ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ကျွန်တော်ငယ်ငယ်ကနေတဲ့လမ်းထိပ်မှာ
ဝက်ကန်ထရိုက်တစ်ယောက်က အင်မတန်ချမ်းသာတယ်။ သူ့အိမ်ဧည့်ခန်းက ကားလမ်းမဘက်ကို လှည့်နေတော့
အိမ်ရှေ့တံခါးကြီးသာ မပိတ်ထားရင် လမ်းသွားလမ်းလာတွေ အိမ်ထဲမှာ သူတို့ထိုင်နေတာ အကုန်လုံးမြင်နေရတယ်။
ညနေခင်း လုပ်ငန်းသိမ်းလို့ အရောင်းတော်တွေ စာရင်းပိတ်ချိန်ဆို ငွေတွေ .. ငွေတွေ ဆိုတာ
မြွေရေခွံအိတ်နဲ့ထမ်းလာကြပြီး ဧည့်ခန်းကြမ်းပြင်မှာ မရေနိုင်လို့ နံပါတ်တပ်ပြီးသိမ်းရတယ်။
အဲဒီခေတ်အခါက ပုဂ္ဂလိကဘဏ်တွေ မထွန်းကားသေးတော့ ကိုယ့်အိမ်ဟာ ကိုယ့်ပိုင်ဆိုင်မှုသိမ်းဆည်းရာ
နေရာပဲလေ။ ပေါ်ပေါ်တင်တင်ချမ်းသာလာလိုက်တာ တစ်လမ်းကျော်မှာ အိမ်တစ်လုံးဝယ်ပြီး အိမ်စီးကားကို
စတိုခန်းထဲထည့်ပြီး ရောင်းစားနိုင်လာတဲ့အထိပဲ။
.
နောက်ပိုင်း
ရပ်ကွက်ဥက္ကဌ ဖြစ်လာတယ်။ ဘယ်သူမှမသုံးခင် ကြိုးမဲ့ - Cordless Phone သုံးတယ်။ ရပ်ရေး
ရွာရေးတွေ ဝင်လုပ်တယ်။ ထိပ်သီးပိုင်းအုပ်ချုပ်ရေးလောကမှာ ထင်ပေါ်ကြော်ကြားလာတယ်။ ငွေလှူတယ်။
ဦးဆောင်တယ်။ လိုင်းကားထောင်တယ်။ ကန်ထရိုက်တွေလိုက်ဆွဲတယ်။ ကားလမ်းတံတား အခွန်လေလံအောင်တယ်။
ဝက်ကန်ထရိုက်ထပ်ရတယ်။ ဈေးပစ်ပေးပြီးဝယ်တယ်။ နောက်ဆုံးတော့ စားသုံးသူတွေက ဝက်သား ဈေးကြီးကြီးနဲ့
ဝယ်စားရတယ်။ ဝက်ပေါ်ပြီး ဆိုင်ကယ်နဲ့လိုက်ရောင်းတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။ လိုက်ဖမ်းတယ်။
တရားစွဲတယ်။ လုပ်သူတွေက ခိုးရောင်းတယ်။ ဒါက စီးပွားရေး နဲ့ လူမှုရေးအပိုင်း။
.
အိမ်ထောင်ရေးမှာ
တစ်ခါထဲ မိန်းမနှစ်ယောက်နဲ့ ပေါင်းသင်းနေထိုင်တယ်။ စကားမများဘူးလားလို့ မမေးပါနဲ့။
အကြီး နဲ့ အငယ်ကတည့်တယ် .. ညီအစ်မအရင်းခေါက်ခေါက်။ ဒါကထားလိုက်ပါ။ အကြီးနဲ့ သားသမီးမရလို့
ဒီလိုဇာတ်လမ်းဖြစ်တာပေါ့လို့ အတွင်းသိလူကြီးတွေပြောတာ ဘေးက ကလေး ကျွန်တော်က ခိုးနားထောင်ခဲ့ရတာကိုး။
တစ်ဖြည်းဖြည်းနဲ့ တွင်ကျယ်လာလိုက်တဲ့ ဂုဏ်သတင်းက ဘယ်လောက်အထိလဲဆိုတော့ သူ့ဝက်ရုံကသတ်တဲ့အသားက
တစ်ခြားကထက် ပိုစားကောင်းတယ်၊ စားပြီးရင် စွဲနေတာပဲ ဆိုပြီးတောင် ပြောယူရတယ်။ လိုချင်သူတွေ
မရမှာစိုးလို့ အော်ဒါမှာထားရတယ်။ ရတဲ့သူကလည်း အလှည့်နဲ့။ စဉ်းစားသာကြည့်ပါတော့ ဘယ်လောက်စီးပွားဖြောင့်သလဲဆိုတာ။
ဒါပေမယ့် ကားအစီးလိုက်သယ်လာတဲ့ ဝက်တွေကြားမှာ ဝက်သေတွေပါတာ ဘယ်သူမှမသိဘူး။ အဲဒီဝက်သေတွေထဲမှာ
ဘာတွေပါတယ်ဆိုတာ သာတောင်ဆိုးသေး .. ဘယ်သူမှ မသိဘူးလေ။