ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, September 22, 2021

အင်္ဂလိပ်စာသိပ်မတတ်ဘဲလာလို့မရဘူးလား

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ဟောလီဝုဒ် ရုပ်ရှင်ကားတွေကြည့်ပြီး အမေရိကားကို လာလို့မရပါဘူး။ ရုပ်ရှင်ထဲမှာ ကြားရတာတွေက လမ်းဘေးမှာပြောနေတဲ့ Street Talk လို့ခေါ်တဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းစကားတွေ ဒီအမေရိကားရဲ့ အလုပ်ခွင်မှာပြောရင် ကျိမ်စာသင့်သွားနိုင်ပါတယ်။

ရုပ်ရှင်ထဲက ကျော်ဟိန်းပြောတဲ့စကားဟာ အပြင်မှာ နေ့တိုင်း ကြားမှ မကြားရတာပဲလေ။ ဒါပေမဲ့ ကျော်ဟိန်းပြောသလို လိုက်ပြောတယ်၊ ကျော်ဟိန်းဝတ်သလို လိုက်ဝတ်တယ်။ ကျော်ဟိန်းနဲ့ တူချင်တယ်။ ဒါဟာ ခေတ်တစ်ခုပဲ။ ဒါဟာ အမှန်တရားပဲ။

အမေရိကားကို လူတွေသိနိုင်တာက အဓိက ၂ နေရာရှိတယ်။ တစ်ခုက အမေရိကန်အင်္ဂလိပ်စာ၊ နောက်တစ်ခုက အ‌ရှေ့ကပြောခဲ့တဲ့ မီဒီယာတွေ၊ မြူးဇစ်တွေ၊ ‌‌ဖျော်ဖြေရေးတွေ၊ ဒေတာတွေ အကုန်စုပေါင်းနေတဲ့ ဟောလီဝုဒ်။ အဲဒီ ဟောလီဝုဒ်က ကမ္ဘာမှာ တစ်နေရာထဲ ရှိတယ်။

ဘာမဆိုအကုန်လိုက်တုနိုင်တဲ့ ခြိုင်းဏားလူမျိုးတွေဟာ ဟောလီဝုဒ်ကို ဘယ်လိုမှ မတုနိုင်ဘူး။ ဒါပေမဲ့ သူတို့မှာ ငွေရှိတယ်။ ဒါကြောင့် မတုနိုင်တဲ့ ဟောလီဝုဒ်ကို ငွေပေးပြီးဝယ်တယ်။ ရှယ်ယာ ထည့်တယ်။ ကဲ အကြွေးပူသူကြီး အန်ကယ်ဆမ် နောက်ဆုံးတော့ ငွေလိုတော့ ‌ရောင်းရတာပဲ။

Wednesday, August 18, 2021

အသက်ကြီးကျောင်းရဲ့ခေါင်းလောင်းသံ‌

 

ဆောင်းပါးရှင် - တောင်ကြီး


   နေရာသစ်ကို လာရတော့မယ်လို့ သိရတဲ့အချိန် ရင်အခုန်ဆုံးက ကျောင်းသွားတက်လို့ရတော့မယ် ဆိုတာပါပဲ။ အထက်တန်းကျောင်းလား၊ ဟာ မဟုတ်သေးဘူး၊ ငါ့အသက်နဲ့ အထက်တန်းကျောင်း ပြန်တက်လို့မရတော့ဘူး။ ဒါနဲ့ ကောလိပ်လား၊ ဟာ မဟုတ်သေးဘူး၊ ဒီ‌မှာနေလို့ ဂရင်းကတ် ၁ နှစ်ပြည့်သွားမှ ကောလိပ်သွားတက်ရင် ကျူရှင်ခ ၈ ပုံ ၁ ပုံပဲ ပေးရတော့မှာလေ။ ဘယ်လို အကြောင်းကြောင့်ပဲရောက်လာ ရောက်လာ လူတိုင်းတက်လို့ရတဲ့ လူကြီးကျောင်း-Adult School. အဲဒီကျောင်းကို ပြောတာ။


          ကျွန်တော်‌ရောက်တုန်းက စသွားတက်တဲ့ကျောင်းရဲ့ ကြော်ငြာ အိမ်ကိုရောက်လာတော့ ကျွန်တော့စိတ်တွေကို ဟိုး ၁၂ နှစ်တာ ကာလကို ပြန်ခေါ်သွားကြတယ်။ အဲဒီတုန်းက ကားလိုင်စင် ဖြေဖို့လည်း စောင့်ရ၊ ဘာကတ် ညာကတ်ရဖို့လည်း စောင့်ရနဲ့ စိတ်ပိန်နေတဲ့အချိန် အိမ်က အမျိုးတွေနဲ့ Adult School သွားတက်ကြတယ်။ ကျောင်းတက်တာက ညဘက်ကြီး၊ အလုပ်လုပ်ပြီး ပြန်တဲ့အချိန်မျိုး။ တစ်ခါသင်ရင် ၃ နာရီလောက်သင်တယ် ESL Class ပါ။ ပြောရင်‌တော့ မြန်မာနိုင်ငံမှာ ကြားဖူးခဲ့တဲ့ ညကျောင်းဆိုတာမျိုး။ နေ့ဘက်အလုပ်လုပ်သူတွေကို အလုပ်ခွင်မှာ အင်္ဂလိပ်စကားတတ်အောင်လို့ ညဘက်သင်ပေးကြတာ။


          A, B, C, D ဆိုပြီး ၄ ခန်းရှိတာမှာ ကျွန်တော့အင်္ဂလိပ်စာက အခန်းဖော်တွေထက်မြင့်နေလို့ဆိုပြီး A ကနေ D ကို ‌ရွှေ့ခိုင်းတယ်။ အမှန်က ကျွန်တော်က မြင့်နေတာ မဟုတ်ဘူး။ တခြားလာတက်သူတွေက ဘာမှ မတတ်ကြလို့၊ နားလည်ပေမဲ့ အင်္ဂလိပ်လို ပြန်မပြောတတ်ကြလို့။ D အခန်းရောက်တော့လည်း စာလုံးတွေချည်း ပေါင်းပြနေတာ့ ကျွန်တော်က ထထအော်တာနဲ့ D အတန်းပိုင်ဆရာမက ကျွန်တော့ကို ကောလိပ်သွားတက်တော့တဲ့။ ဒီလိုနဲ့ အဲဒီ Adult School တက်တာကို နားလိုက်ရတယ်။

Sunday, August 15, 2021

အမေရိကားမှာ အရိုက်ခံရရင် U Visa ရှိတယ်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အပြီး ပြည်ဝင်ပြောင်းရွှေခွင့်မရတဲ့ Nonimmigrant Status တစ်ခုကို အမေရိကန်အစိုးရက တရားဝင် လျှောက်တင်ခွင့်ပေးထားပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုမှ ကာကွယ်ရေးအတွက် အမေရိကန် ကွန်ကရက်က သက္ကရာဇ် ၂ဝဝဝ အောက်တိုဘာလမှာ ချမှတ်ပေးခဲ့တာပါ။ စစ်ဒဏ်ကြောင့် ခိုလှုံလာခဲ့ကြတဲ့ ပြည်ပြေးအမျိုးသမီးထုကို ကာကွယ်ဖို့ ရည်ရွယ်ချက်တစ်ခုကလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


ဒါကို U Visa လို့ခေါ်ပြီး အမေရိကန် လ.ဝ.က စာမျက်နှာမှာ Victims of Criminal Activity: U Nonimmigrant Status လို့ ရှာကြည့်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ ကာမအိန္ဒြေထိပါးစော်ကားမှု၊ နိုင်ငံသားမဟုတ်သူတွေကို လူကုန်ကူးမှု၊ စိတ်ဝေဒနာရရှိအောင်ထိပါးခံရမှု၊ ရုပ်ခန္ဓာထိပါးမှုတို့ကို ကာကွယ်နိုင်သမျှ ကာကွယ်နိုင်အောင် ဒီဥပဒေအရိပ်ကို ပေးခိုလှုံမှာပါ။

U Visa ကို
.
၁. အထက်ပါခံစားရမှုတစ်ခုခုနဲ့ အကျုံးဝင်ရင်
.
၂. မတရားခံစားရမှုအချက်အလက်တွေ ရှိနေပေမဲ့ အသက် ၁၆ နှစ်အောက် ဖြစ်နေရင်
.
၃. ဒီလိုကျူးလွန်မှုတွေဟာ အမေရိကန်ပြည်ထောင်စုထဲမှာ ဖြစ်နေပြီး ဒီက ဥပဒေတွေကို ချိုးဖောက်ထားရင် လျှောက်ထားနိုင်ပါတယ်။ (အမေရိကားပြင်ပကနေ အမေရိကားကို ဝင်ဖို့ သံရုံးကအင်တာဗျူးတဲ့ ဗီဆာအမျိုးအစား မဟုတ်ပါ။ လျှောက်လို့ မရပါ)

Saturday, August 14, 2021

ကျေးဇူးရှိသူများသို့

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော် အမေရိကား လာရတော့မယ်ဆိုတုန်းက သိပ်သိချင် သိပ်စပ်စုချင်ခဲ့တာတွေကို ပြောပြသူက ၂ ယောက်ပဲ ရှိတယ်ဗျ။ တစ်ယောက်က ဒီကခေါ်တဲ့ အစ်မရယ်၊ သူ့ယောက်ျားရယ်။

နောက်တစ်ယောက်က မခင်အေးဝင်းလို့ခေါ်တဲ့ တောင်ကြီးက အိမ်နီးနားချင်းတစ်ယောက်ရယ် သိပ်ကောင်းကြတာ။

ဘယ်လောက်‌တောင်သိချင်သလဲဆိုရင် ဒီမှာ စောင်၁ ထည်ဘယ်လောက်ဆိုတာအထိ ဈေးနှုန်းပါ သိချင်ခဲ့တာ။ အဲတော့ ကျွန်တော့အစ်မက နင်သိပ်လျှာရှည်တယ်တဲ့။

နောက် လိုက်မေးတဲ့အထဲမှာ ၇ လမ်းမှာ နေပြီး DV ပေါက်သွားတဲ့ မမေဝင်းမောင်ဆိုတဲ့ နယူးယောက်မှာနေတဲ့ ကျွန်တော့်အမျိုးသမီးနဲ့ အိမ်နီးနားချင်း။ သူက ဘာပြောတယ် မှတ်သလဲ။ (ကိုညီညီ အဲဒီတုန်းက ဘာအဆင့်မှမရှိသေးတော့ ညီညီ ပေါ့ ဟာဟ)

"ညီညီ နင် မြန်မာနိုင်ငံမှာ ၁ လကို ၁ဝ သိန်းရှာနိုင်ရင် ‌အမေရိကားမလာနဲ့ ပင်ပန်းတယ်" တဲ့

Sunday, August 8, 2021

နှ‌မြောမိတဲ့အင်္ဂလိပ်စာ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အင်္ဂလိပ်စာကို ချစ်မြတ်နိုးသူ တစ်ယောက်အတွက် အပျော်ဆုံးအချိန်ဟာ အင်္ဂလိပ်စာကို လက်တွေ့အသုံးချသူတွေ ရှိတဲ့နေရာကို ရောက်သွားတဲ့အချိန်ပါပဲ။ ဒါ့ထက်ပို ကြည်နူးဖို့ကောင်းတာက အင်္ဂလိပ်စကားကို မွေးကတည်းကပြောတဲ့ မိခင်ဘာသာစကား တိုင်းပြည်မှာ လေ့လာခွင့် ရနေတာပါ။

တကယ် လေ့လာချင်သူတွေကတော့ အသက်အရွယ်ကိုလိုက်ပြီး မိမိဘဝကို နောက်တဆင့်မြှင့်တက်စေမယ့် ကျောင်းတက်တာတို့၊ လေ့လာမှုတစ်ခုကို ဆက်လက်လုပ်ဆောင်နေတာတို့ကို တွေ့ရတော့ အင်မတန် အားတက်မိတယ်။

ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အင်္ဂလိပ်စကား အဓိကမပြော၊ မသုံး၊ မရေးတဲ့ တိုင်းပြည်ကလာသူတွေအတွက် အထူးအခွင့်ရေးလို ဖြစ်နေပေမဲ့ ဒီဘက်မြေမှာမွေးပြီး အင်္ဂလိပ်စကားကို ဘာမှသင်စရာမလိုတဲ့ အိမ်မွေးခြံပေါက် ဘိုလိုပေါက်ရောက်နေသူတွေ အတွက်က ဘာမှ အရေးမကြီးသလို ခံစားရတယ်။

သူတို့နဲ့ ရင်ဆိုင်လိုက်ရင် ESL Speaker သမားဟာ အလိုလို အားငယ်နေရသလို ဒီဘိုတွေကလည်း ကြိမ်ဖန်များစွာ (လူအကုန်လုံးကို မဆိုလိုပါ) အထင်သေးကြလေ့ရှိတယ်။ ဒါပေမဲ့ ၂၁ ရာစုရောက်လာတဲ့နောက်ပိုင်း ဒီလို နှိမ့်ချဆက်ဆံမှုတွေဟာ မမြင်ရသလောက် ကွယ်ပျောက်လာပါတယ်။

ဒီလို ကျွန်တော်တန်ဖိုးထားတဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို အသုံးမကျအောင်လုပ်ပစ်တဲ့ လူတစ်ယောက်အကြောင်း ပြောပြချင်တယ်။ သူပြောတာ ဆိုတာကိုနားထောင်ပြီး သူတတ်ထားတဲ့ အင်္ဂလိပ်စာကို နှမြောတယ်။ သူသွားလာလှုပ်ရှားနေတာကိုကြည့်ပြီး သူကျင်လည်တဲ့နေရာတွေမှာ ကျွန်တော် မတတ်သေးတဲ့ အင်္ဂလိပ်စာတွေကို နှမြောတယ်။ ကျွန်တော် နားလည်နိုင်စွမ်းမရှိတဲ့ သူအမြဲနားထောင်နေတဲ့ Rap ၊ R&B သီချင်းတွေကိုကြားမိတိုင်း သူ့အင်္ဂလိပ်စာတွေကို နှမြောမိတယ်။

Saturday, August 7, 2021

ကားတစ်စီးအကြွေးနဲ့ဝယ်စီးဖို့ချေးငွေအကြောင်း

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ချေးငွေလို့ဆိုဆို၊ ကားလုံးလို့ခေါ်ခေါ် ကားတစ်စီးကို ငွေလက်ငင်းချ မဝယ်ချင်တဲ့အခါ၊ မဝယ်နိုင်တဲ့အခါ၊ မဖြစ်မနေ ငွေချေးဝယ်ရတဲ့အခါ အမေရိကားမှာ ‌အကြွေးပြန်ဆပ်နိုင်တဲ့ရာဇဝင် လိုပါတယ်။ ဒါကို FICO Score လို့ခေါ်ပြီး the Fair Isaac Corporation က ထွင်ခဲ့တာပါ။ မြန်မာအခေါ် ခရက်ဒစ်ရှိဖို့ လိုတယ်ဆိုတာမျိုးပေါ့ဗျာ။ ကားဝယ်ဖို့ ခရက်ဒစ် လိုတယ်ဆိုတာ လိုရုံဆိုရုံလေးသာ။ ကားအကြွေးဝယ်တာကို ရောင်းချင်လွန်းတဲ့ ဒီလာကြီး၊ ဒီလာအလတ်၊ ဒီလာပေါက်စနဲ့ တသီးပုဂ္ဂလ ကားဝယ်ရောင်းတွေ အများကြီးပါ။

"အဘယ့်ကြောင့်အမေရိကား" စာအုပ်မှာ ကားအကြောင်း အကုန်အစင်ထည့်ရေးလိုက်ပြီး နောက်ရေးစရာမလိုတော့လောက်အောင် စုံလင်ပြီလို့ ထင်ခဲ့တာ တကယ်တော့ မစုံသေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကားရဲ့ ခြေထောက်ဟာ ကား၊ လူတစ်ယောက် အလုပ်လုပ်ရင်းပိုက်ဆံရဖို့က နေရာတော်တော်များများမှာ မရှိမဖြစ်က ကား။ ဒါကြောင့်ပဲ အမေရိကားရောက်တာနဲ့ ဘယ်သူမဆို ကားမောင်းနိုင်အောင် အရင် စီစဉ်ရတယ်။

တဆင့်ချင်းတွက်ပြရရင် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ကားတစ်စီးကို ‌ဒေါ်လာ ၂ဝဝဝဝ ပေးဝယ်တော့မယ် ဆိုပါတော့။ ဘယ်နည်းနဲ့‌ပဲငွေရှင်းရှင်း ကာားတန်ဖိုးရဲ့ ၁ဝ% ခန့်ကို အခွန်ကြေး၊ ‌ဒေါ်လာ ၁ဝဝဝ ခန့်ကို က.ည.န ကြေးအနေနဲ့ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ ၂၃ဝဝဝ ခန့် ပေးရပါမယ်။ ငွေလက်ငင်းချဝယ်လိုက်ရင် အားလုံးကိစ္စရှင်း၊ ဒီလာက ပို့လာပေးတဲ့ ကားပိုင်ဆိုင်မှုစာရွက်-Title နဲ့ သက်တမ်းရှိစာရွက်ကို စောင့်နေရုံပဲ။ ဒါပေမဲ့ ငွေအကျေမချေဘဲ ဝယ်မယ်ဆိုရင် ဘယ်လိုအဆင့်တွေ ရှိမလဲလို့ လာမေးကြတယ်။

Friday, August 6, 2021

ဆရာကြီးဆိုသူများသို့

ကျွန်တော်ဘဝတလျှောက်မှာ ဆရာတွေအများကြီး ရှိပေမဲ့ ဆရာကြီးဆိုသူတွေထဲမှာ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ပဲ ကျွန်တော်လေးစားတယ်။ ဒါတောင် အမျိုးသမီး။ အ.လ.က ၅ က ကျောင်းအုပ်ဆရာမကြီး။ အခု အင်တာနက်ပေါ်မှာက ဆရာကြီးလို့သုံးလိုက်ရင် အဲဒါ ရွဲ့စောင်းပြောတာ၊ ချိတ်တာ၊ ဖဲ့တာ၊ အထင်သေးလို့ပြောတာ၊ ငယ်ငယ် ကျောင်းတုန်းက စကားနဲ့ပြောရင် အကြီးကြီးလုပ်တာ။ မူလစာလုံးဟာ လူတွေရဲ့ တလွဲယူမှု ခေတ်ရေစီးကြောင်းကြောင့် အဓိပ္ပာယ်ပြောင်းလာရတယ်။


ကျွန်တော်ဟာ ဆရာကြီးတစ်ယောက် မဟုတ်ပါ။ ဘာဘွဲ့မှ မရထားပါ။ သာမန်ဘဝကနေ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး အခုလိုအချိန်မှာ "ပြည်လည်အသိပညာမျှဝေသူ" အဆင့်ထိရောက်ဖို့ တဖြည်းဖြည်းတက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ စာအုပ်ထုတ်တယ်ဆိုတာလည်း ကိုယ်ရေးထားတာတွေဟာ တချိန်ချိန် အင်တာနက်ကြီး မည်းမှောင်ကျသွားရင် နောက်လူတွေ အမေရိကားအကြောင်း လေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၂ အုပ်ထုတ်ထားပြီ။ မသေခင်အထိ ၇ အုပ်ပြည့်အောင် ထုတ်အုံးမယ်။ စာတွေက အဆင်သင့်။

နေရာသစ်မှာ ခြေလာချတာက အဓိက သားသမီးပညာရေးကောင်းဖို့။ ကျန်တာတွေက သာမညတွေ။ ဖြစ်လည်း ရတယ်။ မဖြစ်လည်း ရတယ်။ ဒီလိုစိတ်မျိုး ထားထားတာ ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်တော့ဘဝမှာ တက္ကသိုလ်ပညာ သင်ရင်းတန်းလန်း ငွေစက္ကူ တရားမဝင်ဘူး ကြေငြာတယ်။ အဲဒါတောင် ဒုတိယတစ်ကြိမ်။ အဝေးသင်ရောက်သွားလည်း ကျောင်းက တက်လို့မရတော့ဘူး။ ဒီလို ခါးကျိုးခဲ့ကတည်းက အသေမှတ်ထားတာ "ငါ့သားသမီးအလှည့်ကျရင် ဒီလို မဖြစ်စေရဘူး"

လိုရင်းကို ပြန်ကောက်ရရင် အင်တာနက်မှာ စာရေးရင်းနဲ့ အမေရိကားနဲ့ ပတ်သက်ရင် ကိုညီညီ (တောင်ကြီး) ရေးတာကို ဖတ်ကြမယ်ဆိုပြီး ဖြစ်လာတယ်။ နာမည်ကြီးတာကို ကျွန်တော် စိတ်မဝင်စားဘူး။ အလုပ်ရှုတ်တယ်။ ဒါကလည်း ကျွန်တော်ဖြစ်ချင်လို့ လုပ်ထားတဲ့ဘဝ မဟုတ်ဘူး။ ကျွန်တော် လုပ်ချင်တာကို ရွေးလုပ်ရင်း ဖြစ်လာတဲ့ဘဝ။ ဒါကို ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်‌တော့ခေါင်းပေါ်မှာ ဆရာကြီးဆိုတာ မရှိဘူး။ ကျွန်တော့ခေါင်းပေါ်မှာ အမှိုက်ပုံး မရှိဘူး။ လာသွန်လို့ မရဘူး။ လက်မခံထားဘူး။

Monday, August 2, 2021

ဝင်းဗိုလ်၊ ဖိုးထောင်နဲ့ မောင်မောင်နိုင် ငယ်သူငယ်ချင်း ၂ ယောက်အကြောင်း

ခပ်ငယ်ငယ်အရွယ် ကျောင်းတုန်းက ကျောင်းနေဘက် သူငယ်ချင်း၂ ယောက်ကို ပြန်သတိရမိတယ်။ တကယ့်အဖြစ်အပျက်ဆိုတော့ နာမည်အစစ်မှန်တွေသုံးပြီး ရေးပြသွားပါမယ်။

တစ်ယောက်က ဝင်းဗိုလ်၊ နောက်တစ်ယောက်က ဖိုးထောင်။ သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့ အချက်တစ်ခုရှိတယ်။ အဲဒါကတော့ ကျန်တဲ့ ကျောင်းသူကျောင်းသားတွေထက် လူကောင်ကြီး၊ အသက်ကြီးနေတာပါ။
ဝင်းဗိုလ်ရဲ့ အဖေဟာ အဲဒီတုန်းက ဆတ်သားကင်၊ ဆိတ်သားကင်တို့ကို လှည့်လည်ရောင်းချသူပါ။ ဝင်းဗိုလ်ဟာ ကျောင်းမလာခင်နဲ့ ကျောင်းဆင်းသွားတဲ့နောက်ပိုင်းမှာ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ မိသားစု တနိုင်တပိုင် စီးပွားရေးကို ကူလုပ်ရတယ်။
ဆရာမက အိမ်စာပေးလိုက်တိုင်း နောက်နေ့မှာ ပြန်မတင်နိုင်လို့ အမြဲလိုလို ဒဏ်ပေးခံရတယ်။ အဲဒီဒဏ်ကလွတ်အောင် ဝင်းဗိုလ်ဟာ အတန်းထဲရောက်လာရင် ကျောင်းသားငယ်တွေဆီက အိမ်စာကိုအမြန်ကူးပြီး တင်တယ်။
ဒီလိုလုပ်နိုင်တာက ၁ ရက် ၂ ရက်၊ အိမ်စာ မတင်နိုင်တာက အကြိမ်အများကြီးဆိုတော့ သူ့ခန္ဓာကိုယ်က ကြီးကောင်ကြီးမားပေမဲ့ ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး ဒဏ်ပေးခံရပြီပေါ့။
ဝင်းဗိုလ်ဟာ သ်ပ်ပျော်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကျွန်တော်နဲ့ ရွယ်တူ ကျောင်းသူ ကျောင်းသားတွေထက် ၂ နှစ် ကြီးနေတာက ၄ တန်းနဲ့ ၅ တန်းတို့မှာ ၁ နှစ်စီ ကျထားလို့ပါ။
စာမေးပွဲတွေကျ၊ အတန်းတွေကျလို့ အသက်ကြီးလာပေမဲ့ ဝင်းဗိုလ်ဟာ ဘယ်တော့မှ စိတ်မညစ်ဘူး။ သူ့ညီငယ် ညီမလေးတွေကို အမြဲလိုလို စတတ် နောက်တတ်တယ်။ ခုံပေါ်တက်ပြီး ဒ‌ဏ်ပေးခံရတိုင်း မတ်တပ်ရပ်နေတုန်းမှာ တစ်ခန်းလုံးကို "ဟေ့ ဒီမှာကြည့်ကြ" လို့ အော်တတ်တယ်။
တစ်ခန်းလုံးက သူ့ကိုကြည့်ပြီလည်းဆိုရော ကမ္ဘာစိုးအတွင်းခံဘောင်းဘီ မပါတဲ့ သူဝတ်ထားတဲ့ပုဆိုးကို က္ငင်းလုံးကျွတ် ချွတ်ချလိုက်တယ်။ ဒီတော့ သူ့ရဲ့ ကမ္ဘာဦးက "တပင်တိုင်မြနန်းနဲ့ ပတ္တမြားကြီး ၂ လုံး" ကို လူစုံ လူစေ့ မြင်သွားကြရတော့တာပေါ့။ မမြင်ကွယ်ရာ၊ မနှစ်သက်ဖွယ်ရာ ဖြစ်ပေမဲ့ ဝင်းဗိုလ်ဟာ ဒဏ်ပေးခံရတိုင်း ဆရာမ မရှိတဲ့အချိန်ဆိုရင် ဒီလိုမျိုး အမြဲလုပ်တတ်တယ်။

၁ နှစ်ကျော်သွားတဲ့ ပြည်ပရောက် ဂရင်းကတ် ပြန်ဝင်နိုင်ဖို့

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကပ်ရောဂါကြောင့်၊ ကျန်းမာရေးကြောင့်၊ ထိခိုက်ဒဏ်ရာရမှုကြောင့်၊ နေထိုင်ရတာ မပျော်ရွှင်တော့တာကြောင့် စတဲ့ အကြောင်းတစ်ခုခုကြောင့် အမေရိကန်နိုင်ငံ ပြင်ပရောက်နေတဲ့ ၁ နှစ်ထက် ကျော်လွန်အောင် နေထိုင်ထားတဲ့ ဂရင်းကတ်ပိုင်ရှင်ဟာ ပြည်ပြန်ၒင်လို့ရသလားလို့ ကျွန်တော့ကို လာမေးကြပါတယ်။

အမှန်က ဂရင်းကတ်သမားဟာ ပြည်ပမှာ ၁ နှစ်ထက်ကျော်အောင် နေထိုင်မယ်ဆိုရင် ၂ နှစ်အထိ ပြည်ပြန်ဝင်ခွင့်ရှိတဲ့ Re-Entry ပါမစ်- I-131, Application for Travel Document- https://bit.ly/3xQE3YV ကို လျှောက်ထားပြီး လက်ဗွေနှိပ်ရင် စာအုပ်ထွက်လာပါတယ်။ ဒါ‌လျှောက်ပြီး ဂရင်းကတ်နဲ့ထွက်ပြီး Re-Entry နဲ့ ပြန်ဝင်တာတွေကို မြန်မာတွေ လုပ်နေကျပါ။

အခုက ဒီလို ဂရင်းကတ် ၁ နှစ်၊ Re-Entry ၂ နှစ် တို့ထက်ကျော်ပြီး နေထိုင်သူတွေဟာ အမေရိကားကို ပြန်ဝင်ချင်နေကြပါတယ်။ သူတို့အတွက် လုပ်ဆောင်စရာတွေက များပါတယ်။

လက်ထဲမှာ ဂရင်းကတ်သက်တမ်းရှိနေပေမဲ့လည်း ပြန်ဝင်ရမယ့်နေ့ထက် ရက်လွန်နေကြတယ်။ ဒါကို ပြန်လျှောက်ရတဲ့ ဖောင် Returning Resident (SB-1) Immigrant Visa- ကိုရဖို့ I-117, Application to Determine Returning Resident Status- https://bit.ly/2Tk1YB9 ကို ဒေါ်လာ ၁၈ဝ ပေးပြီး ပြန်လျှောက်ရမှာပါ။

မလျှောက်ခင် ၃ လလောက်အလိုမှာ‌ လျှောက်တင်တော့မယ်လို့ နီးစပ်ရာ ‌အမေရိကန်သံရုံးကို အကြောင်းကြားသင့်တယ်လို့ တရားဝင်စာမျက်နှာမှာ ရေးထားပါတယ်။ စာတင်ဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေး အပြည့်အဝထိုးဖို့၊ အင်တာဗျူးဝင်ဖို့အတွက် ၃ လ ဆိုတာ လုံလောက်တဲ့ အချိန်လို့လည်း ပြောပြထားပါတယ်။

ခရီးလွန်သူဟာ ဒီလို ပြည်ဝင်ခွင့် ပြန်လျှောက်ဆိုလို့သာ လျှောက်နေရတယ် သူ့လက်ထဲမှာ ဂရင်းကတ်က ရှိနေဆဲပါ။ သက်တမ်းလည်း ကျန်ကောင်း ကျန်နေနိုင်ပါတယ်။ သံမှူးက သိချင်တဲ့ အကြောင်းပြချက်တွေက ရှင်းရှင်းလေးပါ။ ဖောင်ထဲမှာ နံပါတ်တွေအရ

ချေးငွေယူပြီး ကျောင်းတက်မလို့လား

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အမေရိကားအကြောင်းပဲ ပြောတာပါနော်။ Student Loan ဆိုတာက အမေရိကားမှာ Green Card သမားနဲ့ နိုင်ငံသားတွေသာ ချေးခွင့်ရပါတယ်။ Green Card သမားဆိုတာက ဆွေမျိုးပဲ ခေါ်ခေါ်၊ Refugee နဲ့ပဲ လာလာ၊ ဒီနိုင်ငံထဲရောက်လို့ Asylum ခံထားသူပဲ ဖြစ်ဖြစ် Green Card ပိုင်ဆိုင်ထားသူ အားလုံးကို ဆိုလိုပါတယ်။ ခိုလှုံခွင့်အောင်ထားပြီး လက်ထဲကို ကတ်ပြားမရောက်သေးပေမဲ့ #A Number ရထားပြီးသူ ဆိုတာက Green Card ရဖို့ နံပါတ်ကြိုထုတ်ပေးထားတာနဲ့ အတူတူပါပဲ။
Green Card ရဲ့ ရုံးစာအကျယ်ဖွင့်ဟာ #A Number-Alien Registration Number လို့ ရေးပါတယ်။ ဆိုလိုတာက အမေရိကန်နိုင်ငံအပြင်ဘက်က ဂြိုဟ်သားတစ်ယောက်ရဲ့စာရင်းနံပါတ်လို့ ရီစရာ‌အနေနဲ့ မှတ်ထားမိတာကို သတိရမိတယ်။ LPR- Lawful Permanent Resident ဆိုတာလည်း "ဥပဒေကိုလိုက်နာသောအမြဲတမ်းနေထိုင်သူ" လို့ မှတ်သားမိတာကိုပါ တခါတည်း အမှတ်ရမိပြန်ပါတယ်။
ဒီ‌အရည်အသွေးတွေကြောင့် အမေရိကား အဖွဲ့အစည်းအသီးသီးက "အမြတ်ရဖို့" ငွေချေးတာ ဖြစ်ပါတယ်။ ဒါကို ကျောင်းသားက ချေးတဲ့ငွေဖြစ်လို့ Student Loan လို့ ခေါ်တာပါ။ ကျောင်းသားတိုင်း ငွေချေးခွင့်မရပါ။ အပြည်ပြည်ဆိုင်ရာ ကျောင်းသားက ပိုဆိုး။ ငွေမရှိရင် ကျောင်းလာတက်လို့ မရပါ။
ဒီနေရာမှာ စောဒကတက်ကြမယ် စာသင်ဆု ရှိတယ်လေ၊ စကောလား ပေးတယ်လေ၊ ဂရင့်-Grant ရှိတယ်လေ။ ဟုတ်ပါတယ် ရှိကြပါတယ်။ ဒီဟာတွေက ‌Student Loan မဟုတ်ပါဘူး။ စကောလားရှစ်ပေးတယ်ဆိုတာ ကျောင်းက ငွေချေးပေးတာ မဟုတ်ပါဘူး။ ကျောင်းလခထဲက ‌‌စကောလားငွေကို နှုတ်ပေးသွားတာ မဟုတ်ပါဘူး။ ကျောင်းသားက သူပေးရမယ့်ဟာ ပေးရပါတယ်။ ကျောင်းက အပြည့်ရပါတယ်။ မရှုတ်သွားပါနဲ့။
စကောလားပေးတဲ့သူက ကျောင်းသား ကျောင်းတက်ပြီ၊ ကျောင်းလခသွင်းပြီ၊ သွင်းခွင့်ရှိပြီဆိုတော့မှ အထောက်အထားမျိုးစုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ကျောင်းကို ချက်လက်မှတ်ပို့ပေးတာ ဖြစ်တယ်။ ကျောင်းသားက သူ့ဘဏ်စာရင်းထဲကို တိုက်ရိုက်သွင်းတဲ့ငွေစံနစ်-Direct Deposit ဆင်ထားပေးတယ်ဆိုရင်တော့ စကောလားငွေဟာ ကျောင်းသားအကောင့်ထဲဝင်၊ ကျောင်းသားရဲ့ ပေးရမယ့်ငွေနဲ့ပေါင်း၊ ပြီးတာနဲ့ ကျောင်းကို အပြည့်သွင်း- ဒီလိုစံနစ်နဲ့ သွားတာပါ။
ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှမ်းချေ ချေနည်း နဲ့ ရှင်းပြပါမယ်။ ကျောင်းလခက ‌ဒေါ်လာ ၂ဝဝဝဝ၊ စကောလားက ၄ဝဝဝ ဆိုပါစို့။ ကျောင်းသားက ၁၆ဝဝဝ ပေးရမှာပေါ့။ ကျောင်းသားက ကျောင်းလခ ၁၆ဝဝဝ သွင်းတဲ့အခါ သူဌေးကြီးတစ်ယောက်ဆီက ၄ဝဝဝ တန်တဲ့ ချက်လက်မှတ်က ကျောင်းကို သွားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် စကောလားပေးတယ်ဆိုတာ ကျောင်းက ကျောင်းလခလျှော့ယူလိုက်တာ မဟုတ်ပါဘူး။ ကျောင်းက ၂ဝဝဝဝ ရမှာက ရမှာပါပဲ။ တစ်ချို့ကိစ္စမှာတော့ ကျောင်းတွေကိုယ်တိုင်ပေးတဲ့ စကောလားဆိုရင်တော့ ကျောင်းကြေး ‌လျှော့ပေးတာ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ကျောင်းသားက ကျောင်းမတက်ဘဲ အဲဒီစကောလား ၄ဝဝဝ တန် ချက်လက်မှတ်ကို ကျွန်တော် ကျွန်မဆီကို ပို့ပေးပါဆိုရင် မရပါဘူး။ သူက ဘယ်ကျောင်းအတွက်၊ ညာကျောင်းအတွက်‌ပေးတဲ့ စကောလားဖြစ်လို့ ဒီ‌စကောလားကို အောင်ထားတဲ့ ကျောင်းသား ကျောင်းလာတက်ရင် ငါပို့ပေးလိုက်မယ်ဆိုတဲ့ စနစ်နဲ့ အသက်ဝင် ပေးချေတာ ဖြစ်ပါတယ်။
ခေါင်းစဉ်ကို ပြန်ဆက်ရရင် အပြည်ပြည်ဆိုင်ရာကျောင်းသားဟာ ငွေမရှိဘဲ အမေရိကန်အစိုးရဆီက ငွေချေးတက်လို့ မရပါဘူး။ ချေးချင်ရင် မြန်မာဆိုရင်ပေါ့ မြန်မာနိုင်ငံကတည်းက တခါတည်း ချေးယူခဲ့ရမှာဖြစ်ပြီး ကျောင်းကတော့ ၂ဝဝဝဝ မပေးရင် ‌ကျောင်းပေးမတက်ပါဘူး။ ဒါပေမဲ့ သူ့ Semester နဲ့သူ ခွဲပေး၊ ခွဲသွင်းလို့ရတော့ အသက်ရှူချောင်ပါသေးတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေဟာ ကျောင်းသားချေးငွေနဲ့ ကင်းလွတ်ကြတယ်ဆိုသော်ငြားလည်း ကိုယ့်‌မြေ ကိုယ့်ရွာမှာ လယ်ရောင်း၊ မြေရောင်း၊ ဆိုင်ခန်းပေါင်၊ ကွန်ဒို အလဲအထပ်ရိုက် ဆိုတဲ့ ဇာတ်လမ်းတွေကတော့ နောက်ကွယ်မှာ ရှိနေကြအုံးမှာပါပဲ။
ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာကျောင်းသားက တစ်ခုကောင်းတာက ချည်နှောင်မှု-Attachment ကင်းတယ်။ ဘာကတ်မှ မရှိ၊ ဘာဆိုရှယ်မှ မရှိ၊ ဘာ Work Permit မှ မရှိပေမဲ့ ဘဝကို အသစ်က ပြန်စလို့ရတယ်။ အခွင့်အရေးနယ်မြေလေ၊ အကျအဆုံးနယ်မြေ (နေပြည်တော်ကြပ်ပြေးဒေသ) မှ မဟုတ်တာပဲ။
တကယ်ကို ဘဝဇာတ်ကို တစ်ကွက်ချင်းပြန်ကလို့ ရတယ်။ ခိုလှုံသူသင်ရိုးညွှန်းတမ်းကြီးကို တစ်မျက်နှာချင်း လှန်လို့ရတယ်။ ဘာကြောက်စရာ ရှိသလဲ။ ဘာမှ ကြောက်စရာ မရှိဘူး။ တစ်ခုပဲ . . ဘာမဆိုရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ 125 Points ထက် မနိမ့်တဲ့ Duolingo အင်္ဂလိပ်စာ အရည်အသွေးသာ နှလုံးသားထဲ ထည့်လာခဲ့ . . ရကို ရတယ်။

Monday, July 12, 2021

"https://www.talkenglish.com/" ကို နှိပ်လိုက်ပါ

 

#KNNTgi


"https://www.talkenglish.com/" ကို နှိပ်လိုက်ပါ
သာမန် အင်္ဂလိပ်စာကို စိတ်ဝင်စားသူ၊ ရထားတဲ့ဘွဲ့နဲ့ ကာလဝေးကွာ အင်္ဂလိပ်စာ ပြန်မလေ့လာဖြစ်သူ၊ မေ့နေသမျှ အင်္ဂလိပ်စကားပြော ပြန်ရချင်သူ၊ အမေရိကန်အသံထွက်နဲ့ အမေရိကန်အသုံးအနှုန်းတွေကို လူကြီး၊ လူရွယ်၊ လူငယ်ပါမကျန် လိုက်မီနိုင်မယ့် Free Web Based English Teaching Site တစ်ခုကို စမ်းသပ်ပြီး အိမ်မှာနေတဲ့ မိခင်တို့၊ ဖခင်တို့ ပြန်ကြိုးစားကြည့်ကြရအောင်။
.
ဒီစာမျက်နှာရဲ့ အားသာချက်က
-App တစ်ခုသီးသန့်အဖြစ် ဖုန်းထဲမှာ ရှိနေဖို့မလိုတာ
-ဘယ်လိုဖုန်းမျိုးမှာမဆို အင်တာနက်ရှိရုံနဲ့ ဖွင့်နိုင် လေ့ကျင့်နိုင်တာ
-အသံထွက် Player ပါဝင်လို့ လိုက်ပြောကြည့်နိုင်တာ
-Play ချင်ရင် အပြာရောင် Highlight စာကြောင်းကိုနှိပ်တာနဲ့တင် အမေရိကန်အသံနဲ့ ဖတ်ပြတာ
-အသံဖိုင်ရဲ့အောက်မှာ ဘာကိုဖတ်နေတယ်ဆိုတာ တပြိုင်တည်းလိုက်ကြည့်နိုင်တာ
-အခမဲ့ဖြစ်လို့ မကျွမ်းကျွမ်းအောင် အကြိမ်ကြိမ် ဆရာမလိုဘဲ လေ့ကျင့်နိုင်တာ
-နေ့စဉ်ဘဝရဲ့ အမေရိကားအသံတွေကို စာမျက်နှာတစ်ခုထဲမှာ ကြားနိုင်တာ တို့ဖြစ်ပါတယ်




ဒီစာမျက်နှာရဲ့ အားနည်းချက်က
-Google ပလက်ဖောင်းပေါ်မှာသုံးထားလို့ ကြော်ငြာဝင်နေတာ
-မှားယွင်းနှိပ်ပြီး သင်ခန်းစာမဟုတ်တာတွေကို ‌ရောက်သွားနိုင်တာ
-ဖုန်းသုံးနေကျမဟုတ်သူက Home Screen Shortcut မလုပ်ထားတတ်တာ
-App တစ်ခုမဟုတ်တော့ လိုချင်တဲ့အချိန် ပြန်မရှာတတ်တာ စတဲ့ ပြင်ဆင်ရလွယ်တဲ့ အခက်အခဲအသေးစားလေးတွေသာ ဖြစ်ပါတယ်။

တိုးနီလား? မအားဘူး ကိုဗစ်ဖြစ်နေတယ်

 


#KNNTgi ။ ။ ကိုတိုးနီရေ၊ မင်္ဂလာပါ မိသားစုအားလုံး ဘေးကင်းလုံခြုံပါရဲ့လား သတိရတယ်နော်။ အစ်ကို့ ဒုတိယစာအုပ်ထွက်လို့ ကိုတိုးနီကို စာအုပ်လက်ဆောင်ပေးမလို့ပါ။ ကိုတိုးနီအကြောင်းပါတဲ့ စာအုပ်ထွက်လို့ ဖြစ်ရပ်မှန်ဆောင်းပါးကိုပြောပြတဲ့အတွက်ရော၊ စာအုပ်ထဲ ထည့်ခွင့်ပေးခဲ့တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ စာအုပ်လက်ဆောင် ပို့ပေးပါရစေ။

.
တိုးနီ။ ။ ဆရာညီညီရေ အားလုံး လုံခြုံဘေးကင်းပါတယ်။ စာအုပ် ထပ်ထွက်လို့ ဆရာညီညီအတွက် ဂုဏ်ယူပါတယ်။ Congratulations...ပါ။
.
ကျွန်တော် လက်ရှိ မင်္ဂလာဒုံ (နေရာလွှဲက) က မိဘအိမ်ရောက်နေပါတယ်။ အဲဒီအိမ်လိပ်စာပဲ ပို့ပေးပါနော်။ ကျွန်တော် Covid-19 ဖြစ်နေလို့ ဒီဘက်မှာလာရှောင်နေတာ ၁ဝ ရက်ကျော်ပြီ😭။ ဘာပဲဖြစ်ဖြစ် သတိရလို့ကျေးဇူးတင်ပါတယ်။ Address က _______ ဆိုရင် ရောက်ပါတယ်။ ဖုန်းနံပါတ်က ________ ပါ။ ဆရာညီညီလည်း ဒီထက် မက အောင်မြင်ပါစေ၊ ဆန္ဒနှင့်ဘဝ တထပ်ထဲကျပါစေ။🙏
.
.
#KNNTgi ။ ။ လက်ဆောင်ပြန်ပေးဖို့ ဘယ်နှအုပ်ယူပါမလဲ။
.
တိုးနီ။ ။ ရပါတယ် စာအုပ်က သယ်လာပေးမဲ့လူပေါ်မူတည်ပြီးထည့်ပေးလိုက်ပါ။ ကျွန်တော်က OK ပါတယ်။ ခုချိန် Covid-19 ဖြစ်ရင် စိတ်ညစ်ရတယ်။ ပိုက်ဆံလည်းသောက်သောက်လဲ ကုန်တယ်။ အဲဒါဆို ၅ အုပ်ဆို ရပါပြီ။
.
.
#KNNTgi ။ ။ အေးဗျာ စိတ်မကောင်းစရာ။ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြပါအုံး။
.
တိုးနီ။ ။ ရပါတယ်။ တယောက်နဲ့တယောက် ကူးစက်ပုံတွေကမတူကြဘူး။ ကျွန်တော်က သတိထားမိတာတော့ သိမ်ကြီးဈေးမှာကူးတာဖြစ်မယ်။ ပထမတော့ ပုံမှန်ဖျားတယ်။ အထူးသဖြင့် ညနေဘက်ဆိုရင် အဖျားတက်တယ်။ ညနေတိုင်း . . အဲဒါမကောင်းဘူး။
.
မိသားစုနဲ့ ပထမတော့ တူတူနေ တူတူဆော့ သတိမထားမိဘူး။ နောက်ဆေးခန်းသွားပြတာ ဆရာက သိပ်မသင်္ကာဘူးတဲ့။ ဒါနဲ့ ဓါတ်မှန်ရိုက်ခိုင်းတော့ ပေါ်တာပဲ။ ရိုက်ကြည့်လိုက်တော့ အဆုတ်မှာ အဖြူစက်တွေ သွားတွေ့တယ်။ သိသိချင်း ခွဲနေတယ် ဘယ်သူနဲ့မှ အတွေ့မခံဘူး။
.
.
#KNNTgi ။ ။ ဆက်ပြောပြပါအုံး။
.
တိုးနီ။ ။ ဟုတ်ကဲ့။ ဖြစ်ဖြစ်ချင်းကတော့ အိမ်ထဲမှာ တစ်ယောက်ထဲပဲ။ အမေက အိမ်ရှေ့မှာ ထမင်း၊ ဟင်း လာချပေးတယ်။ ကျွန်တော်က အခန်းထဲမှာ ဘယ်မှ မထွက်ဘူး။ အဝတ်အစားတွေကတော့ ကြားထဲမှာ တောင်းတစ်လုံးချထားပြီး လျှော်ပေးဖို့ လာယူကြတာပေါ့။