ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 1, 2021

ကိုယ်ပေးမှသူရတဲ့ အာဏာ

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲ (၁၉ဝ၃-၁၉၅ဝ) က "ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်စွန့်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်တစ်ခုရဲ့ အချုပ်အချာအာဏာကို မသိမ်းယူဘူး" လို့ ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့အတိုင်းပါပဲ ၁၉ဝဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်ကြားမှာ အာဏာသိမ်းမှု ၂၆၁ ကြိမ်ဟာ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့တယ်။ အဲဒီအထဲမှာ အောင်မြင်တဲ့ အာဏာသိမ်းမှုရော မအောင်မြင်တာရောပါပေမဲ့ ဘယ်သူမှ အာဏာလက်မလွတ်ခဲ့ကြပါဘူး။


အာဏာသိမ်းတယ်ဆိုတာ တစ်တိုင်းပြည်က နောက်တစ်တိုင်းပြည်ကို နယ်ချဲ့တဲ့ မနော်ပလီ-Monopoly နဲ့ မတူပါဘူး။ တစ်ခေတ်နဲ့တစ်ခေတ် အာဏာရှင်တွေဟာ ပြည်သူတွေထိခိုက်ခိုက် မခိုက်ခိုက် လုပ်ပိုင်ခွင့်အတွက်၊ စည်းစိမ်အတွက်၊ သြဇာအတွက် ပိုမိုကြမ်းတမ်းစွာ အာဏာသိမ်းခဲ့ကြတယ်။

မြန်မာနိုင်ငံနဲ့တစ်နှစ်ထဲ ပျော်ပျော်ကြီး အာဏာသိမ်းခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေရှိတဲ့ တိုင်းပြည်တွေက ၁၉၆၂ မှာ အာဂျင်တီးနား၊ မြောက်ပိုင်းယီမင် (သို့) ယီမင် နဲ့ သီရီလင်္ကာနိုင်ငံတို့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့အတူ အာဏာသိမ်းခဲ့ကြတဲ့ အာဏာသိမ်းမှု ဖြစ်စဉ် ၆ ခုမှာ ၄ ကြိမ်ဖြစ်တဲ့ ပနားမား ၊ မော်လ်ဒိုက်နဲ့ အာဂျင်တီးနား ၂ ကြိမ် တို့က ကျရှုံးခဲ့ပါတယ်။ အောင်မြင်သွားတဲ့ ၂ ခုကလည်း ဟေတီတစ်နိုင်ငံထဲကဖြစ်ပြီး အာဏာသိမ်းတဲ့ စစ်တပ်ကို ၃ လအကြာမှာ နောက်စစ်တပ်က ဝင်သိမ်းခဲ့တာဖြစ်ပါတယ်။ (ကိုးကား List of coups and coup attempts: Wiki)

အာဏာသိမ်းဖို့အကြောင်းရင်းဟာ အောက်ကအချက် ၅ ချက်အပေါ်မှာ မီးစာဖွဲ့လေ့ရှိကြတယ်။

အချက် ၁။ အာဏာသိမ်းမှုမှာ အတိတ်ကအကြောင်း အမြဲရှိတယ်။
ကျွန်‌တော်တို့ မြန်မာလူမျိုးတွေမှာ လူမျိုးကွဲတွေက ခပ်များများ၊ တစ်ယောက်က အရှေ့ဆိုရင် တစ်ယောက်က အနောက်၊ လိုချင်တဲ့အတ္တတွေက ခပ်ထွားထွား၊ လက်နက်ရှိသူက ခပ်ကြွားကြွားနဲ့ တိုင်းပြည်ဆိုတော့ အတိတ်ရဲ့ မကျေလည်မှုဟာ ၂၁ ရာစုအထိလိုက်ပါလာတယ်ဆိုတာ ဆက်တွေးကြည့်နိုင်ပါတယ်။

အချက် ၂။ အာဏာသိမ်းမှုဟာ ဆင်းရဲတဲ့တိုင်းပြည်မှာ အဖြစ်များတယ်။
ဒီအချက်ကို အကျယ်ဖွင့်ဖို့ လိုမယ်မထင်ပါဘူး။ ထောင်းမယ့်ထောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာဖြစ်လို့ စာဖတ်သူသာ ဆက်စပ်တွေးတောလိုက်ကြပါ။