ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 18, 2021

ငါတို့လည်း ရတယ်

           ရွာတစ်ရွာမှာ အင်မတန်စာချ တော်၊ အဟောအကြား တော်၊ သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့။ အရပ်ထဲ ရွာထဲအပြင် ရွာနီးချုပ်စပ်တွေက ကိုးကွယ်လို့ ဘုန်းကြီးမှာ ဟိုဘက်လည်း ကြွရ၊ ဒီဘက်လည်း ပြေးရနဲ့ အားရတယ်လို့ မရှိဘဲ နဂိုက ပုပုပိန်ပိန် ကိုယ်တော်ဟာ ကျန်းမာရေး ချို့တဲ့လာပါတယ်။

ဒီလိုနဲ့ ကိုယ်တော်ဟာ ကံကုန်ဖို့ အကြောင်းဆုံလာတဲ့အခါ ရွာပေါင်းများစွာက ရွာသူ ရွာသားတွေဟာ ဝမ်းနည်းပူဆွေးကြရတယ်။ "ငါတို့ကိုယ်တော်ပျံပွဲကို ငါတို့ အကြီးအကျယ်လုပ်မယ်" ဆိုပြီး အလည်ဗဟိုကျတဲ့ရွာက ဦးစီးဦးဆောင် ကျင်းပဖို့ လုပ်ကြတယ်။ ဒီတဝိုက်က ရွာနာမည်တွေက ခပ်ဆန်းဆန်း။ အလပရွာ၊ သလပရွာ၊ နဝမရွ၊ ကမကထရွာ စသဖြင့်နဲ့ အခု ဘုန်းကြီးပျံပွဲကျင်းပမှာက အအဒရွာတဲ့။
ဒီလိုနဲ့ အဓိကရွာကြီး ၄ ရွာက အိုးစည်ဗုံမောင်းတွေနဲ့ တစ်လှည့်စီ လာဖူးကြတယ်။ ဖဆပလရွာက အနီးဆုံးရောက်လာပြီး "ဆရာတော် ဒီလောက်တန်ခိုးကြီးတာ ရဟန္တာဖြစ်ရမယ်ကွ" ဆိုပြီး ဦးခေါင်းတော်က ငုတ်စိလေး ရှိနေတဲ့ ဆံတော်ကိုရိပ်ပြီး ရွှေကြုပ်လေးနဲ့ ပင့်တော်မူသွားသတဲ့။
ဒုတိယရောက်လာတာက မဆလရွာက။ သူတို့ရောက်တော့ ဆံတော်က အကုန်ရိပ်သွားလို့ မကျန်တော့ဘူး။ ဟာ မဖြစ်ချေဘူး၊ မျက်ခုံးမွှေးရှိသေးတယ် ဆိုပြီး မျက်ခုံးမွှေးကို တိတ်တိတ်လေးရိပ်ပြီး ငွေကြုပ်နဲ့ထည့် ပင့်သွားပြန်ရော။
တတိယရွာ နာမည်က နဝတရွာ။ သူတို့ရောက်လာတော့ ဆံတော်တွေက ကုန်နေပြီ။ မျက်ခုံးမွှေးလည်း မကျန်တော့ပြီ။ ဒါပေမဲ့ မျက်စိလျင်တဲ့ ရွာသားတစ်ယောက်က ဆရာတော့ ရုပ်ကလပ်ကို နည်းနည်းမလိုက်တာ ချိုင်းမွှေးတွေရှိတာကို တွေ့သွားတယ်။ ဟား ပိုင်တာပဲ ဆိုပြီး သူတို့လည်း ချိုင်းမွှေးနှစ်ဘက်ကို ရိပ်ပြီး ကြေးကြုပ်လေးနဲ့ ပူဇော်သွားပြန်သဗျ။
နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့်ရွာက အဝေးဆုံးမှာ ရှိနေတော့ နောက်အကျကြီးမှ ရောက်လာတော့ မောဟိုက်နေကြတယ်။ အဝေးကြီးကလာရတော့ လမ်းမှာလူတွေကိုလည်း ထိန်းမရတော့ဘူး။ ဘုန်းကြီးပျံပွဲရောက်မှ သောက်မယ့် ယစ်ထုပ်တွေကိုလည်း မချော့မြူနိုင်တော့ဘဲ သူတို့ဟာ လမ်းမှာတင် ထန်းရည်သောက်ရင်း လိုက်လာကြတယ်။ ဒီကြားထဲ လှည်းက ဘီးကျိုးတာနဲ့၊ နွားက ထဖောက်တာနဲ့ ပါသမျှပစ္စည်းတွေလည်း ပျက်စီးကုန်ကြတယ်။
ဒါနဲ့ ခပ်ပုပု မအလရွာသူကြီးက "ဟေ့ ကိုယ်တော့ဆီမှာ ကိုးကွယ်စရာ ဘာဆံတော်မှ မကျန်ဘူးလား" ဆိုပြီး ထန်ရည်မူးတွေကို ခိုင်းရပြန်လေတယ်။ ဒါမျိုးကျ သူတို့က တွေ့တတ်တယ်။ သူကြီးရယ် ဆံပင်တော်ကို ဖဆပလရွာ၊ မျက်ခုံးမွှေးတော်ကို မဆလရွာနဲ့ ချိုင်းမွှေးတော်ကို နဝတရွာတို့က ရသွားပါတယ်။ အခု ကျွန်တော်တို့အတွက် သူကြီးယူရင် ဟိုအမွှေးပဲ ရမယ်ဆိုတော့ စိတ်ဆိုးသွားတယ်။
ဒီလိုလုပ်လို့ ဘယ်ရမလဲ မအလရွာအတွက် မချန်ထားရကောင်းလားဆိုပြီး အအဒရွာက ရွာသူကြီးနဲ့ သူ့ရဲ့ကြီးတော်ကို ဖမ်းပြီး ထိပ်တုံးခတ်လိုက်ကြတယ်။ တဆက်တည်း ဆရာတော်ရဲ့ ဟိုအမွှေးတွေကို လူတွေမမြင်အောင်ရိတ်ပြီး ထန်းရည်မူး သူ့လက်ထောက် အမူးငထွေရဲ့ သံခမောက်နဲ့ထည့်ပြီး ပူဇော်သွားလိုက်ကြတယ်။
ဒါနဲ့ ဆရာတော်ရုပ်ကလပ်ကို ပတ်ပတ်လည်ဝိုင်းပြီး လှည့်လည်ပူဇော်ကြဖို့ စီစဉ်ကြတယ်။ ပထမဦးဆုံးရသွားတဲ့ ဖဆပလရွာက "ဖဆပလရွာဟေ့ ဖဆပလရွာ။ ဟောဒီက ဆံတော်ရတယ်၊ ဟောဒီက ဆံတော်ရတယ်" ဆိုပြီး ဗျောသံနှောပြီး နှဲနဲ့ ချွဲပါတော့တယ်။
ဒီလိုပဲ မဆလရွာက "မဆလရွာဟေ့ မဆလရွာ။ ဟောဒီက မျက်ခုံးမွှေးတော်ရတယ်၊ ဟောဒီက မျက်ခုံးမွှေးတော်ရတယ်" လို့ ဆိုသလို နဝတရွာက "နဝတရွာဟေ့ နဝတရွာ။ ဟောဒီက ချိုင်းမွှေးတော်ရတယ်၊ ဟောဒီက ချိုင်းမွှေးတော်ရတယ်" ဆိုပြီး အားကျမခံ ဆိုပြန်လေတယ်။
ကဲ မအလရွာအလည့် ရောက်လာပါပြီ။ သူတို့လည်း ဆိုချင်တာပေါ့။ ခက်တာက သူတို့ရထားတာက ဆရာတော်ရဲ့ အောက်မွှေးတော်ကြီး။ ဘယ်လိုခေါ်ရမှန်းလည်း မသိ။ ပိုဆိုးသွားတာက အောက်မွှေးတော်ထည့်ထားတဲ့ သံခမောက်ကြီးကို အမူးငထွေက မေ့ပြီး ခေါင်းမှာဆောင်းလိုက်တော့ အောက်ကို ဖိတ်ကျကုန်ပြီး လေတိုက်တဲ့အထဲ ပါသွားရော။
မတတ်နိုင်တော့ပြီ။ သူကြီး အကြံထုတ်ရပြီ။ သူ့တပည့်တစ်ယောက်ကို ရှေ့ထွက်ခိုင်းပြီး "မအလရွာဟေ့ မအလရွာ။ ငါတို့လည်း ရတယ်။ ဒီမှာ ငါတို့လည်း ရတယ်" ဆိုပြီး အော်ခိုင်းတယ်။ ဒါပေမဲ့ ဘာအမွှေးကို ရသွားမှန်း ရွာသားတွေကို မကြေငြာနိုင်ဘူး။ မပြောပြနိုင်ဘူး။
ဒီလိုနဲ့ အမူးငထွေက သံခမောက်ကြီးကို အမှောက်လိုက်ကြီး မပြရင်း "မအလရွာဟေ့ မအလရွာ။ ငါတို့လည်း ရတယ်။ ဒီမှာ ငါတို့လည်း ရတယ်" ။ "မအလရွာဟေ့ မအလရွာ။ ငါတို့လည်း ရတယ်။ ဒီမှာ ငါတို့လည်း ရတယ်" လို့ အော်ရင်း အော်ရင်း ဘုန်းကြီးပျံပွဲကို စည်စည်ကားကားကြီး ဆင်နွဲပူဇော်ကြလေသတည်း။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-14-2021

No comments: