ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, May 8, 2015

အားပြန်ပြည့်လာတဲ့ကျွန်တော်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ခွဲစိပ်ပြီး ( ၂ ) ပတ်ပြည့်တဲ့နေ့မှာ ရက်ချိန်းအရ ဆေးရုံကို ပြန်သွားခဲ့တယ်။ ကိုယ်ကသာ ချုပ်ရိုးဖြည်မယ်ထင်လို့သွားခဲ့တာ အမှန်က ခွဲပြီးကတည်းက တစ်ခါထဲ ချုပ်ပေးလိုက်ပြီးသား။ ဆရာဝန်က ဗိုက်ကိုလှန်ကြည့်ပြီး ချက်ပေါက်တည့်တည့်က အနာဖေးတက်နေတဲ့ ပတ်တီးစကြီးကို ဝီစီမမှုတ် ခရာမဆွဲပဲ ဇတ်ကနဲ ဆွဲခွာပစ်လိုက်တယ်။ အမလေးဗျာ ….!
.
ကျွန်တော့မှာတော့ သွေးစတွေစို့နေတဲ့၊ အနာပေါ်အုပ်ထားတဲ့ ပတ်တီးစလေးကို မတို့ရက်မထိရက် ထားလိုက်ရတာ။ ရေချိုးပြီးတိုင်းလည်း အခြောက်ခံရတာကတစ်မျိုး၊ တစ်ခုခုနဲ့ထိမိခိုက်မိလို့ ကွာကျသွားမှာစိုးတာကတဖုံ တယုတယ နဲ့ ထိန်းသိမ်းထားလိုက်ရတာလေ။ အခုတော့ လုပ်မယ့်လုပ်တော့လည်း ခွဲစိပ်ဆရာဝန်ရဲ့လက်မြန်ချက်က တစ်စက္ကန့်ရဲ့ ( ၃ ) ပုံ ( ၁ ) ပုံတောင်မကြာဘူး ခွာလိုက်တာ ရုတ်တရက်ဆိုတော့ “ အား ” လို့အော်ဖို့အချိန်တောင် မရလိုက်ဘူး။ အမှန်က ကျွန်တော်က နာကျင်မယ် မှတ်နေတာ .. မနာပဲ သာမန်ပလာစတာခွာသလို ကော်နည်းနည်းကပ်ပြီး ကျန်နေခဲ့တာပဲ ရှိတယ်။
.
.
ပြီးတာနဲ့ ကျွန်တော့ကို ဘယ်လိုနေသေးလဲ? နေကောင်းလားလို့မေးတယ်။ စကားနည်းနည်းပါးပါးပြောပြီး အခြေအနေကောင်းရင် သာမန်လူတစ်ယောက်လို ဘာအစားအသောက်မှ ရှောင်စရာမလိုပဲ နေထိုင်စားသောက်လို့ရပြီလို့ပြောပြန်တယ်။ ( ၂ ) လအတွင်း အားကစားလေ့ကျင့်ခန်းတွေမလုပ်နဲ့ .. အလေးအပင်တွေ မ,မနဲ့လို့ မှာတယ်။ ဒီလောက်ပဲ .. ပြီးပြီ .. ပြန်လို့ရပြီ။ ကျေးဇူးပါ ဒေါက်တာ..။

.
ခွဲစိပ်ပြီးကတည်းက ကျွန်တော်ရဲ့ အစားအသောက်ပုံစံကို ပြောင်းတယ်။ တစ်ခါစားရင် နည်းနည်းပဲစားတယ်။ စားတဲ့အကြိမ်တိုးပြီး စားတယ်။ အဆီ၊ အစပ်၊ အချို မစားဘူး။ ခက်တာက အဲဒီ ( ၃ ) မျိုးလုံး ကျွန်တော်ကြိုက်တာချည်းပဲ။ နောက်ပြီး အရွက် ပိုစားတယ်။ တစ်ခါတစ်လေကျတော့ အရွက်တွေက ဝါးရခက်တယ်။ အသီးတွေပိုစားတယ်။ တစ်ချို့အသီးတွေက ချဉ်တယ်။ အခွံခွာရတာတွေ အလုပ်သိပ်ရှုတ်တယ်။ အခုနောက်ပိုင်း အသီးကို သကြားမပါပဲစားတယ်။ အရွက်ကို ဆားမပါပဲစားတယ်။
.
.
ဆီကြော်တွေအစား အပြုတ်တွေ ပိုစားတယ်။ အရည်ဟင်းတွေက အလုပ်အတွက် ထမင်းဗူးထည့်ရတာ ဖိတ်ဖိတ်ကုန်လို့ လုပ်ရတာ စိတ်သိပ်မရှည်ဘူး။ ဘီစကွတ် နဲ့ ကွတ်ကီးတွေ မဖြစ်သာမှ စားတယ်။ ဒါတွေက ကော်ဖီနဲ့သောက်ရင် အရမ်းကောင်း။ တစ်ပတ်လုံးနေမှ ကော်ဖီတစ်ခွက်လောက်နဲ့ ဘိလပ်ရည် - Soda သံဗူးတစ်ဗူးလောက်ပဲ သောက်တော့တယ်။ ဘိလပ်ရည်က လူလန်းတယ် .. ကော်ဖီက အလုပ်ထဲမှာ အိပ်မငိုက်ဘူး။ ဒါကြောင့် ကြိုက်ခဲ့တာလေ။
.
ထမင်းအစား ဂျုံ ပိုစားဖြစ်တယ်။ ထမင်းကရတဲ့ ကစီဓါတ် တစ်သက်လုံးစုလာတာ ခန္ဓာကိုယ်ကြီးလည်း ပင်ပန်းနေရောပေါ့။ မြန်မာနိုင်ငံက နံပြားကို သတိရတိုင်း ဒီက မက္ကစီကန်နံပြား - Tortilllas ကို ပဲပြုတ်နဲ့စားတယ်။ ပဲပြုပ်က ရေခဲသေတ္တာထဲထည့်ခဲထားရတာဆိုတော့ မြန်မာနိုင်ငံကလို လတ်လတ်ဆတ်ဆတ်မဟုတ်တော့ အများကြီးလည်း မစားရဲပြန်ဘူး။
.
ရေခဲမှုန့် တစ်လနေလို့ တစ်ခေါက်မစားတော့ဘူး .. အဲဒီအစား ဒိန်ချဉ် နေ့တိုင်းစားတယ်။ အမေရိကားမှာ ရေခဲမှုန့်ကို ပုံးလိုက်ချစားရတာ အတန်ဆုံး။ ကြက်ဥများတဲ့ ကိတ်မုန့်မစားတော့ဘူး။ မွေးနေ့ကိတ်တွေဆို အလုပ်မှာ ခဏခဏစားရတာကို သတိရလိုက်တာ။
.
.
ညနေ ( ၆ ) နာရီကျော်ရင် အသီးစားတယ်။ ဒိန်ချိဉ်စားတယ်။ ဗိုက်ဆာရင် ရေသောက်တယ်။ စောစောအိပ်ဖို့ ကြိုးစားတယ်။ အမှန်က ညအိပ်ခါနီးမှ ဗိုက်က စားလို့ကောင်းတုန်း။ ဒါတွေကတော့ လုပ်သင့်တာနဲ့ လုပ်ချင်တာကြားက နှုတ်ကမထွက်တဲ့ ကျွန်တော့်စိတ်ထဲကတွေးနေတာတွေကို ပြန်ပြောပြနေတာပါ။
.
ဒီလို ဆင်ခြင်လိုက်တာ ကောင်းလာတယ်လို့ပဲ ပြောရမလား ( ၁၅ ) ရက်ပြည့်တဲ့နေ့မှာ ကိုယ်အလေးချိန် ( ၆ ) ပေါင်ကျသွားပြီး တစ်လပြည့်တဲ့နေ့မှာ ပြန်ချိန်ကြည့်တာ မခွဲစိပ်ခင်ကနဲ့ စုစုပေါင်း ( ၈ ) ပေါင် လျော့ကျသွားတယ်။ ဒီဝိတ်ကို ထိန်းထားမှရမယ်။
.
လှုပ်ရှားမှုကို နှေးလိုက်ပြီး သာမန်လူလို ပေါ့ပေါ့ပါးပါး ရွှေ့လျားလုပ်ကိုင်ကြည့်တယ်။ တစ်ချို့အချိန်တွေကျတော့ အရင်လို ပျာယာခတ်ပြီး ရှပ်တိုက်နေတုန်းပဲ။ သတိရသလောက် အရှိန်လျှော့တယ်။ မြန်မြန်လှုပ်ရှားမိတဲ့အခါမျိုးမှာ ဗိုက်က တခါတလေ ပါးပါးလေး နာသေးတယ်။
.
.
စိတ်ထားကိုလည်း ပြောင်းလိုက်တယ်။ တော်ရုံတန်ရုံ စိတ်မဆိုးတတ်အောင်ထားကြည့်တယ်။ စိတ်မဖိစီးအောင်ကြိုစားကြည့်တယ်။
.
နေရာတကာဝင်ပါချင်တဲ့စိတ်ကိုလျှော့ချတယ်။ ဒီစိတ်က သိပ်ပြင်ဖို့မလွယ်ဘူး။ ကိုယ့်မျက်စိရှေ့ရောက်လာတဲ့အမြင်မတော်တာဆိုရင် သိပ်ပြောချင်တာ။ သိပ်ရှင်းပြ သိပ်ဖြေရှင်းပေးချင်တာ .. ကြီးကြီးမားမားဒုက္ခမရောက်လို့တော်သေးတယ်။
.
အလေးတွေ မ,မတော့ဘူး။ အဝတ်လျှော်သွားရင်တောင် အဝတ်ခြင်းတွေ “ စွမ်း ” ကို မ,ခိုင်းတယ်။ ပြန်သယ်ခိုင်းတယ်။ ကားပေါ်အတင်အချ သူ့ကိုပဲ လုပ်စေတယ်။ ညနက်အောင်မနေတော့တဲ့အတွက် ညပိုင်း အစားထပ်စားစရာမလိုတော့ဘူး။
.
ခပ်ဝေးဝေးတစ်ခါ ညနေညခင်း ဖြည်းဖြည်းချင်း လမ်းထွက်လျှောက်တယ်။ လေကောင်းလေသန့်ရှူဖို့ ကြိုးစားတယ်။ ပြန်လာရင် ကွန်ပျူတာရှေ့ထိုင်ပြီး Facebook က သူငယ်ချင်းတွေနဲ့ ဆက်သွယ်တယ်။ စာရေးတယ်။ အင်္ဂလိပ်ဆောင်းပါးတွေဖတ်တယ်။ အမှိုက်သွန်တယ်။ မီးဖိုချောင်ရှင်းတယ်။ တစ်နေ့တာလှုပ်ရှားမှုကတော့ ဒီလောက်ပါပဲ။
.
.
နောက်ပိုင်းမှာ အသိတစ်ခုထပ်တိုးလာတာက “ ကျန်းမာဖို့ပိုအရေးကြီးတယ် ” ဆိုတာပါပဲ။ အမေရိကန်ရောက်တာနဲ့ ငွေရဖို့ အချိန်ရောင်းစားသူဖြစ်သွားရသူတွေထဲမှာ ကျွန်တော်တစ်ယောက်လည်း ပါဝင်ခဲ့တယ်။ ပါဝင်နေဆဲ၊ ရုန်းကန်နေရဆဲ..။
.
ဒါကြောင့် သည်းခြေအိတ်ခွဲထုတ်ပြီးတဲ့နောက် ရတဲ့အခွင့်အရေးကိုယူပြီး ကျန်းမာရေးပိုကောင်းဖို့ နေပုံထိုင်ပုံ စားသောက်ပုံကို ရအောင်ပြောင်းကြည့်နေပါတယ်။ ခွဲစိတ်မှုစတဲ့မနက်ကတည်းက တစ်လသီတင်းလုံး သတင်းမေးကြတဲ့ ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကို ကျေးဇူးတင်နေပါကြောင်း ဒီဆောင်းပါးလေးကနေ အလေးအနက်အသိပေးလိုပါတယ်။
.
ခင်တဲ့
ကိုညီညီ

05-08-2015

No comments: