ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
|
.
.
----
ပထမဦးဆုံး ရဲအတားခံရတာက ပထမကား ဝယ်ပြီးခါစ မှာပါ။ ပထမဦးဆုံး အလုပ်ခန့်မယ့်နေရာ က
ပထမဦးဆုံး ကျန်းမာရေးဆေးစစ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့မြို့ Pleasanton ကို
ရောက်ဖူးတာလည်း ပထမဦးဆုံးပဲ။ ဖရီးဝေးကို ပထမဦးဆုံး မမောင်းတတ်သေးလို့ ဒီနိုင်ငံက
တူမလေးကို အကူအညီတောင်း မောင်းခိုင်းရတယ်။ ဒီကားကို မိန်းကလေး မောင်းတာလည်း ဒါ ပထမဦးဆုံးပဲ။
အဲဒီမြို့ကိုဝင်ဖို့ ဖရီးဝေး ကနေ အထွက် တူမလေး က မောင်းရင်တန်းလန်း
အရှိန်လျှော့ပြီး လမ်းဘေး ကို ဖြည်းဖြည်းလေးဆွဲချလိုက်တဲ့အခါ ဘာဖြစ်တာလဲ လို့ မေးလိုက်မိတယ်။
သူက နောက်ကိုကြည့်လိုက်တဲ့၊ တွေ့ပါပြီ ၊ ရောင်စုံဝိုင်ယာလက်မီးထွန်းပြီး
ကပ်လိုက်လာတဲ့ ပထမဦးဆုံးရဲကား။
.
ဒါနဲ့ ရှော့ပင်းမော
တစ်ခု ရဲ့ ကားပါကင်ထဲ ကွေ့လိုက်ပြီး ရပ်ပေးလိုက်တယ်။ ရဲ က တူမလေးကို
လိုင်စင်တောင်းကြည့်ပြီး ကားနောက်က နံပါတ်ပြားမှာ ကားလိုင်စင် သက်တမ်းလွန်နေလို့
ဖမ်းတာလို့ ရှင်းပြတယ်။ ရဲကားက စာဖတ်တာမဟုတ်ဘူး။ ကားနံပါတ်ပြား ထောင့်နားမှာ
ကပ်ထားတဲ့ စတစ်ကာ အရောင်ကို လှမ်းကြည့်ရုံနဲ့ သက်တမ်းလွန်မလွန်သိတယ်။ တူမလေး က
သက်တမ်းမလွန်တဲ့အကြောင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တာဖြစ်လို့
သက်တမ်းတိုးကပ်ခွာ ရောက်မလာသေးကြောင်း၊ ကားပွဲစား ကိုယ်စားလှယ် Dealer ဆီက
ပေးလိုက်တဲ့ စာရွက်ကို ကားရှေ့မှန်မှာ ကပ်ထားကြောင်း ရှင်းပြလိုက်တော့ ပထမဦးဆုံး
ရဲ နဲ့ အဆင်ပြေသွားပါတော့တယ်။