ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, January 25, 2021

ဘာကိုဦးတည်ပြီးစာရေးနေတာလဲ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကျွန်တော်တို့ဟာ နေတိုင်း၊ အချိန်တိုင်း စာတစ်ခုခုကို ဖတ်နေကြပါတယ်။ မယုံမရှိပါနဲ့။ မျက်စိနဲ့စာမဖတ်ရင် နားနဲ့နားထောင်ကြတယ်။ ဗီဒီယိုတစ်ခုဖွင့်ပြီး တရားနာနေတာ၊ သတင်းတိုတစ်ခု ကြည့်နေတာ၊ နောက်ဆုံး သီချင်းတစ်ပုဒ်နားထောင်တာအထိ ကြားရတဲ့အထဲက သတင်းစာစကားနဲ့ ရေးထားတာမျိုး၊ စကားပြေလို ရေးထားတာမျိုး၊ ကဗျာနဲ့ကာရန်နဲ့နဘေနဲ့ ဆောင့်ဆောင့်အောင့်အောင့်ရွက်ဆိုတာမျိုးအထိ ဒါတွေအားလုံးဟာ စာသားမပါဘဲ၊ စကားမပါဘဲ ဖြစ်တည်ခွင့်မရှိပါဘူး။

ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက စာအုပ်နဲ့ရေးစရာမရှိသေးဘူးလို့ မှတ်သားနာယူရပါတယ်။ ဒါကြောင့် သံဃာတစ်ပါးကနေ နောက်တစ်ပါး၊ သံဃာကနေ လူ၊ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို စကားနဲ့သာ ပြောကြားခဲ့ကြတယ်။

ဒါကို သာသနာနဲ့ပြောရင် တရားတော်၊ သာမန်လူကြားမှာတော့ စကားတော်လို့တင်စားပြောရလိမ့်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာ ပေကညစ်မှာ ရေးခြစ်လို့ မှတ်တမ်းထွင်းရစ်ကြတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် လူသားတွေဟာ နောက်မျိုးဆက်ကို ဘယ်လောက်အထိ ခဲဆစ်ခဲရာ လက်ဆင့်ကမ်းခဲ့ကြတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။

လိုရင်းကိုစစ်လိုက်ရင် စာရေးနေတယ်ဆိုတာ မိမိကိုယ်တိုင်နဲ့ နောက်တခြားလူတွေကို သတင်းစကားတစ်ခုခုပါးချင်နေတာလို့ ကျွန်တော်ကတော့ ခံယူမိတယ်။

"မိပုရေ အိမ်အတွက်လိုတာလေးတွေကို ဒီစာရင်းအတိုင်း ဈေးထဲမှာသွားဝယ်ပေးပါအုံး" ဆိုတာက စကား၊ စာ၊ ဇယားကွက်၊ ကိန်းဂဏန်း၊ လမ်းညွှန်ချက်၊ အတွက်အချက်တို့အပြင် နားလည်တယ်ဆိုတဲ့အသိဟာ မိပုရဲ့စ ဉ်းစားဥာဏ်ထဲကို Put Everything Together in One Place လုပ်လိုက်တာပါ။