ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 17, 2019

(၂ဝ၁၉) မှာ လျှော့ဖြစ်တဲ့အလုပ်တွေ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

  (၂ဝ၁၉) ခုနှစ်မှာ ကျွန်တော်လျှော့ပေါ့လုပ်ဆောင်ခဲ့တဲ့အလုပ်တွေရှိပါတယ်။ အဲဒီထဲမှာ ကျွန်တော့ကိုယ်ပိုင်ကိစ္စတွေပါမယ်၊ မိသားစုကိစ္စတွေပါမယ်၊ အများအတွက်ရည်ရွယ်လုပ်ဆောင်ရင်း လျှော့လာတဲ့အလုပ်တွေပါမယ် အားလုံးဟာ သူ့နေရာနဲ့သူ အကြောင်းရှိနေပါတယ်။

  လူတွေအမြင်သာဆုံးကတော့ အခုနောက်ပိုင်း ကျွန်တော်စာရေးကျဲလာတာကိုပါ။ စာရေးဆရာကြီးတွေ၊ အသိပညာရှင်တွေ၊ ပညာရပ်ဆိုင်ရာထိပ်သီးပုဂ္ဂိုလ်ကြီးတွေ နဲ့ အင်တာနက်ပေါ်မှာစာရေးပြီးကျော်ကြားနေသူတွေက စာကို ဘယ်လိုရေးမှန်းတော့ကျွန်တော်သေသေချာချာမသိဘူး။ စာရေးဖို့အားထုတ်ရင်းပျော်ရွှင်ရတာလား၊ ပျော်ရွှင်လို့အားမထုတ်ပဲစာရေးနေကြတာလားဆိုတာကို ကျွန်တော်ဉာဏ်မမှီပါ။ ကျွန်တော့အတွက်ကတော့ စာရေးတယ်ဆိုတာ “စိတ်တံခါးကိုဖွင့်ထားခြင်း” အချင်းအရာတစ်ခုပါ။ စာရေးနေတဲ့အချိန် ကျွန်တော့ခန္ဓာကိုယ်မှာ အသိဉာဏ်တရားတွေကြိုက်သလိုဝင်လာနိုင်တယ်။ ဆင်ခြင်ဉာဏ်တရားတွေကြိုက်သလိုချယ်လှယ်နိုင်ကြပါတယ်။

  ဖတ်ချင်တာကိုဖတ်ပြီး ကျွန်တော်တွေးထားသလောက် ဖတ်ချင်သူတွေကိုပြန်လည်မျှဝေချင်တဲ့စိတ်ဟာ တစ်နေ့တစ်နေ့မှာ အကြိမ်ပေါင်းများစွာဖြစ်ပေါ်ပါတယ်။ ဒီအတွေးတွေကို စကားလုံးဘဝကူးပြောင်းဖို့ ကွန်ပျူတာရှေ့ရောက်မှ အကောင်အထည်ဖော်နိုင်ပါတယ်။ လူတစ်ချို့လို ဖုန်းနဲ့စာရိုက်တာအဆင်မချောတဲ့ကျွန်တော်ဟာ ကွန်ပျူတာဖွင့်ဖို့အချိန်အရင်ထက်နည်းပါးလာတာကြောင့် စာရေးနည်းပါးလာခြင်းဖြစ်ပါတယ်။

  နောက်အကြောင်းရင်းတစ်ခုကလည်း အကောင်းထဲကအဆိုးလို့ဆိုရမလား . . ဖောင့်ရွေးပြီးရေးနေကျလက်ကွက်တွေက စံနစ်တစ်ခုအပေါ်အပြောင်းအလဲမှာ ကျွန်တော့လက်ချောင်းတွေရဲ့ စာလုံးတည်နေရာတွေကိုကွက်တိရှာဖွေနိုင်ခြင်း နဲ့ စဉ်းစားစရာမလိုပဲစာရိုက်နိုင်စေတဲ့စိတ်သဏ္ဍန်ကို ကန့်သတ်လာပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးကြား၊ ဖုန်းတစ်လုံးနဲ့တစ်လုံးကြား အမှတ်မှားတဲ့လက်ကွက်တွေကြောင့် စာရေးတာ ခြားလာတာဖြစ်ပါတယ်။