ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, April 10, 2014

ရင်ဆိုင်ရန်ခွန်အားများလိုတဲ့အခါ


ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


              ဖြတ်သန်းရတဲ့နေ့ရက်တွေရှည်ကြာလာပြီး ငြီးငွေ့တဲ့အခါ ကိုယ့်ဘဝကိုကိုယ် အပြစ်တင်ဖူးပါသလား ၊ မနက်အိပ်ယာထ အလုပ်လာ နေ့လည်စာစား အလုပ်ဆင်း ညနေအိမ်ပြန် ဒီလိုနဲ့ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ တဖြုတ်ဖြုတ် နဲ့ နွေသစ်ရွက်လို ကြွေလွင့်ပျောက်ပျယ်သွားတာ သတိမထားလိုက်ဘူး မဟုတ်လား ၊ ငါဒီအလုပ်ကို ဒီလောက်အကြာကြီးလုပ်လာတာ ဘာမှလဲမထူးခြားလာဘူး ဆိုတဲ့ ညည်းတွားသံ ကို တစ်ခါက ဆရာတော်ကြီး တစ်ပါးအမိန့်ရှိဖူးတဲ့ “ ဒီအလုပ်ဟာ သင့်ဘဝထဲ မရောက်သေးလို့ပါ ” ဆိုတဲ့ ဆုံးမစကားနဲ့ နှစ်သိမ့်ပေးပါရစေ ၊ သင့်ဘဝတွင်းကို ထဲထဲဝင်ဝင် နေရာယူမယ့်အလုပ်မျိုး ရှိပါတယ် ၊ ဒါကတော့ ကိုယ်ဝါသနာပါတဲ့လမ်းကြောင်းပေါ်မှာလုပ်ရတဲ့ ပျော်ရွှင်စရာလုပ်ငန်းမျိုးပါ ၊ လူသားအားလုံးနေရာတိုင်းစိတ်တိုင်းကျဖို့မဖြစ်နိုင်ပေမယ့် ကိုယ့်စိတ်ရွှင်ရာမှာ အလုပ်ဝင်ဖို့ လေကျင့်ကွင်းကတော့ ပညာသင်တဲ့ ကျောင်းသားအရွယ်မှာကတည်းက မိမိကိုယ်ရည်ကိုယ်သွေးကို ကိုယ်တိုင်သတိထားမိပြီး နည်းနည်းဖိကြိုးစားလိုက်ရင် ရပါပြီ ။


 တခြားဝေးဝေးမကြည့်ပါနဲ့ ၊ မလုပ်မနေရ နေ့စဉ်စကားပြောခြင်း တာဝန်ကိုပဲ ဆန်းစစ်ကြည့်ရအောင် ၊ ငယ်စဉ်ကလေးသဘာဝ ရိုးသားခြင်းတွေ သင့်အလုပ်ထဲမှာ ဘယ်လောက်ထည့်သွင်းတည်ဆောက်ထားမိပါသလဲ ပြန်ကြည့်ကြည့်ပါ  ပြန်ရှာကြည့်ပါ ရှိသေးပါရဲ့လား အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြောဆိုခြင်းတွေ ၊ လိုသေးလို့လား မုသားမပါလင်္ကာမချော ခေတ်ကြီးရောက်နေပြီလို့ စောဒကမတက်နဲ့ဦး ၊ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဘက်အချင်းချင်း ပွင့်လင်းရိုးသားစွာဆက်ဆံကြရင် အကြိတ်အခဲတွေ မပြေလည်မှုတွေ ကိန်းခိုဖို့ စိတ်အာရုံမှာ နေရာပိုမရှိပါဘူး ၊ နည်းနည်းလေး အမှန်မပြောမိတာ နဲ့ နားလည်မှုအကြီးကြီး လွဲသွားပါတယ် ၊ လုပ်ငန်းကြီးလေ ပိုဂရုစိုက်ရလေပါ ၊ အကွက်စိတ်စိတ်လေး အာရုံစိုက် သတိထားလိုက်ရင် ဘဝတူအချင်းချင်းဆက်ဆံရေးချောမွတ် ပြေလည်သွားနိုင်ပါတယ် ၊ ဒီနည်းနဲ့ အလုပ်ခွင်ပျော်ရွှင်ရေး နေ့သစ်ကို မနက်ဖြန်ပဲ စလိုက်ကြပါစို့ ။