ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
တန်ဆောင်တိုင်ပွဲခင်းကိုလမ်းလျှောက်ရတာ ဖုန်တွေနဲ ့လူအုပ်ကြီးနဲ့ စျေးဆိုင်တွေရဲ့လှမ်းအော်ကြော်ငြာမှုတွေနဲ့၊ အသံတိုး အသံကျယ် လော်စပီကာပေါင်းစုံရဲ့ရောင်စုံအသံလှိုင်းတွေကြောင့် ပတ်ဝန်းကျင်ရဲ့အေးခဲထုံကျင်နေမှုကို အမြဲသတိမေ့တတ်ကြတာ တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပါပဲ။ ကဗျာတွေ စာတွေ ဖွဲ့မနေနဲ့၊ ဘာညာတွေ သာရကာတွေ နွဲ့မနေနဲ့၊ လာရောက်ဖို့သာ သင့်တာဝန်လို့ အဝေရာမီးပုံးပျံကွင်းကြီးက အဝေးကနေ ညှို့ဆွဲခေါ်ဆောင်နေတာ ရောက်ဖူးသူတိုင်းအတွက် အမှတ်တရဖြစ်စေခဲ့ကြတယ်။
ငယ်ငယ်တုန်းကဆိုရင် တန်ဆောင်တိုင်ဆိုတာ အခုလက်ရှိဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့ပန်းခြံထဲမှာလုပ်တာ။ ရွှေဘုန်းပွင့်ဘုရားဘက်ကိုမျက်နှာမူထားတဲ့အစိုးရရုံးတစ်ခုရဲ့အောက်ထပ်မှာ အကဲဖြတ်ဒိုင်တွေထိုင်ပြီးအမှတ်ပေးကြတာပေါ့။ မှတ်မိသေးတယ် . . အဲဒီတုန်းကဆိုရင် စတိတ်ရှိုးတိုင်း စိုင်းထီးဆိုင် နဲ့ ခိုင်ထူး တို့က နောက်ဆုံးပွဲပြီးခါနီးမှတက်ဆိုရသလို "ဟော်ကုန်းမီး" မလာသေးရင် တန်ဆောင်တိုင်မီးပုံးပျံပွဲက ပိတ်ပွဲလုပ်လို့မရသေးဘူး။
ကျွန်တော့လို ကလေးငယ်ငယ်လေးဟာလည်း အဲဒီတုန်းက “ပွဲ” ဆိုတာကို စွဲလမ်းတာပဲ။ ကျောင်းကပြန်လာလို့ လွယ်အိတ်ကိုကုတင်ပေါ်ပစ်တင်၊ အိမ်စာအမြန်လုပ်၊ ထမင်းစား၊ အနွေးထည်ဝတ်ပြီး ပွဲခေါ်သွားမယ့်လူကြီးကိုအဆင်သင့်ထိုင်စောင့်နေခဲ့တာ သိပ်လွမ်းဖို့ကောင်းတာပဲ။ ပွဲခင်းထဲရောက်ရင် လူတွေ ပခုံးချင်းလက်ချင်းချိတ်ထားတဲ့ လူမီးရထားတွဲတွေ့ရင် တက်နင်းမှာစိုးလို့ကြောက်လိုက်တာ။ ဒီကြားထဲ ကျွန်တော့အစ်မတွေပါ ပွဲခင်းထဲပါလာရင် သူတို့ရဲ့နောက်ကကပ်ပြီး ကာလသားရန်တွေကနေ ကာကွယ်ပေးရသေးတာ။