ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, May 11, 2014

စူပါလော်တို မက်ဂါမီလျံ ပါဝါဘောလ်

ဆောင်းပါးရှင် - ကိုညီညီ  ( တောင်ကြီး )



          အစကတော့ ထီဆိုတာ ကိုယ့်အတွက်ဖွင့်ထားသလိုထင်ခဲ့တယ် ၊ ထိုးလေ ထိုးလေ အဝေးရောက်ရောက်သွားလေ ဒိုင်စားဖို့အတွက်ဆိုတာသင်ခန်းစာရတဲ့အချိန် အိပ်ထောင်ထဲမှာ ပြောင်နေပြီ ၊ မြန်မာ့ထီသမိုင်းက မင်းတုန်းမင်းတရားကြီးက စခဲ့တယ်လို့ သမိုင်းဆရာကြီးတစ်ယောက်ဟောပြောတာ မှတ်သားဖူးပါတယ် ၊ နောက်ပိုင်း ခေတ်တွေပြောင်းလာတော့မှ ( ၂ ) ကျပ်ရင်းပြီး ဆုငွေ တစ်သိန်းရတဲ့ အောင်ဘာလေထီ ဖြစ်လာတာ မှီတဲ့သူတွေသိကြပါလိမ့်မယ် ၊ ကျွန်တော့ငယ်ငယ်ကမှတ်ဥာဏ်မှာတော့ အစ်မတစ်ယောက် ကျောင်းကသူငယ်ချင်း ( ၄၆ ) ယောက် စုထိုးတဲ့အောင်ဘာလေထီက တစ်သိန်းဆု ထပေါက်လို့ ရွှေဟင်းချိန်းလေး ဝယ်ထားလိုက်တာ အမှတ်တရပါ ၊ ကြာလာတာနဲ့အမျှ နိုင်ငံတော်အခွန်ရဖို့ရည်ရွယ်တဲ့ အောင်ဘာလေထီ ဟာ “ ဘောင်မြှာပွေ “ ပြီးတော့ ဆုကြေးအမျိုးမျိုး အပိုကြေးဆွဲဆောင်မှု ကားပေး သူဋ္ဌေးကြီးဘွဲ့ပေး ဖြစ်လာပြီးသကာလ မေ့ထားလိုက်ပါတယ် ၊ တစ်နေ့က ဆရာ တက္ကသိုလ်စိန်တင် က ငွေ ကျပ် ( ၂ဝဝ ) နဲ့ ထီထိုးခွင့်ပေးပါလို့ သမ္မတကြီးကိုခွင့်တောင်းတာကြားလိုက်တော့မှ နိုင်ငံရပ်ခြားထီတွေ နဲ့ သူတို့အစိုးရတွေ ဘယ်လိုကိုင်တွယ်နေကြတယ်ဆိုတာ တင်ပြဖို့လန့်နိုးလာခဲ့တယ် ၊ ရန်ကုန်ကနေ စလုံးထီကို လှမ်းထိုးတာကို အစိုးရက တားမြစ်ထားလို့ စင်ကာပူထီအကြောင်းမသိတဲ့ ကျွန်တော့်အတွက်အတော်ပဲ ရှောင်ပြောလို့ရသွားပါပြီ ။


          အခုပြောပြချင်တာက မြန်မာနိုင်ငံကနေလှမ်းထိုးဖို့ခက်ခဲတဲ့ အမေရိကန်နိုင်ငံက အထင်ကရထီးအုပ်စုကြီး ( ၃ ) ခု အကြောင်းပါ ၊ ပြည်တွင်းကလူများလည်း မကြာခဏကြားမိမှာပေါ့ ၊ တစ်ခေါက်တစ်ခါပေါက်လိုက်ရင် အမေရိကန်ထီက ဒေါ်လာသန်းကို ရာနဲ့ချီတော့ မက်လုံးက မိုးထက်မောက်နေပါတယ် ၊ ပေါက်သူတိုင်းလည်းပျော်တယ်မထင်ကြပါနဲ့ ( ၄ : ၁ ) သော ကံထူးသူတွေဟာ မစားဖူးတာစားလို့ ဆုကြေးငွေမကုန်ဆုံးပါဘူး ၊ မလုပ်ဖူးတာလုပ်ကြရင်း ဒုံရင်းဘဝထက်မွဲသွားကြတာ မမြင်ဖူးရင် အပြစ်များရဲ့မြို့တော် - Sin City လို့တင်စားရတဲ့ လာ့စ်ဗေးဂက်စ် -  Las Vegas လောင်းကစားမြို့ က သက်သေခံနေပါတယ် ၊ အတိတ်က ဘဝအမှောင်ကို တစ်ရက် တစ်ညအတွင်း အလကားရတဲ့ငွေကို မသနား ဆုံးပါးသွားအောင်လုပ်မိသူတွေရဲ့ ဖြစ်စဉ်တွေကို ထီကုမ္ပဏီကြီးတွေရဲ့ ပင်မအင်တာနက်စာမျက်နှာမှာ တွေ့ရမှာမဟုတ်ပါဘူး ၊ ဘယ်သူကတော့ ဘယ်လိုဆုကြီးပေါက်သွားတယ် ၊ လူဘယ်နှစ်ယောက်အဖွဲ့ကတော့ ဘယ်လိုမီလျံနာဖြစ်သွားတယ်လို့ကြော်ငြာထားတာတွေ တွေ့ရ ဖတ်ရမှာပါ ၊ ရှင်းပါတယ် လူတစ်ဦးချင်းစီကငွေတွေစုပြီး တစ်ယောက်သောသူကို အင့်ကနဲ ပေးလိုက်ရတာ “ ထီ ” ပါ ။





          ထီလုပ်ငန်းဟာ အခွန်ငွေအလွန်ရတာကြောင့် အမေရိကန်ပြည်နယ်အစိုးရတွေကိုယ်တိုင်လုပ်ကိုင်ကြတယ် ၊ နာမည်ကြီးတဲ့ စူပါလော်တိုထီ - Superlotto ဟာ ကယ်လီဖိုးနီးယားပြည်နယ်ပိုင်ဖြစ်ပြီး ( ၂၉ ) နှစ်အတွင်းမှာ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍကို ဒေါ်လာ ဘီလီယံ ( ၃ဝ ) နီးပါး ထောက်ပံ့လှူဒါန်းခဲ့ပြီးပြီလို့သိရပါတယ် ၊ ကနဦးထီဖွင့်စ ၁၉၈၄ ခုနှစ်စာရင်းဇယားအရ ရောင်းရငွေရဲ့ ( ၁၃ ) % ကို ရုံးဝန်ထမ်းစားရိတ် နဲ့ လည်ပတ်ငွေအဖြစ်ထားရှိပြီး ကျန် ( ၈၇ ) % ကို ပြန်ထုတ်ပေးရတဲ့ ဆုကြေးငွေအပါအဝင် လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေးအတွက် ခွဲခြမ်းသုံးစွဲပါတယ် ၊ ထီထိုးနိုင်ဖို့ အမေရိကန်နိုင်ငံသားဖြစ်ဖို့မလိုအပ်သလို ပြည်နယ်ရဲ့အမြဲတမ်းနေထိုင်သူ - Resident ဖြစ်စရာမလိုအပ်ပါ ၊ ထီပေါက်ခဲ့ရင်တော့ ပေါက်ခဲ့တဲ့ပြည်နယ်မှာပဲ ငွေပြန်ထုတ်ခွင့်ရှိပါတယ် ၊ ဂဏန်းတည်ဆောက်ပုံက အက္ခရာမပါ ကိန်း ( ၆ ) လုံးဖြစ်ပြီး ( ၅ ) လုံးတွဲ တစ်စဉ် နဲ့ မက်ဂါ နံပါတ် ( ၁ ) လုံးတို့ဖြစ်ပါတယ် ၊ အဓိက မက်ဂါ နံပါတ် တူမှသာ ကျန်တဲ့ ( ၁ ) လုံးတိုက် ( ၂ ) လုံးတိုက် ဆိုပြီး အကုန်လုံးတူရင် ပွဲသိမ်းပြီပေါ့ဗျာ ၊ တစ်ယောက်ထက်ပိုတဲ့ထီလက်မှတ်ပိုင်ရှင်တွေရှိရင် ဆုကြေးကို အညီအမျှခွဲဝေယူရပါတယ် ၊ မြန်မာနိုင်ငံနဲ့မတူတာက ထီစရောင်းကတည်းက ပြည်နယ်ပိုင်ငွေ ဒေါ်လာ ( ၇ ) သန်း ကို ဆုကြေး - Jackpot အဖြစ် ကနဦးမတည်ပေးထားတာဖြစ်ပါတယ် ၊ ပြန်စလိုက်တာနဲ့ ( ၇ ) သန်းကိုပေါက်ခွင့်ရှိပါတယ် ၊ ထိုးကြေးငွေက တစ်စောင်ကို ( ၁ ) ဒေါ်လာနှုန်းနဲ့  ၂၂ဝဝဝ သော ထီရောင်းစက်တွေမှာ ဝယ်ယူနိုင်ပါတယ် ။




           ငွေ ( ၁ ) ဒေါ်လာချင်းအတူတူ မက်ဂါမီလျံ - Mega Millions က ပိုနာမည်ကြီးပြီး ကွန်ယက်ပိုကျယ်ပြန့်ပါတယ် ၊ ဒေါ်လာ ( ၁၅ ) သန်း နဲ့စပြီး အမေရိကန်တစ်နိုင်ငံလုံး ရဲ့ ပြည်နယ် ( ၄၅ ) ခု မှာ ဝယ်ယူလို့ရတယ် ၊ ပေါက်ငွေကို ရက်ပေါင်း ( ၁၈ဝ ) အတွင်း လက်မှတ်တင်ပြ - Claim ရမှာဖြစ်ပြီး - ငွေသားထုတ်စံနစ် - Cash Option နဲ့ နှစ် ( ၃ဝ ) နှစ်စဉ်ထုတ်စံနစ် - Annual Payout ( ၂ ) မျိုး စိတ်ကြိုက်ရွေးနိုင်ပြန်ပါတယ် ၊ တစ်ကြိမ်တည်းအပြီးထုတ်တာကို LUM SUM လို့ခေါ်ပြီး ပြည်နယ်အစိုးရက အခွန်ကို ( ၄ဝ ) % လောက်အထိကောက်ပါတယ် ၊ ဆိုလိုတာက ဒေါ်လာ ( ၁ဝ ) သန်းပေါက်လို့ ငွေလက်ငင်းတစ်ကြိမ်တည်းထုတ်ရင်  ( ၆ ) သန်း ရမှာဖြစ်ပြီး နှစ်စဉ်ခွဲထုတ်ရင် ( ၇.၅ ) သန်းလောက်ရမယ့်သဘောပါ ၊ ထိုးသမားများလေ ပေါက်နိုင်ခြေနည်းလေ ဆိုတော့ မပေါက်တဲ့ငွေကို ထပ်ပေါင်း - Roll Over လိုက်ရာက ဒေါ်လာသန်းပေါင်းရာကျော်သွားတာ သိပ်မြန်ပါတယ် ၊ အုပ်စုလိုက်ထိုးပြီး ပေါက်တဲ့နမူနာတွေကြောင့် အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ ရေပန်းအစားဆုံးပေါ့ဗျာ ။




          အမေရိကန်ထီဘုရင်က ပြည်သူ့ငွေစွမ်းအားနဲ့လှိမ့်နေတဲ့ ပါဝါဘောလုံး - Powerball ဖြစ်ပါတယ် ၊ ဂြိုဟ်တုဆလောင်းတွေမှာ မြင်ဖူးသလို နံပါတ်ပါ ပင်ပေါင်လုံးအဖြူတွေနဲ့ လေစုတ်စက်ထဲမှာ ဝဲနေတာ ပါဝါဘောလ် ထီဖွင့်တာပါ ၊ သူကတော့ ဖလော်ရီဒါပြည်နယ် ပစိဖိတ်စံတော်ချိန် ည ဝ၇:၅၉ အချိန်မှာ တစ်ပတ် ( ၂ ) ရက်ဖွင့်ပါတယ် ၊ မူလ ထီတစ်စောင် ( ၁ ) ဒေါ်လာကနေ ပြည်နယ်စုံနဲ့ပေါင်းလိုက်ပြီး ရောင်းဈေး ( ၂ ) ဒေါ်လာဖြစ်သွားပါတယ် ၊ မူလစတင်ငွေက ( ၂ဝ ) ကနေ ဒေါ်လာသန်း ( ၄ဝ ) ဖြစ်သွားပြီး မပေါက်လို့ ဆုကြေး တစ်ခါခုန်ရင် ( ၁ဝ ) သန်းပါ ၊ ဆင့်ပွားပေါက်ဂဏန်း ( ဂဏန်း ၅ လုံးတူ နံပါတ် “ နီ “ မတူ ) ပေါက်ရင် အနည်းဆုံးဒေါ်လာ ( ၁ ) သန်း ပိုင်ဆိုင်ပါပြီ ၊ ပါဝါဘောလ် က ထီလောကမှာ ဆုကြေးအမြင့်ဆုံးဆိုပြီး ကြော်ငြာပါတယ် ၊ ဟုတ်တာပေါ့ မှန်တာပေါ့ ထီတန်ဖိုးနှစ်ဆ တင်ရောင်းတော့ ဆုကြေးကလည်း နှစ်ဆတက်ပြီပေါ့ ၊ ထိုးသားက ထိုးတဲ့ငွေ ( ၂ ) ဒေါ်လာဖြစ်သွားတာ ဂရုမစိုက်ဘူးလေ ၊ ဒီလိုပုံစံအသစ်ပြောင်းလိုက်တဲ့ ( ၂ ) နှစ်သက်တမ်းမှာ သန်းကြွယ်သူဋ္ဌေး အယောက် ( ၅ဝဝ ) ပေါ်ထွန်းခဲ့တယ်လို့ပြောထားပါတယ် ၊ လူသန်းပေါင်းဘယ်လောက်ဘဝပျက်သွားတယ်လို့တော့မပြောတာသေချာပါတယ် ။


ထီရောင်းဖို့ ထီရောင်းစက်ထုတ်လုပ်ထားပါတယ် ၊ မျက်နှာပြင်ပွတ်မတ်တပ်ရပ်ထီရောင်းစက် - Game Point Vending Machine တွေမှာ ကိုယ်တိုင်ဝယ်လို့ရတဲ့နေရာတွေရှိပါတယ် ၊ နံပတ်မရွေးချင်ရင် - Quick Pick နှိပ်ပြီး နံပါတ်ရွေးရင် - Your Pick နှိပ်လိုက်ရုံပါပဲ ၊ ထီကြော်ငြာတွေရဲ့အောက်ဆုံးမှာ အရေးတကြီး သတိပေးထားတာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ ထီ လုပ်ငန်းဟာ ကစားနည်းတစ်မျိုးသာ ဖြစ်ပြီး ကစားသူဟာ မိမိကိုယ်ကို တာဝန်ယူရပါမယ် ၊ ပြည်နယ်သားများဟာ သူတို့ပြည်နယ်သူ ပြည်နယ်သားတွေ အကျိုးခံစားဖို့နဲ့ လူကြီးတွေပျော်ရွှင်ဖို့လုပ်ထားတာဖြစ်ပါတယ် ၊ ကိုယ်သုံးနိုင်တဲ့ငွေထက်ပိုမကစားရပါဘူး ၊ သင့်ပတ်ဝန်းကျင်မှာ လောင်းကစားပိုးထပြီး မထိမ်းနိုင် မသိမ်းနိုင်ဖြစ်နေသူ ဒါမှမဟုတ် စီးပွားဖြစ် ( သူဋ္ဌေးဖြစ် / ခွေးဖြစ် ) ကစားသူကို တွေ့ပါက ဆက်သွယ်ရန် ဖုန်းနံပါတ် နဲ့ အင်တာနက်စာမျက်နှာတွေကိုဖွင့်ပေးထားပါတယ်လို့ အတိအလင်းရေးသားထားပါတယ် ၊ ထီထိုးသူတွေဆင်ခြင်စရာပါ ၊ ထီလက်မှတ်ပျောက်တတ်တာ နဲ့ အလွဲသုံးစားမှုတွေရှိနိုင်တာကြောင့် ထီလက်မှတ်ဝယ်ပြီးတာနဲ့ နောက်ကျောမှာ မိမိထိုးမြဲလက်မှတ်ထိုးထားဖို့အကြံပြုထားပါလေရဲ့ ၊ ထပ်ပြောပါမယ် ၊ “ ထီ ” ဟာ ဂိမ်း ကစားနည်း တစ်မျိုးပါ ၊ မစွဲလမ်းသင့်ပါ ။



koko2yeye@gmail.com

" စူပါလော်တို မက်ဂါမီလျံ ပါဝါဘောလ် " စာမူသည် ၂ဝ၁၄ ဂျွန်လ ( ၂၁ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuidE နည်းပညာဂျာနယ် အတွဲ ( ၃ ) အမှတ် ( ၃၉ ) ၊ စာမျက်နှာ ( ၂၃ ) တွင် ဖော်ပြပါရှိသည် ။
Download Link : http://www.mediafire.com/download/y94ii85nmwx272l/Vol._3,_No._39.pdf


No comments: