ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
တစ်ကမ္ဘာလုံးပတ်မွှေတဲ့ ခရိုနာအဆုတ်ပြွန်လူသတ်ပိုးဟာ ပင်လယ်အော်ဒေသကိုအခြေချလာတဲ့အခါ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက အိမ်မှာနေဖို့ Shelter in Place အမိန့်အရ မလိုအပ်ဘဲ အပြင်မထွက်ဖို့တားမြစ်ထားပါတယ်။
ဒီအခြေအနေကြားမှာကို ကျွန်တော်ဟာ မဖြစ်မနေခရီးထွက်ခဲ့ရတာမို့လို့ အတွေ့အကြုံတစ်ချို့ နဲ့ ဆန်ဖရန်စစ္စကို နဲ့ L.A တို့ရဲ့လက်ရှိအခြေအနေကို ရေးပြချင်ပါတယ်။
ၐၐၐ ညသန်းခေါင်ယံကျော်ရင် မသွားမဖြစ်ကိစ္စကလွှဲရင် မထွက်ရဆိုလို့ မနက်မလင်းခင်ထွက်ပါတယ်။ သွားရမယ့်ခရီးက (၅) နာရီမောင်းစရာ UCLA ကျောင်းရှိရာ L.A မြို့ကိုပါ။ အစပိုင်းက လူတွေပြောသလို ညမထွက်ရ မာရှယ်လော . . ဘာ . . ညာ လို့ထင်ပြီး စစ်ဆေးမယ့် တိုးဂိတ်တွေမှာ ခရီးထွက်ရတဲ့အကြောင်းရင်းကိုပြရမယ်ထင်ထားတာ ဘာတိုးဂိတ်မှမရှိပါဘူး။
ၐၐၐ Governor ပြောထားတဲ့ Shelter in Place ခရိုင် (၆) ခုကို ကျော်မောင်းပြီးမှသာ L.A ကို ဦးတည်ခေါ်ဆောင်သွားမယ့် အဝေးပြေးလမ်းအမှတ် (၅) I-5 ကိုရောက်ပါတယ်။ ဘာအတားအဆီးမှမရှိပါ။ ထူးခြားတာကတော့ကားလမ်းတွေပေါ်မှာ ကားအရေအတွက် အင်မတန်နည်းပါးနေတာပါပဲ။
ၐၐၐ လမ်းခရီးမှာ စားသောက်ဆိုင်တွေဖွင့်ပါတယ်။ အစားအသောက်ဝင်ဝယ်လို့ရပါတယ်။ ထိုင်စားဖို့နေရာတွေ၊ ထိုင်ခုံတွေ၊ စားပွဲတွေကို တိတ်အဝါပတ်ထားပြီး ချိတ်ပိတ်ထားပါတယ်။
ၐၐၐ ဓါတ်ဆီဆိုင်တွေဖွင့်ပါတယ်။ ကမ္ဘာ့ရေနံဈေးကျလို့ မြို့တွေမှာ ဓါတ်ဆီဆေးကျပေမဲ့ လမ်းမှာ ဓါတ်ဆီဈေးအင်မတန်ကြီးပါတယ်။ အိမ်သာဝင်တက်ဖို့ စောင့်ရဖို့လူတန်းရှည်တွေမရှိတော့ပါ။
ၐၐၐ L.A မြို့ဝင်တာနဲ့ကားတွေများလာပါတယ်။ ၁၉ ရက်နေ့သွားတာဆိုတော့ L.A ကို Shelter in Place သက်ရောက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ အမြဲလိုလို ကျောင်းသား (၄ဝဝဝဝ) လောက်နေ့တိုင်းလှုပ်ရှားနေတဲ့ UCLA ရဲ့ (၁၉/ဝ၃/၂ဝ) အခြေအနေအရ နောက်ဆုံးဖိုင်နယ်စာမေးပွဲသီတင်းပတ်ဖြစ်တာနဲ့အညီ ကျောင်းသား (၁ဝဝဝဝ) လောက်တောင်မကျန်တော့ပါဘူး။ (တစ်ချို့ဖြေပြီး၊ တစ်ချို့အွန်လိုင်းတင်၊ တစ်ချို့အိမ်ကြိုပြန်)