ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, December 29, 2020

သားသမီးနဲ့မိဘ မိဘနဲ့သားသမီး

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"သားသမီးမဖြစ်ဖူးတဲ့မိဘမရှိဘူး မိဘမဖြစ်ဖူး‌သေးတဲ့သားသမီးပဲရှိတယ်" ဒါက လွန်ခဲ့တဲ့လအနည်းငယ်ကကျောင်းသားငယ်လေးတွေနဲ့အွန်လိုင်းအင်တာဗျူးမှာကျွန်တော်ပြောဖြစ်ခဲ့တဲ့စကားပါ။ ဒါကိုပြောနေတုန်း LIVE နားထောင်နေသူတစ်ယောက်လာရေးတဲ့မှတ်ချက်တစ်ခုကိုပြန်သတိရမိတယ်။ "ကိုညီရေ ဒီစကားက ဒီအရွယ်အတွက်သိပ်မြင့်နေမယ်ထင်တယ်" တဲ့။

တကယ်တော့ဗျာ ဒီစကားက ကလေးတွေအတွက်မမြင့်ပါဘူး။ သူတို့ကသာ မိဘတွေရဲ့မေတ္တာကိုအနီးကပ်ရထားတဲ့သူတွေ၊ သူတို့ကသာ မိဘတွေရဲ့အရေးပေးတာကိုခံထားရသူတွေ၊ သူတို့ကသာ လောကလူသားတွေရဲ့ "ကလေးတွေကရိုးသားတယ်" ဆိုတဲ့မပြုပြင်ရသေးတဲ့မွေးရာပါအမှန်တရားကိုကိုင်စွဲထားနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

စဉ်းစားကြည့်ပါ။ လူတစ်ယောက်မွေးဖွားလာရာကနေ ပညာတတ်တစ်‌ယောက်ဖြစ်တဲ့အထိ နှစ်ပေါင်းဘယ်လောက်ကြာမလဲလို့။ မူကြိုကို ၂ နှစ်တွက်၊ ၁ဝ တန်း ဒါမှမဟုတ် ၁၂ တန်းကို ၁၂ နှစ်ပိုပိုသာသာလေးတွက်၊ ကောလိပ်တက္ကသိုလ်ကို ၄ နှစ်တွက်၊ ဘဝလမ်းခရီးမှာ ဘာညာသာရကာမှားယွင်းတာ၊ တိမ်းစောင်းတာ၊ စိတ်လေတာတွေကို ပိုပိုလိုလို ၁ နှစ်ပဲထည့်တွက် အနည်းဆုံး ၁၇ နှစ်ကြာတယ်။

ဒါတောင် မာစတာတက်တာ၊ ဒေါက်တာဘွဲ့ယူတာ၊ နိုင်ငံခြားမှာကျောင်းသွားတက်တာတွေ ထည့်မတွက်သေးဘူး။ လူတိုင်းရဲ့အခြေအနေအချက်အလက်တွေနဲ့ထည့်တွက်လို့ရတဲ့ဖော်မြူလာမဟုတ်လို့ အကြမ်းဖျင်းအချိန်အတိုင်းအထွာကိုတွက်ချက်ပြတာပါ။ ဒါကြောင့် လူ့လောကကိုနားလည်အောင်လုပ်တာဟာ စောတယ်၊ နောက်ကျတယ်ဆိုတာမရှိဘူး။ လေ့လာရမယ့်သူအတွက် လက်ခံနိုင်အောင်ပြောပြနိုင်ရင် အဲဒီအသိတရားဟာလေ့လာသူရဲ့နှလုံးသားထဲကိုတန်းတန်းတည့်တည့်ရောက်သွားမယ်လို့ ကျွန်တော်မြင်မိတယ်။

အခု ဒီအသက်အရွယ်အထိ ထမင်းစားရင် ပန်းကန်ထဲကထမင်းလုံးတွေ မဖိတ်စင်အောင် စားရမယ်ဆိုတာကို အခုအထိမှတ်မိနေတုန်း၊ ဘယ်သူတာဝန်ကျေကျေ မကျေကျေ ကိုယ့်တာဝန်ကိုယ်ကျေရမယ်ဆိုတာ မှတ်မိနေတုန်း၊ ဘယ်အ‌ကြောင်းကြောင့်မှ မိမိကြောင့်သူတစ်ပါးဒုက္ခရောက်အောင်မလုပ်ရဘူးဆိုတာ မှတ်မိနေတုန်းပါ။

အဲဒါတွေအားလုံးက ကျွန်‌တော်ကလေးအရွယ် ၆ နှစ် ၇ နှစ်သားတုန်းက (ဘယ်သူတွေလဲတော့မမှတ်မိ) လူကြီးတစ်ချို့သင်ပေးခဲ့တာတွေလေ။ ဖယောင်းသားလိုနုတော့ ကလေးသူငယ်ရဲ့အသိဉာဏ်ကိုပုံသွင်းရတာလွယ်ကူတော့တာပေါ့။ ဒါကြောင့် ဘယ်အသက်အရွယ်ရောက်ရောက် မေ့လို့မရတာပေါ့။

ပြီးတော့ရှိသေးတယ်။ ပုံပြင်နားထောင်ချင်တဲ့ကလေးကို မကြောက်ကြောက်အောင် သရဲပုံပြင်တွေနဲ့ခြောက်တာ၊ ကျောင်းမှာတစ်ခုခုဖြစ်တာနဲ့ မှန်တာမှားတာနားမလည်ဘူး ကိုယ်ကနိုင်အောင်သာလုပ်ခဲ့ ဖြစ်တာနောက်မှရှင်းမယ်လို့သင်ပေးတာ၊ ဘာမှားလာ မှားလာ ပြင်ဆင်ခွင့်မပေးဘဲ တုတ်နဲ့သေအောင်ရိုက်ဆုံးမခဲ့တာတွေဟာ အသိအမြင်ဖြူစင်တဲ့ကလေးတွေအပေါ် ကျူးလွန်ခွင့်ရသွားတဲ့ လူကြီးရဲ့အမှားတွေပဲမဟုတ်ဘူးလား။ သေသေချာချာစဉ်းစားကြည့်ကြပါ။

ဒီကလေးတွေကိုယ်စားမေးခွန်းမေးခွင့်သာရမယ်ဆိုရင် ဒီလိုလူကြီးတွေကို "အဲဒီတုန်းက ဘာဖြစ်လို့ အဲဒီလိုတွေလုပ်ခဲ့တာလဲ။ ဘာကြောင့်လဲ-为什么" လို့သာ အော်မေးလိုက်ချင်တယ်။ ဒီလိုခံစားချက်တွေနဲ့ကြီးလာတဲ့ကလေးတွေဟာ ပွတ်တိုက်မှုများတဲ့လူ့လောကမာယာတို့ရဲ့ခပ်ပြင်းပြင်းရိုက်ချက်တွေကြားမှာ လူးလွန့်ကြီးထွားရင်း တူညီသောအမှားတွေကို မိမိရဲ့နောက်မျိုးဆက်တွေအပေါ်ပြန်ကျူးလွန်တာတွေတွေ့ရတော့ ရင်နာစရာကောင်းလိုက်တာ။

ဟေ့ လာမလုပ်နဲ့ ငါငယ်ငယ်တုန်းကဒီလိုကြီးလာရတာ။ မင်းတို့အလှည့်ကျမှ ဘာအတွန့်တက်ချင်နေတာတုန်း။ ငါလည်းငယ်ငယ်ကဒီလိုပဲခံခဲ့ရတာပါ ဆိုပြီး မိမိငယ်ငယ်တုန်းကခံခဲ့ရတဲ့ လမ်းလွဲနေတဲ့အမိန့်စကားတွေနဲ့ နားခါးအောင်လက်ချာရိုက်၊ ငယ်ငယ်တုန်းကအရိုက်ခံခဲ့ရသလိုပြန်ရိုက် စတာတွေကိုကြုံဖူးကြပါလိမ့်မယ်။ ဒါဟာ အမှန်ကိုအမှန်အတိုင်းမမြင်နိုင်ခြင်းရဲ့မိသားစုဓားစာခံဘဝလေးတွေပါ။

ဒါကြောင့် မိမိကိုသတိပေးတဲ့ဘဝရဲ့မီးဝါလေးလင်းပြီဆိုရင် အချိန်မီဘရိတ်အုပ်ပါ မိတ်ဆွေ။ မိမိမှာလည်းအသွေးနဲ့အသားနဲ့၊ မိမိကလေးတွေမှာလည်းအသွေးနဲ့အသားနဲ့ပါ။ မိမိမဖြူစင်ပေမဲ့ ကလေးတွေက ဖြူစင်တယ်။ ရိုက်တဲ့သူ မိမိလက်တွေမနာကျင်ပေမဲ့ ခံရတဲ့ကလေးတွေရဲ့နှလုံးသားတွေ နာကျင်တယ်။ ပြောပြီးသူကမေ့သွားပေမဲ့ ခံစားရတဲ့ကလေးရဲ့အတွေးတိမ်တောင်မှာ အမြဲမိုးညိုနေလိမ့်မယ်။

ဒါကိုစဉ်းစားမိတဲ့ကျွန်တော်ဟာ စာစရေးပြီဆိုတဲ့နောက်ပိုင်းမှာ ကလေးတွေအသိပညာဖွံ့ဖြိုးစေမယ့်အကြောင်းအရာတွေကိုရေးတယ်။ အဓိကစာဖတ်သူတွေကိုပစ်မှတ်ထားတဲ့နေရာမှာ ကျွန်တော့လိုစိတ်ကြမ်းလူကြမ်းလူရမ်းကားတွေကို ဦးတည်ပြီးရေးတယ်။ အရာအားလုံးကိုလွန်မြောက်သွားနိုင်တဲ့ အသိဉာဏ်ပွင့်လင်းရာ "အလိမ္မာစာမှာရှိ" တဲ့ ပကတိရွှေအိုးကိုတူးဖော်ဖို့ အမြဲနှိုးဆော်တယ်။

နောက်ဆုံးဗျာ ကလေးတွေ (အခုချက်ချင်း) နားလည်လည် မလည်လည် သူတို့နားစွဲသွားစေမယ့် အမှန်ကိုပြင်ဆင်ခြင်း-Correction လေးတွေကို သူတို့ခေါင်းထဲရိုက်သွင်းပြောဆိုတယ်။

ဒါရဲ့အကျိုးဆက်အနေနဲ့ ကလေးတွေရဲ့မိဘတွေဟာ ကျွန်တော့စာတွေမှာလာငြိတွယ်ကြတယ်။ ကျွန်တော့ဆီက အကြံတောင်းကြတယ်။ သားသမီးတွေကိုဖြေရမယ့် ဖြေသင့်ဖြေထိုက်တဲ့မေးခွန်းတွေ လာမေးကြတယ်။ ကျွန်တော့ဘက်ကကြည့်ရင် လူတွေအမြင်ကပ်ရလောက်အောင် ကလေးတွေဘက်က ထောက်ခံပံ့ပိုးအားပေးခွင့်ရနေတာဟာ ရတနာတစ်ပါးပါ။

ဒီရတနာကိုရဖို့ တစ်ချိန်ကဒဏ်ရာလှိုဏ်ဂူထဲက အမှောင်ကမ္ဘာထဲမှာ ကျွန်တော်နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ ဒီဒဏ်ရာလှိုဏ်ဂူဟာ ထွက်ပေါက်မရှိတဲ့ ကမ္ဘာမြေကြီးရဲ့အဆုံးလို့ ထင်ခဲ့တယ်။

အခုတော့ ကြီးမားတဲ့ကျောက်ဆောင်တွေကြားက အုတ်ခဲကျိုးလောက်ရှိတဲ့အပေါက်ကလေးကဝင်လာတဲ့အလင်းရောင်လေးဟာ အမှောင်ကိုရင်ဆိုင်လို့ အပြင်လောကနဲ့ထိတွေ့ခွင့်ပေးခဲ့တယ်။ ဒီထွက်ပေါက်လေးက မွန်းကြပ်နေတဲ့ကာဘွန်မိုနောက်ဆိုဒ်တွေကြားကို အောက်စီဂျင်သယ်ဆောင်လာပေးတယ်။ ဒီကယ်ပေါက်လေးဟာ ကလေးဘဝကစိတ်ဒဏ်ရာတွေကိုကုစားဖို့ အချိန်ကျလို့ဝင်ရောက်လာတဲ့နေအလင်းရောင်နဲ့အနွေးဓာတ်တို့ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

တစ်ချိန်တုန်းကအမှားများစွာနဲ့လူ
ကိုညီညီ (တောင်ကြီး)
12-29-2020

No comments: