ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, December 4, 2014

ခေတ်ကျောင်းသားတွေကို ယုံကြည်ဖို့အချိန်ရောက်ပြီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ကယ်လို့ အခုစာဖတ်နေသူဟာ ဆယ်ကျော်သက်အရွယ်ဆိုရင် လူငယ်လေးတွေမှာ အိမ်စာကို ကိုယ့်စမတ်ဖုန်းပေါ်မှာ ပြီးအောင်လုပ်ဖို့အခွင့်အရေးရှိနေပါပြီ။ နယူးယောက်လူငယ်တွေထဲက ( ၁၁ ) တန်း နဲ့ ( ၁၂ ) တန်းကျောင်းသားများဟာ “ သွားလေရာ အင်တာနက်လိုက်လို့ပါ  ” ဖြစ်နေတာမို့  စာသင်ခန်းမှာ သင်ခဲ့သမျှကို ဆဲလ်ဖုန်းပေါ်ကနေ အိမ်စာလုပ်ချင်ကြတယ်လို့ Business Insider ရဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပြကြပါတယ်။
.
သူတို့ဖုန်းတွေပေါ်မှာ အဓိကသုံးနေတာ ဘယ်လို App အမျိုးအစားတွေလဲ ဟု BI သတင်းစာကြီးက မေးကြည့်တဲ့အခါ ( စိတ်မရှိပါနဲ့ မိုက်ခရိုဆော့ဖ် ရေ .. ) Google Drive  ဟူ၍သာ အများစုက ဖြေကြပါတယ်။
.
“ ကျွန်တော်တို့ကျောင်းအတွက်တော့ ဒါဟာ အတော်ကြီးမားတဲ့ကိစ္စကြီးတစ်ခုပါ။ တော်တော်များများက Google Drive ပေါ်မှာ မှီခိုကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရပ်တွေ နဲ့ အိမ်စာတွေကို လက်တွေ့အချိန်နဲ့အညီ အင်တာနက်မှာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်လေ “ ဟု ကျောင်းသားတစ်ယောက်က ပြောပါတယ်။


.
“ ပြီးခဲ့တဲ့ နှစ်အပိုင်းအခြားတွေကတည်းက Google ဟာ ကျောင်းသင်ခန်းစာလုပ်ဖို့ တော်တော်အဆင်ပြေလာတယ်။ သူ့မှာ လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိလို့ သမီးတို့အလုပ်တွေ ပိုလွယ်လာတယ် “ လို့ ကျောင်းသူတစ်ယောက်က ဝင်ထောက်ပေးပါတယ်။
.
ဆရာ၊ ဆရာမတွေက အိမ်စာတွေကို ဝက်ဘ်ဆိုဒ်မှာတင်ကြတယ်။ တစ်ချို့အခန်းသားတွေကျတော့ Facebook မှာ Homework Group ဖွဲ့ပြီး  ပရောဂျက်တွေအတွက် အချေအတင် ဆွေးနွေုးကြတယ်။ ကျောင်းသားအများစုဟာ ကျောင်းသွားတဲ့လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ ရထားပေါ်မှာ အိမ်စာအများစု အပြီးသတ်သွားနိုင်ကြတယ်။
.
“ ကျွန်တော့် အိုင်ဖုန်းပေါ်က Notes App ပေါ်မျာ အက်ဆေး စရေးဖြစ်ခဲ့တယ် “ လို့ ကျောင်းသားတစ်ဦးက ဝင်ဆွေးနွေးပြန်တယ်။ လက်ရှောင် - Handoff လို့ Apple က ကြေငြာထားတဲ့ ဆော့ဝဲလ်တစ်ခုကြောင့် သူ့ကွန်ပျူတာရှေ့ရောက်ရင် စာက ဘယ်နားရောက်နေနေ သူဆက်လုပ်လို့ရတယ် လို့ ဆိုတယ်။
.
ထိုနည်းတူစွာ အိုင်ဖုန်းမှာပါတဲ့ အသံလက်ထောက် Siri ကို ခိုင်းပြီး ဖုန်းပေါ်မှာ Memo တစ်ခု မှာ အသံနဲ့  မိနစ် ( ၃ဝ ) စာ ဖတ်ပြီး လိုက်ရေးခိုင်းခဲ့တယ်လို့ နောက်ကျောင်းသားတစ်ဦးက သူအလုပ်လုပ်ပုံကို ဖြည့်စွက်ဝင်ပြောပါတယ်။
.
ကျောင်းသားတွေအားလုံးမေ့နေကြတာကတော့ ကွန်ပျူတာဘုရင် မိုက်ခရိုဆော့ဖ် ပဲ ဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ် ဟာ တစ်လောက သူ့ရဲ့နာမည်ကြီး Word ကို အခမဲ့ ဖြန့်ချိခဲ့ပြီး iOS မှာ နံပါတ်တစ် App စာရင်းဝင်ခဲ့သော်လည်း အလွန်နောက်ကျနေပါပြီ။ ကလေးတွေသိတဲ့ ကျောင်းစာလုပ်ဖို့ Word ဆိုတာ Google ရဲ့ Drive ထဲက Google  Document နဲ့ Google Spreadsheet ဖြစ်နတာတော့ မိုက်ခရီုဆော့ဖ် အတွက် အားနာစရာပါ။
.
နောက်တစ်ခု ကျောင်းသားတွေ ဖုန်းပေါ်မှာ လက်အတွေ့ဆုံးက Quizlet  ပါ။ ဆရာ၊ ဆရာမ နဲ့ ကျောင်းသားတွေအတူတူ စာကျက်ဖို့ ဒစ်ဂျစ်တယ်ကဒ်ပြား - Digital Flashcard တွေတည်ဆောက်ကြတယ်။  နောက်ပြီး ကိုယ်ပိုင်ဖိုင်မှတ်စု - Pdf Note တွေ ဖန်တီးကြပြီး ဖတ်စာအုပ်တွေထဲက အရေးကြီးတဲ့ စာမျက်နှာတွေကို စကင်ဖတ်ပြီး တင်ပေးထားကြတယ်။ ပိုသိဖို့လိုတဲ့ စာပိုဒ်တွေကို လိုင်းတားတာ၊ Highlight လုပ်တာ စသဖြင့် မှတ်စုရေးရာမှာ အားတက်သရော လုပ်ဆောင်လာကြတယ်။
.
လူတွေက ကလေးတွေဟာ ဆဲလ်ဖုန်းတွေပေါ်မှာ အသုံးမကျတာတွေပဲ လုပ်နေကြတယ်လို့ထင်ကြတယ်။ ဒါကိုလက်တွေအသုံးချနေတဲ့ ခေတ်ကျောင်းသားတစ်ယောက်က “ ဆဲလ်ဖုန်းကို အသုံးချပုံပြောင်းလဲကုန်ပြီ  .. ကျွန်တော်တို့ကို ယုံကြည်ရမည့်အချိန်ရောက်ပြီ .. ”  ဟူ၍ ရင်ဖွင့်လာကြပါတယ်။
.
koko2yeye@gmail.com
.

Ref: Business Insider
.
"  ခေတ်ကျောင်းသားတွေကို ယုံကြည်ဖို့အချိန်ရောက်ပြီ " စာမူသည် ၂ဝ၁၅ မေလ ( ၃ဝ  ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၆ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download :http://www.mediafire.com/download/4bej18j80riz1l3/NetGuide+Vol+3%2C+Issue+86.pdf




No comments: