ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, July 4, 2013

ကျောင်းပြန်တက်ခွင့်ပေးပါ



     



                    
                    ပိတ်ထားခဲ့သည်မှာကြာမြင့်လှပြီမို့ အဓိပတိလမ်းဂိတ်ပေါက်တံခါးများ သံချေးတက်နေပြီလော ၊ မဖွင့်တာကြာပြီမို့လို့ သော့ပျောက်နေပြီလော ၊ အရေးမကြီးပါ ၊ ယခင် ၂၄ နှစ်ကျော်ကတည်းက လူဝင်ပေါက်သေးမှ ဝင်နေကျ ၊ မြင်သာမြင် ဝင်ခွင့်မရသည်မှာ နှစ်ကာလကြာပြီ ၊ မထူးဆန်းတော့ပါ ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ပညာဆည်းပူးခဲ့သော ပဲခူးဆောင်ကိုလည်းမရောက်တာကြာပြီ မင်းကိုနိုင်တို့ဧ။်ကျောင်းတော်ကြီး
မင်းကိုမနိုင်ခဲ့သောကြောင့်အမှောင်လွှမ်းခဲ့ပြီ ၊ ဘဝင်သိပ်မကျစရာတစ်ခုက အမိနိုင်ငံအမျိုးသားပိုင်တက္ကသိုလ်ကို အနောက်နိုင်ငံ သမ္မတတစ်ယောက်မှ ပိတ်ဆို့မှုဖြေလျော့ရေးသော့ ဖြင့်လာဖွင့်ပေးခဲ့ရသည် ၊ ဦးသိန်းစိန်တို့စွန့်ခွာသွားသည့်မြို့တော်ဟောင်းကြီးဧ။်ကျောင်းတော်ကြီးတော့နောင်တွင်မည်သို့စခန်းသွားမည်တော့မသိ ၊ အိုဘားမားတို့တက်ခဲ့သည့်ကျောင်းအဆင့်ဆင့်ကိုတော့ဖောက်သည်ချချင်သည် ။

          လူပေါင်းစုံရောထွေးနေထိုင်သည့်ဧည့်သည်သမ္မတကြီးတို့ ပညာနို့ရည်သောက်စို့ရာ တက္ကသိုလ်တက်ရန် အထက်တန်းမှတိုက်ရိုက်ဝင်ရောက်နိုင်သောကျောင်းသားများသည် ပျမ်းမျှ အတန်းတက်မှတ်တမ်း ( GPA – Grade Point Average = 4.0 )  အနည်းဆုံးရရှိထားရန်လိုအပ်သည် ၊ ၉ တန်းမှ ၁၂ တန်းအထိထို GPA ပြည့်မီအောင်ဖြည့်နိုင်ရန် အခွင့်အရေးပေးထားသည် ၊ အလယ်တန်း ၈ တန်းမှစတင်ကာ သချာင်္ထူးချွန်သောကျောင်းသားများကို အထူးသင်တန်းဖြင့် ၉ တန်းသချာင်္တက်စေ၍မြေတောင်မြှောက်သည် ၊ ကျန်သော ၅ ဘာသာတွင် ၈ တန်း ၊ သချာင်္သီးသန့်တွင်တော့ အထက်တန်းကျောင်းသို့သွားတက်ခွင့်ရသောသူကို ကျောင်းသားအားလုံးဖြုံကြသည် ။

အထက်တန်းရောက်သည့်အခါ ကွန်မြူနတီကောလိပ်သင်္ချာ ကို တက်ခွင့်ရပြန်သည် ၊ ၁၂ တန်းလည်းရောက်ရော တက္ကသိုလ်တက်ဖို့ အင်ဂျင်နီယာ ၊ ကွန်ပျူတာသိပ္ပံ ၊ ကွန်ပျူတာနည်းပညာတက်ရန် သချာင်္လိုအပ်ချက် ( Basic Requirement ) က အရန်သင့် ၊ ကောလိပ်တက်၍ယူနစ်ဖြည့်နေရသောအပါင်းအသင်းများကို ပေါင်းကူးတံတားပေါ်မှလက်ပြပြီးကျော်တက်သွားရုံသာ ၊ နေ့စဉ်အိမ်စာကျေအောင်မလုပ်၍စာမတော်လျှင် ကောလိပ်တွင် ယူနစ် ၆ဝ ပြည့်အောင် ၄ နှစ်အချိန်ကုန်ခံရဦးမည်ဆိုသည်ကို ယခုကျောင်းသားကောင်းကောင်းသိသည် ၊ အိမ်ပြန်စာလုပ် ၊ အွန်လိုင်းပေါ်မှ Assignment တင် စသည့်ကိစ္စများသည် အလွန်ဆုံးရှိလှ ၁ နာရီ နှင့် ၁ နာရီခွဲကြားသာကြာမြင့်တော့ ကျောင်းသားသည်မငြီးငြူပါ ၊ ကောင်းသောရလဒ်တစ်ခုမှာ ၁၂ တန်းရောက်လျှင်ပင် အဆိုပါကျောင်းသားသည် သူဘာလုပ်ချင်သည်ကို သူသိနေပါသည် ၊ ဆိုလိုသည်မှာ ကျောင်းသည် သူ့ကို ရှေ့နေဖြစ်ရမည်ဟု အတင်းအကြပ်မတိုက်တွန်းလိုက် ၊ မိဘမှဆရာဝန်အမှတ်ဝင်အောင်လုပ်ကိုလုပ်ရမည်ဟုပြောနေစရာမလို တိုင်းပြည်ဧ။်လိုအပ်ချက်အရ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်က ဝင်ငွေကောင်းသည်ကို သူသိသည် ၊ မည်သည့်အလုပ်အကိုင်က လခကောင်းသော်လည်း အလုပ်ရရန်ခက်ခဲသည်ကို သူတွက်မိသည် ၊ ထို့ကြောင့် သူနှင့်အသင့်လျှော်ဆုံး ၊ သူဝါသနာအပါဆုံး နှင့် အလုပ်လုပ်ရင်းပျော်ရွှင်နိုင်မည့်ဘဝကို ပတ်ဝန်းကျင်နှင့်တိုင်ပင်ကာ အလိုလို ရွေးချယ်တတ်သွားပါသည် ။

ယူနစ်ဖြည့်၍ကျန်နေခဲ့ရသော သူ့သူငယ်ချင်းများဧ။်ဘဝကိုလည်းကြည့်ပါဦး ၊ ကွန်မြူနတီကောလိပ်ဝက်ဆိုက်ဒ်တွင် စာရင်းသွင်း ( Register ) လုပ် ၊ ဝင်ခွင့်စာမေးပွဲ ( Assessment Test ) ဖြေ ၊ နောက်ကျမှခွင့်ပြုသောကျောင်းသားသစ်များစာရင်းသွင်းခွင့်ရက်အထိစောင့် ၊ အနည်းဆုံး ၁၂ ယူနစ်ယူ ၊ တစ်ပတ်ကို ၄ ရက်တက် နှင့် အဆင်ချောသည်တော့မဟုတ်လှပေ ၊ မိဘများမှ သားသမီးအတွက် အစစ အရာရာ လိုက်လုပ်ပေးစရာမလိုပါ ၊ ယျာဉ်မောင်းသင်ပေးလိုက်ပြီး ကားလိုင်စင်ဖြေခိုင်းကာ ကားတစ်စီးဆင်ပေးလိုက်လျှင်တော်တော်တာဝန်ကျေလှပြီ ၊ ကြီးမားသောကွာခြားမှုတစ်ခုက စာတော်သောကျောင်းသား ယူနီဗာစီတီနောက်ဆုံးနှစ်ရောက်မှသာ ကောလိပ်ကသူငယ်ချင်းများအဖွဲ့က ယုနီကိုရောက်ခါစ အချိန်ကိုက်ဖြစ်နေပါမည် ၊ ထိုထူးချွန်သောကျောင်းသားကိုဘယ်လိုမွေးထုတ်လိုက်သနည်း ၊ အဖြေမှာ ၆ တန်းမှ ၈ တန်းအထိ အရှိန်မြင့်သင်ရိုးညွှန်းတမ်းဧ။်အကျိုးဆက်ကို ကျောင်းဆရာ နှင့်ကျောင်းသားစည်းကမ်းလိုက်နာ ပူးတွဲအကောင်အထည်ဖော်လိုက်ကြခြင်းဖြစ်သည် ၊ ထိုကျောင်းသားသည် မြန်မာနိုင်ငံမှာကဲ့သို့ ကျောင်းမတက်မီနှင့် ကျောင်းဆင်းပြီးအချိန်များတွင် ကျူရှင်မသွားရပါ ၊ အိမ်စာနှင့်သင်ခန်းစာပြီးမြောက်၍ ကြိုတင်ဖတ်စရာများပြီးလျှင် ညနေပိုင်းမိဘနှင့်ဈေးဝယ်ထွက်နိုင်ပါသည် ၊ သူငယ်ချင်းများနှင့် အွန်လိုင်းဂိမ်းကစားနိုင်ပါသေးသည် ၊ သင်ရိုးညွှန်းတမ်းမှ သူရရှိလိုက်သောအကျိုးအမြတ်ကား မည်သည့်ကိစ္စကို မည်သို့ဖြေရှင်းရမည်ဆိုသည့် အဆင့်မြင့်တွေးခေါ်ခြင်းနှင့် အခြေခံယထာဘူတယူဆချက် ( Critical Thinking and Basic Concept ) ကို ရင်ဝယ်ပိုက်မိ လက်ခံနိုင်သောကြောင့်သာဖြစ်သည် ။



               

သမ္မတ အိုဘားမားတက်ခဲ့သော ကျောင်းတန်းရှည်ကြီးသည်လည်း ထိုနည်းတူတူပင်ဖြစ်သည် ၊ အခြေခံပညာစာသင်ခန်းထဲတွင် အသုံးချသိပ္ပံ နှင့် အသုံးချရူပဗေဒ ဘာသာရပ်များက ကျောင်းသားကို အပြင်လောကတွင်လေ့လာရန်စေ့ဆော်ပေးသည် ၊ ၄ ဦး ၊ ၅ ဦးတွဲအုပ်စုဖွဲ့စေ၍ ကိုယ်ပိုင်ပရောဂျက်များကို အဖွဲ့သားများဆက်သွယ်ဆောင်ရွက်စေသည် ၊ တစ်ပတ်တိုင်း သို့မဟုတ် တစ်ပတ်ခြားတိုင်း ဥာဏ်စမ်မေးခွန်းများဖြေခိုင်းသည် ၊ အမှတ် ၁ဝဝ ကို ၁ဝဝဝ ရာခိုင်နှုန်းနှင့် ၄င်းအထက်ရာခို်င်နှုန်းများခွဲကာ စာမေးပွဲကြီးကို တစ်နှစ်စာလုံး စုပြုံမကျက်မှတ်ရအောင် သင်ခန်းစာအခန်း ( Chapter ) အလိုက်ခွဲခြားဖြေကြားစေသည် ၊ ဆရာ နှင့် ကျောင်းသားဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် နှင့် အင်တာနက်သုံးစွဲနိုင်ရန် ဦးတည်၍ ကျောင်းအုပ်စုများမှတည်ဆောက်ထားသည့် ကျောင်းဝက်ဆိုဒ် ( School Loop ) များသို့ အကောင့်ဖွင့်၍ အွန်လိုင်းမှ အိမ်စာကိုတင်စေသည် ၊ အတန်းထဲတွင် အလှည့်ကျသရုပ်ပြ ( Demostration ) လုပ်ကြရသည် ၊ ကိုယ်ပိုင်စဉ်းစားဥာဏ်ဖြင့် ဘာသာရပ်တစ်ခုခုကို အထူးပြုဖြေကြားစေသည် ၊ ဆရာများကို ထောက်ပြသောမေးခွန်းများ ( Challenging Questions ) မေးစေသည် ။

ကောင်းမွန်သောအထူးလမ်းညွှန်ချက်အနေဖြင့် ကျောင်းသားအများစုအတွက် ဒေသဆိုင်ရာကောလိပ်များတွင်သင်ယူစေပြီး တက္ကသိုလ်သို့ဆက်စပ်ပေါင်းစည်းသင်ယူနိုင်သောယူနစ် ( UC Transfer List ) များညွှန်ပြထားပေးသည် ၊ ထိုစံနစ်အရ ကျောင်းသားသည် မိမိဒေသအတွင်းရှိကွန်မြူနတီကောလိပ်တွင် ဝိဇ္ဇာတွဲ ( A.A. - Associate in Arts Degree ) နှင့် သိပ္ပံတွဲ ( A.S – Associate in Science Degree ) တို့ကို ၄ နှစ်ကာလဖြင့် အပြတ်ယူနိုင်ပြီး ယူစီ ( တက္ကသိုလ် ) သို့ဆက်သွားနိုင်အောင်လမ်းဖွင့်ပေးထားသည် ၊ သို့တည်းမဟုတ် အလုပ်ခွင်အမြန်ဝင်ရန် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ် ( Certificate of Proficiency ) ကို ၂ နှစ်ဖြင့်ရယူနိုင်သည် ၊ သို့သော် ဤအစီအစဉ်ဖြင့် တက်ထားသောယူနစ်များကို ယူစီသို့သယ်ယူကူးပြောင်းခွင့်မပြုပေ ၊ ကောလိပ်မှ စာတော်သောကျောင်းသားများကို ယူစီများမှ မျက်လုံးဒေါက်ထောက်ကြည့်ကာ သူ့ထက်ငါ စကော်လာရှစ်ပေးကြသည် ၊ ယူစီ ရောက်လျှင်ရောက်ချင်း ပြန်ဆပ်စရာမလိုသော တစ်ကြိမ်ထောက်ပံ့ငွေ ( Grant ) ပေးခြင်းဖြင့် မိမိတို့တက္ကသိုလ်ကို ရောင်းအားမြှင့် ပရိုမိုးရှင်းလုပ်ကြသည် ။ အသက်အရွယ်မည်မျှကြီးစေကာမူ ကျောင်းတက်ခွင့်ရှိသည်မှာ အမေရိကန်ပညာရေးစံနစ်ဧ။် အားသာချက်များတွင် တစ်ခု အပါအဝင်ဖြစ်သည် ။

အဓိကလိုရင်းမှာ ကျောင်းသက်တမ်းပြီးဆုံးသွားသူများအလုပ်ခွင်ဝင်ရေးပင်ဖြစ်သည် ၊ အလုပ်ခန့်သောကုမ္ပဏီများမှ ဘွဲ့ရကျောင်းဆင်းအသစ်များကိုနေရာပေးရေးစီမံကိန်းများကို ပြည်နယ်အစိုးရဧ။်လမ်းညွှန်မှုဖြင့်ပူးပေါင်းအကောင်အထည်ဖေါ်ကြသည် ၊ ထိုသို့တင်ပြခြင်းဖြင့် အိုဘားမားတို့တိုင်းပြည်တွင်အလုပ်အလွန်ပေါများသလော ၊ အလုပ်အကိုင်ပေါများသလောက် အလုပ်လက်မဲ့အများဆုံးနိုင်ငံများစာရင်းတွင်ထိပ်ဆုံးမှပါဝင်သည် ၊ အကြောင်းရင်းမှာ ကုန်ထုတ်လုပ်မှုစီးဆင်းမှုသည် လုပ်ခသက်သာသောပင်လယ်ရပ်ခြားသို့စီးဆင်း ( Outsourcing ) ကုန်သောကြောင့်ဖြစ်သည် ။

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်လျှင်ရော အသစ်ဖြစ်လာမည့် သင်ကြားမှုစံနစ်သည် စာသင်သားတို့ဧ။်ဘဝ ကို မည်မျှအာမခံချက်ပေးနိုင်ပါမည်နည်း ၊ ကျောင်းသားနှင့်အုပ်ချုပ်သူအစိုးရကြား သိမ်မွေ့ချောမွတ်သောဆက်ဆံရေး တည်ဆောက်နိုင်ပါမှ ရှေ့အနာဂါတ်ရောင်ခြည်ထွန်းလင်းတောက်ပလာမည်မဟုတ်လော ၊ နိုင်ငံရပ်ခြားသို့ ထွက်ခွာပညာသင်ခဲ့ကြသော အသက် ၄ဝ ကျော် ၁၉၈၈ နှောင်းပိုင်းက ကျောင်းမပြီးသောကျောင်းသားဟောင်းများ ရန်ကုန်ကိုပြန်ပြီး အသစ်တက်မည့်ကျောင်းသားသစ်တွေကို ကူညီရမည်လား ၊ တနည်းအားဖြင့် မိမိနိုင်ငံကို နှစ်ပေါင်း ၂ဝ ကျော်စွန့်၍ ရေကြည်ရာမြက်နုရာတွင် အခြေလဲကျရော မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံရေးသမားအသွင်ဖြင့် ဝင်ရောက်ရမည်လား မသိတော့ပါ ။

ယခုလက်ရှိခေတ်သစ်မြန်မာနိုင်ငံတွင် နိုင်ငံအကျိုးကို အနစ်နာခံ ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြသောအကျဉ်းစံကျောင်းသားများ နေရာရနေကြပါသည် ၊ ပရဟိတ လုပ်သူများကို ကူညီသူများနေပါသည် ၊ နှစ်ပေါင်း ၂ဝ ကျော် အမိန့်အာဏာဖြင့်အုပ်ချုပ်ခဲ့သော ဒုတိယမျိုးဆက်စစ်အသွင်ပြောင်း ဒီမိုကရေစီအစိုးရ နိုင်ငံတကာတွင် မျက်နှာပွင့်လျက်ရှိနေပါသည် ၊ ချေးငွေဒေါ်လာ သန်းပေါင်း ၆ဝဝဝ ကျော် လျှော်ချနိုင်ခဲ့သော အစိုးရယန္တရား ဂုဏ်ယူစရာအမှတ်များတိုးနေပါသည် ၊ နှစ်ပေါင်း ၂ဝ ကျော်သက်တမ်းရှိ မြန်မာနိုင်ငံဧ။်လက်ရွေးစင်သူဌေးကြီးများဧ။် လက်ရှိဝယ်ကုန်မှာ ဂုဏ်သိက္ခာ ဖြစ်နေပါသည် ၊ ထို့အပြင် အိမ်နီးနားချင်းတိုင်းပြည်များမှ ပြည်တွင်းဖြစ်ကုန်သည်လက်သစ်များ ငွေထုပ်ပိုက် မြေဈေးကစားမှုဧ။်အကျိုးဆက် သာမန်ပြည်သူများမဆိုထားနှင့် ၊ ငွေအသင့်အတင့်ရှိသူများပင် အိမ်မပိုင်နိုင်တော့ပါ ၊ ထိုသို့ဆိုလျှင် ၁၉၈၈ တုန်းကကျောင်းလည်းမပြီးခဲ့ ၊ မြန်မာနိုင်ငံတွင်လည်းအလုပ်အကိုင်ပြန်လည်လုပ်ကိုင်ရန်မလွယ်ကူ ၊ ပြည်ပနိုင်ငံတွင်လည်း အလုပ်သမားသာသာ ၊ နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုကုမ္ပဏီကြီးများကိုပင့်၍လည်းမြန်မာပြည်တွင်းသို့ခုန်ဝင်ကာ စီးပွားရေးလုပ်ရန်အရင်းအနှီးမရှိ ၊ ဤကဲ့သို့လူတန်းစားတစ်မျိုးရှိနေသေးသည်ကို သမ္မတဦးသိန်းစိန်တို့ အစိုးရအဖွဲ့ မေ့နေပြီလားဟုမေးခွန်းထုတ်ရင်း “ကျွန်တော်တို့မအိုသေးပါဘူး ၊ တက္ကသိုလ်ပြန်တက်ခွင့်ပေးပါ သမ္မတကြီးခင်များ “ ဟုသာ ပြောလိုက်ချင်ပါတော့သည် ။


ကိုညီညီိ - တောင်ကြီး





No comments: