ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
စာရေးဆရာတစ်ယောက်ဟာ ဟောပြောပွဲကိစ္စတစ်ခုကြောင့် အာဖရိကတိုက်ကိုရောက်သွားတယ်။ ခေတ်နဲ့အညီလိုက်နိုင်သူတွေကမြို့တွေမှာသာနေတယ်။ ဆင်းရဲတဲ့အာဖရိကတိုက်သားတွေက နေရာတကာမှာနေတယ်။ အခုခေတ်များမှာ အင်တာနက်မသိရင်ဘဲ ခေတ်နောက်ကျတယ်လို့ပြောကြတာ လျှပ်စစ်မီးမသုံးစွဲနိုင်တဲ့အာဖရိကတိုက်ကနေရာတစ်ချို့ကလူတွေဆို ဘယ်လိုပြောကြမလဲ။
စာရေးဆရာဟာ စူးစမ်းတယ်။ လူသူအရောက်အပေါက်မရှိတဲ့နေရာအထိသွားလေ့လာတယ်။ အဓိကသိချင်တာက သူတို့အချင်းချင်းဘယ်လိုဆက်သွယ်သလဲ? ဘယ်လိုရှာဖွေစားသောက်သလဲ? နဲ့ ဘဝအတွက်ဘယ်လိုရှေ့ဆက်သွားကြသလဲ? ဆိုတာကို စပ်စုချင်တယ်။ ဒီတော့ ရွာတစ်ရွာထဲကိုဝင်ပြီး လေ့လာရေးစဖို့ပြင်ဆင်တယ်။
ရွာသားတစ်အုပ်စုမှာ လျှပ်စစ်နဲ့သုံးတာဆိုလို့ ဘာပစ္စည်းမှမရှိဘူး။ ချက်ပြုတ်စားသောက်ဖို့မီးဖိုချောင်ပစ္စည်းဝယ်ရမယ့်နေရာမရှိဘူး။ လူသားပီသမှုကိုအတိုင်းသားမြင်ရတဲ့ ရှေးဟောင်းယဉ်ကျေးမှုအတိုင်းနေထိုင်ကြတယ်လို့ပြောလို့ရတယ်။ တစ်ရက်တော့ သူတို့အမဲလိုက်ကြတော့ စာရေးဆရာကိုခေါ်သွားတယ်။
တောထဲရောက်တဲ့အခါ လူရယ် တိရိစ္ဆာန်ရယ်လို့မကွဲပြားတော့ဘူး။ တောကြီးမျက်မည်းထဲမှာ ဗိုက်ဆာနေကြတဲ့သတ္တဝါတွေဟာ အတူတူပဲ။ အားလုံး ရန်လိုနေကြတယ်။ ဒါကြောင့် သင်ဟာ မုဆိုးလား? မုဆိုးဆိုရင် အနိုင်ရနိုင်ခြေရှိတယ်။ သင်ဟာ သားကောင်လား? သားကောင်ဆိုရင် သင်ကျရှံူးနိင်ခြေရှိတယ်။ စာရေးဆရာက တွေးနေမိတယ်။
အာဖရိကတိုက်သားတွေဟာ အမဲလိုက်သွားတဲ့အခါ (၁၂) နှစ်အောက်သားသမီးတွေခေါ်သွားလေ့မရှိဘူး။ အကြောင်းကတော့ သားရဲတွေ အကောင်ကြီးကြီးအမဲဖျက်တိရိစ္ဆာန်တွေက အဲဒီကလေးငယ်တွေကို အစာလို့ထင်နေလို့ အန္တရာယ်များတာကြောင့်လို့သိရတယ်။ အိမ်ကမိန်းမ နဲ့ ကလေးတွေက ယောက်ျားသားကြီးတွေသယ်လာမယ့် တောကောင်တွေရဲ့အစိတ်အပိုင်းတွေကိုစီမံဖို့စောင့်နေကြတယ်။