယ်နေရာပဲနေနေ အလုပ်တစ်ခုခုတော့လုပ်နေရမှာက လူသားတို့ဘဝရပ်တည်နိုင်ရေး တာဝန်တစ်ခုဖြစ်လာနေပါတယ်။ ဒီနေရာမှာ ရုန်းကန်လှုပ်ရှားရတဲ့နေရာဒေသ နဲ့ ပိုမိုကျယ်ပြန့်စွာပြောရရင် ပြောင်းရွှေ့လုပ်ကိုင်ရတဲ့နိုင်ငံရဲ့ အလုပ်ခန့်မှုလုပ်ငန်းစဉ်မှာ ဘွဲ့လက်မှတ်ပါမှဆိုတဲ့ အစွဲအလမ်းအကြောင်းကို ပြောပြချင်တယ်။ ဟုတ်ပါတယ် .. အလုပ်ခန့်မယ့်ကုမ္ပဏီ ဒါမှမဟုတ် အလုပ်ခန့်အေးဂျင့်က စာရွက်စာတမ်းပြနိုင်ရင် ငွေပေးငှားရမ်းရမယ့်လုပ်သားရဲ့ လုပ်အားအမှန်ကို ခန့်မှန်းနိုင်တာကြောင့် လိုအပ်ချက်တစ်ခုအဖြစ်ထည့်သွင်းစဉ်းစားတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒါဟာ အမြဲလိုအပ်သလားဆိုတာ စေ့စေ့ပေါက်ပေါက်စဉ်းစားကြည့်ရအောင်..။
.
အလုပ်လျှောက်လွှာကို အမေရိကန်မှာ “ ရစမီ - Resume ” လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံနဲ့တစ်ခြားနိုင်ငံတွေမှာသုံးတဲ့ CV Form နဲ့ အတူတူပါပဲ။ Resume မှာ ရှေ့ဖုံးစာမျက်နှာ Cover Page ဆိုတာရှိပါသေးတယ်။ ဒါက နေရာတိုင်း၊ အလုပ်လျှောက်ထားသူတိုင်း ထည့်ရေးကြတာတော့မဟုတ်ပါဘူး။ ဆိုလိုတာက ရှိလည်းရတယ် မရှိလည်းရပါတယ်။ ကိုယ့်အရည်အချင်းကို ပြူးတူးပြဲတဲ ရေးပြစရာရှိရင်တော့ ဒီ Cover Page က အလုပ်ခန့်လက်မှတ် Employment Ticket တစ်ခု ဖြစ်လာနိုင်ပါတယ် .. လူအထင်ကြီးပါတယ်။
.
.
လုပ်ငန်းကျွမ်းကျင်မှထူးထူးခြားခြားရေးစရာမရှိသူအတွက် Cover Page က ကျော်ဖြတ်ရမယ့် အပိုအခက်အခဲတစ်ခုပါ။ ဒါ့အပြင် နိုင်ငံရပ်ခြားကို မြန်မာနိုင်ငံက တတ်ထားတဲ့ပညာတစ်ခုခုနဲ့အလုပ်လျှောက်ချင်ပေမယ့် Resume တစ်ခုကို ကိုယ်တိုင်ဖြစ်ဖြစ်မြောက်မြောက်ရေးဖို့ဆိုတာ သိပ်လွယ်လှတဲ့ကိစ္စမဟုတ်တာကိုတော့ ကြုံဖူးသူများ အသိဆုံးပါ။ အဲဒီထဲမှာ ကိုယ်တတ်ကျွမ်းတဲ့ လုပ်ရည်ကိုင်ရည်ကိုထည့်ရေးရဦးမယ်၊ ရထားတဲ့ဘွဲ့ကိုဖြည့်သွင်းရဦးမယ်၊ တက်ထားတဲ့ကျောင်းသားအတွေ့အကြုံတွေကိုမှတ်မိထားရသလို ရောက်နေတဲ့နိုင်ငံကကိုယ်တွေ့လုပ်ဖူးတဲ့အလုပ်အတွေ့အကြုံကို ထည့်ရေးတတ်ရပါမယ်။
.
ဒါဆို လုပ်သက်အတွေ့အကြုံမရှိသူတစ်ယောက်ရဲ့ ပထမဦးဆုံး Resume မှာ ရေးစရာဟုတ်တိပတိမရှိတာ သဘာဝကျပါတယ်။ တစ်ဖန် ရှိထားတဲ့အလုပ်အတွေ့အကြုံက ဘုရင့်နောင်မှာပွဲရုံဖွင့်တာမျိုး၊ နယ်မှာ ကုန်ရောင်းကုန်ဝယ်လုပ်တာမျိုး စတဲ့ အနောက်နိုင်ငံမှာမရှိတဲ့ ( မကြားဖူးတဲ့၊ ဘာသာပြန်ရလောက်အောင် အသိအမှတ်ပြုစရာမရှိတဲ့ ) အလုပ်မျိုးဆို မြို့လယ်ခေါင်မှာလမ်းပျောက်နေပါပြီ။
.
ဒါကိုကျော်ဖြတ်ဖို့ မလုပ်ဖူးတဲ့အလုပ်အတွေ့အကြုံ - Work Experience ကို လုပ်ကြံဖန်တီးပြီး ရေးလိုက်လို့ရမလား? သွားမလုပ်ပါနဲ့ .. သူ့နေရာနဲ့သူ့ဥပဒေနဲ့ရှိပါတယ် .. မငြိပါစေနဲ့ .. အမှန်အတိုင်းပဲကောင်းပါတယ်။ မလုပ်ဖူးတဲ့အလုပ်ကိုထည့်ရေးလိုက်တဲ့အခါ လူတွေ့အင်တာဗျူးမှာမဖြေနိုင်တဲ့သင်ခန်းစာက ခါးသီးလွန်းလှတယ်။ ဒီလိုမျိုးဖြစ်နေသူဆိုရင်လည်း အလုပ်သစ်ဝင် - Entry Level အနေအထားနဲ့ လက်ခံတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ စိတ်ဓါတ်ကျစရာမရှိပါ။
.
.
ခက်တာက မြန်မာနိုင်ငံတွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပထွက်လို့ပဲဖြစ်ဖြစ် ပညာသင်ကျောင်းတက်နေတဲ့မြန်မာလူငယ်တွေဟာ ဈေးကြီးကြီးကျောင်းကပေးတဲ့ ဘွဲ့လက်မှတ်ကို သဲကြီးမဲကြီးလိုချင်နေကြတာပါပဲ။ နောက်တစ်မျိုးပြောရရင် ကိုယ်တက်မယ့်မေဂျာက ကျောင်းပြီးတော့အလုပ်ဝင်တဲ့အခါ ငွေဘယ်လောက်ပြန်ဝင်မလဲဆိုပြီး ဈေးတွက်ကိုက်အောင် တက်ချင်ကြတယ်။
.
သူတို့ကိုယ်ပိုင်ငွေ၊ မိဘတွေရဲ့စုငွေဆောင်းငွေတွေကိုတည်မှီပြီး အနာဂါတ်ဘဝအတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် သင်ယူထားတဲ့ပညာ နဲ့ ပညာရပ်နယ်ပယ်မှာ ဆရာတစ်ဆူကဲ့သို့ ကျွမ်းကျင်အောင်မကြိုးစားပဲ ဒီနေ့ဘွဲ့ရ၊ နောက်နေ့အလုပ်ခန့်၊ နောက်တစ်လငွေအကြေ ဆိုတဲ့ လောင်းကြေးထပ်မှုတွေဟာ ဘယ်သူသင်ပေးလိုက်တဲ့ ပညာသင်စံနစ်လဲဆိုတာ ဆန်းစစ်ကြရလိမ့်မယ်။
.
အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာအလုပ်ခန့်တဲ့ပုံစံကို လေ့လာကြည့်တဲ့အခါ အလုပ်လိုအပ်ချက် - Requirement တွေကို အလုပ်ခေါ်စာ - Job Description မှာ ထည့်ရေးထားပါတယ်။ ဘယ်မေဂျာ၊ ဘာဘွဲ့ရထားရမယ်၊ ဘယ်နယ်ပယ်ရဲ့အလုပ်အတွေ့အကြုံ ဘယ်နှစ်နှစ်ရှိရမယ် ဆိုတာမျိုးပေါ့။ ဒါကိုလျှောက်မယ့် လူတစ်ယောက်ဟာ အနည်းဆုံးရှိရမယ့်လိုအပ်ချက်ပြည့်မှီရင်လျှောက် မမှီရင်မလျှောက်ရုံပါပဲ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ဘွဲ့ပါလို့ မဖြစ်မနေ - Mandatory ဘွဲ့လက်မှတ် - Certificate တောင်းယူကြည့်တဲ့ခေတ်ကတော့ ကုန်သွားပါပြီ။
.
.
ဒီတော့ သူတို့တောင်းထားတဲ့ဘွဲဲ႕ ရထားမရထားကို ဘယ်လိုစစ်ကြပါသလဲ? ..  ဒါကလွယ်ပါတယ်။ လာလျှောက်ပြီဆိုကတည်းက အင်တာဗျူးလက်ခံစစ်ဆေးသူများ - Interviewer တွေက ဒီလူဘွဲ့ရထားတယ်လို့ တွက်ဆထားကြတယ်လေ။ ဒါကြောင့် သက်ဆိုင်တဲ့ အဲဒီအထူးပြုဘွဲ့နဲ့ဆိုင်တဲ့မေးခွန်းတွေ၊ သူလုပ်ခဲ့တဲ့အလုပ်အတွေ့အကြုံတွေကို စစ်မေးပါတယ်။
.
ကဲ .. လူလိမ်တစ်ယောက်က စာအလွတ်ကျက်ထားလို့ ဒီအထိဖြေနိုင်တယ်ပဲထားပါဦး .. စစ်ဆေးသူတွေက “ မင်း အလုပ်မှာ ( ဘွဲ့မေဂျာနယ်ပယ်နဲ့ပတ်သက်ပြီး ) ဒီလို .. ဒီလို ..  ပြသနာဖြစ်ပြီကွာ .. မင်း ဘယ်လိုရှင်းမလဲ? ” ဆိုတဲ့အခါ အဆိုပါပုဂ္ဂိုလ်ရထားတဲ့ “ စာရွက်ပေါ်ကဘွဲ့ ” က အရေးကြီးသလား … တစ်ကယ်သိ တစ်ကယ်တတ်တဲ့ “ လုပ်ငန်းကျွမ်းကျင်မှု - Subject Matter Expert ” က အဆုံးဖြတ်ပေးသလားဆိုတာ အလုပ်မရပဲ အငြင်းခံရသူတွေ အသိဆုံးပါ။
.
ဒါကြောင့် ကျောင်းတက်လို့ပဲသိသိ၊ အွန်လိုင်းကလေ့လာလို့ပဲတတ်တတ်၊ မိရိုးဖလာမိဘလက်ငုတ်ရင်းအလုပ်ဖြစ်လို့ ကြုံသလို ဖြစ်သလိုပဲစခန်းသွားသွား ကိုင်တွယ်ရမယ့်အလုပ်ဟာ ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်ဖြစ်ရဲ့လားဆိုတာ သေချာစဉ်းစားပါ၊ လေ့လာပါ၊ မကျွမ်းကျင်သေးရင် တစိုက်မတ်မတ်လေ့ကျင့်ပါ၊ ပြီးမှ အင်တာဗျူးသွားဖြေပါ၊ ဒါဆိုရင် အလုပ်ရနိုင်မှုရာခိုင်နှုန်းများပါလိမ့်မယ်။ နိုင်ငံရပ်ခြားမှာဆိုရင် မေးတတ်တဲ့လက်တွေ့မေးခွန်းတွေ၊ လုပ်ငန်းခွင်လုံခြုံရေးမေးခွန်းတွေ၊ လျှောက်ထားတဲ့လုပ်ငန်း၊ ကုမ္ပဏီရဲ့သမိုင်းကြောင်းနဲ့ လက်တွေ့နယ်ပယ်ထဲက သူ့ရောင်းကုန်တွေကို ဈေးကွက်ဆင်းပါ။ ဒီလိုပြင်ဆင်ထားပြီးမှ လူတွေ့သွားဖြေရင် အောင်မြင်ဖို့သေချာပါတယ်။
.
.
ကိုယ့်ဘက်ကပြည့်စုံကျွမ်းကျင်နေမှတော့ ဘွဲ့လက်မှတ်ရှိပြီး မလုပ်တတ်သူ နဲ့ ဘွဲ့လက်မှတ်မပါတဲ့လုပ်ငန်းကျွမ်းကျင်သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုအလုပ်ခန့်မလဲဆိုတာ အလုပ်ရှင်တွေအတွက် သိပ်ခက်ခဲတဲ့ဆုံးဖြတ်စရာကိစ္စတစ်ခုမဟုတ်တော့ပါဘူး။
.
ဒါကြောင့် မိမိသားသမီးကို နိုင်ငံခြားပို့ပြီး ခေတ်မီပညာတွေသင်ခိုင်းတဲ့မိဘတွေစိတ်ကြိုက် စာရွက်ပေါ်ကဘွဲ့လက်မှတ်ယူပြီးပြန်လာမှာလား? ..
သူတို့ဝါသနာပါတဲ့မေဂျာ နဲ့ ဘာသာရပ်အလိုက်သင်ကြားစေပြီး လုပ်ငန်းကျွမ်းကျင်အောင်သင်ကြားစေမှာလား? ..
ဆိုတာ သေချာစဉ်းစားစေချင်တယ်။
.
အဲဒီလိုပြင်ဆင်ထားပါမှ နောက်နောင်မှာ “ ဘွဲ့လက်မှတ်ပါမှအလုပ်ခန့်မယ်ဆိုတဲ့ကုမ္ပဏီ ”  တွေကို ခေါင်းခေါက်ပြီးရွေးနိုင်မှာဖြစ်ပါတယ်။
.
ခင်လျက်
.

12-21-2015
.
“ ဘြဲ႕လက္မွတ္ပါမွအလုပ္ခန္႕မွာလား? ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၂၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၂ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။





No comments: