ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, February 5, 2015

တိုးနီ နဲ့ ပြန်တော်ပြန်မလှတဲ့ သားအဖ ( ပဉ္ဇာဒသပိုင်း ) ၁၅။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဟိုလှည့်လိုက် ဒီလှည့်လိုက် နဲ့ တကယ်ဖြတ်သန်းကြည့်တော့ ( ၃ ) လ အချိန်ဆိုတာ ဘာမှ အရာမထင်လိုက်ပါဘူး။ တတိယရုံးချိန်းမရောက်ခင် တစ်ပတ်အလိုမှာ အလှည့်ကျလို့ အခန်းပြောင်းရင်း မူလသူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံဖြစ်တယ်။ သူရဲ့ ရုံးချိန်းတစ်ကြိမ်သွားထားတဲ့ အတွေ့အကြုံအရ တရားသူကြီးက အမှုတင်ထားတဲ့ Story ထဲက အကြောင်းအရာတွေကို ပတ်ပတ်လည် လှည့်မေးတယ်လို့ သတင်းပေးပါတယ်။
.
ဒီလိုနဲ့ ရုံးချိန်းမရောက်ခင် တစ်ရက်အလိုမှာ ရှေ့နေဒေါ်ဖြူဖြူအောင် ရောက်လာပြီး “ ဒီတစ်ခေါက်တော့ စိတ်မပူပါနဲ့။ စကားပြန်အလုပ်ဆင်းအောင် သေချာမှာထားပါတယ် ” လို့ အားပေးပြီး ကျွန်တော်တို့နှစ်ယောက် အမှုအကြောင်း အနည်းငယ် ဆွေးနွှေးပါတယ်။ ဒီလိုမျိုးည အရေးကြီးတော့မှ ဘုရားဆိုတာ ရှိခိုးရကောင်းမှန်း သတိရမိတဲ့ ငမိုက်သားကို ခွင့်လွှတ်ပါအရှင်ဘုရား။ အစစ အရာရာ အဆင်ပြေအောင် စောင့်ရှောက်ပေးပါ အရှင်တော်မြတ်ဘုရား ..။
.
.
မနက်ရုံးချိန် တရားခွင်မှာ “ မစ္စတာ တိုးနီ .. ခင်များရဲ့ အမှုတွဲ အသွားအလာကို ကျွန်တော် ဖတ်ပြီးပြီ။ တစ်ချို့က ကောင်းမွန်ပြီး တစ်ချို့နေရာတွေမှာ မေးစရာ ရှိနေပါတယ်။ ခင်များရဲ့ မှတ်ပုံတင်မှာ နှိပ်ထားတဲ့ လက်ဗွေရာ နေရာမှာ အဖြူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ Scan ကောင်းကောင်းဖတ်လို့မရဘူး။ ကျွန်တော်တို့ နှိပ်ခိုင်းတဲ့ Finger Print နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ အဲဒါ ခင်များ လက်ဗွေရာ အစစ်လား ” ဆိုပြီး တရားသူကြီးက မဆိုင်းမတွ မေးပါတယ်။ ကျွန်တော့လက်ဗွေရာ အစစ်ဖြစ်ပါတယ် လို့ ကျွန်တော်က ပြန်ပြောတော့ သူက “ ခင်များတို့ကိုင်ဆောင်တဲ့ မှတ်ပုံတင်က ဓါတ်ပုံကိုခွာပြီး တစ်ခြားလူပုံ ကပ်လို့ရတဲ့ အနေအထားဖြစ်နေလို့ မူရင်းလူနဲ့ ကွဲလွဲမှုတွေရှိနေနိုင်တယ်လို့ ယူဆတယ် ”  လို့ စကားပြန်ကနေတစ်ဆင့် ပြန်ပြောတယ်။

.
ရှေ့နေခင်မျာလည်း သူတင်ပေးတဲ့ Story အရမ်းကောင်းပြီး စင်းလုံးချောအဆင်ပြေနေရာက အခုလို မှတ်ပုံတင်ကျမှ လာတစ်နေမယ်လို့ ထင်မထားတော့ ရုတ်တရက်ကြီး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရပါတယ်။ တစ်ဆက်တည်းမှာ “ ရုံးတော်က ဒါကို ပြန်စစ်ဆေးနေရတဲ့အချိန်အတောအတွင်း စောင့်ရတာကြာတာကို လူသားချင်းစာနာသောအားဖြင့် နောက်တစ်ချိန်းမှာ အဖြေကို ပြန်ပြောရင်း အမှုဆုံးဖြတ်ချက်ပါ ချပေးဖို့ ရုံးတော်ကို အသနားခံပါတယ်။ အမှန်တကယ် စောင့်ရတဲ့အချိန်လည်း ကြာနေပြီ ဖြစ်ပါတယ် ” လို့ ရှေ့နေက ဝင်ရောက် လျှောက်ထားပါတယ်။
.
.
တရားသူကြီးက သူ့ခုံပေါ်က စာရွက်တွေကို ဟိုလှန် ဒီလှန်လုပ်ရင်း စဉ်းစားနေပါတယ်။ တရားရုံးတက် သက်တမ်းတစ်လျှောက်မှာ ဒီလောက် စက္ကန့် ( ၆ဝ ) အချိန်လေးဟာ ကျွန်တော့အတွက် ထမင်းလုံးတစ္ဆေခြောက်ထားသလို စိတ်ခံစားမှု အနိမ့် နဲ့ အမြင့်ကြားမှာ ရင်တမမနဲ့ စောင့်ခဲ့ရတဲ့ ကာလဆိုတာ ယုံမှားဖွယ်ရာ မရှိပါဘူး။ လက်ဗွေ စစ်ပြီးတဲ့အပေါ်မူတည်ပြီး ပြန်စစ်စရာရှိတာစစ်ဖို့အတွက် နောက်ထပ် ( ၂ ) လ ခွဲ ချိန်းပါတယ်။ အခုအချိန်အထိတောင် ကျွန်တော် အထဲမှာ နေရတာ ( ၁ ) နှစ် ကျော်နေပါပြီ။
.
တရားခွင်ဖြုတ်ခါနီးမှာ တရားသူကြီးက “ Any Questions? ” ဆိုပြီး မေးခွင့်ပေးတော့ ကျွန်တော်က “ ကျွန်တော် ဝမ်းသာရမယ့်သတင်း ကြားရနိုင်မလား? ” လို့ မေးလိုက်တဲ့အခါ “ ဒီအဖြေကို ကျွန်တော်အခု အတိအကျ မပြောနိုင်ပါဘူး။ ID မှန်ရင်တော့ အခွင့်အရေး အများကြီးရှိတယ်။ အလွယ်တကူပြောင်းလဲလို့ရတဲ့ အနေအထားကြောင့် လက်ဗွေရာကသာလျှင် ကာယကံရှင် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံနိုင်မှာ ဖြစ်ပါတယ် ” လို့ ပြောတော့ ကျွန်တော်လည်း ကျေနပ်လိုက်ရပါတယ်။ ရှေ့နေကဝင်ပြီး တရားသူကြီးက သူတတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ထားပေးတယ်လို့ ဝင်ပြောတာနဲ့ ကျွန်တော်လည်း တရားသူကြီးကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုပြီး ရုံးချိန်းပြီးသွားပါတယ်။
.
.
ကျွန်တော့အတွက် အဆုံးအဖြတ် သေသေချာချာမသိသေးခင် ကံကြမ္မာအလှည့်အပြောင်းဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ သားအဖ ( ၂ ) ယောက် နဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ သူတို့ရောက်တာ ( ၆ ) လလောက်ရှိနေပြီလို့ အဲဒီဦးလေးက ပြောပြတယ်။ သူ့သမီးက အမျိုးသမီးအဆောင်မှာနေရတော့ သူပြတဲ့ ဓါတ်ပုံထဲမှာသာ မြင်ဖူးလိုက်ပါတယ်။ သူတို့အမှုတွဲက သားအဖနှစ်ဦးလုံးတွဲပြီး အမှုတွဲတင်လိုက်တာဖြစ်တယ်။ ရုံးချိန်းဖြေပြီး ဆုံးဖြတ်ချက်ကျလာပြီးသားလို့လည်း ပြောပြပါသေးတယ်။
.
ကံတရားက သူတို့ဘက်မှာ မရှိပုံက အမေရိကန်မြေပေါ်ရောက်မှ ဖြစ်တာပါ။ Story အရ ( ၂ဝဝ၇ ) သံဃာ့အရေးတော်ပုံက စပါတယ်။ တရားသူကြီးက ဖတ်ကြည့်ပြီး အမှုစစ်တဲ့အခါ အဖေ နဲ့ သမီးကို တစ်ခန်းစီ ခွဲမေးတယ်။ ဒီအထိက ပြသနာ မကြီးသေးပါဘူး။ လူပါးနှပ်နေတဲ့ တရားရုံးလုပ်သက်က ဇာတိပြလာတဲ့အခါ တရားသူကြီးရဲ့ လှည့်ပတ်မေးတာကို စတင်ခံစားရပါတော့တယ်။ အမှုထဲမှာ သမီးက သိမ်ကြီးဈေးနားက ဆိုင်မှာ ရှိနေတုန်း အဖေက လာခေါ်တဲ့ ဇာတ်ဝင်ခန်း ပါပါတယ်။ အစိုးရက ဓါတ်ပုံလိုက်ရိုက်တဲ့အထဲမှာပါလို့ ကြောက်ပြီး ပြေးလာတဲ့ Story ပါ။
.
အဖေလုပ်သူကို ဆန္ဒပြပွဲအတွင်း ရန်ကုန်မြို့ရဲ့ ဘယ်နေရာကိုရောက်နေလဲဆိုတာကို ရန်ကုန်မြို့မြေပုံပေါ်မှာ မေးပြီး တရားသူကြီးက သေချာမှတ်ထားလိုက်ပါတယ်။ သမီးကိုစစ်တဲ့အချိန်မှာ သူမအဖေ အမှန်တကယ်ဖြေခဲ့တဲ့နေရာမဟုတ်ပဲ တစ်ခြားတစ်နေရာကို မြေပုံမှာပြပြီး “ မင်း အဖေက အဲဒီနေ့ အဲဒီအချိန် ( ဒီနေရာမှာ ) ရှိနေခဲ့တယ်ဆိုတာ မှန်သလား ? ” လို့ မေးပါတယ်။ သမီးကလည်း မြေပုံနဲ့အတိအကျဆိုတော့ သူ့အဖေဖြေထားတယ်ဆိုပြီး ဟုတ်ပါတယ်လို့ ပြောလိုက်ရာကနေ အမှုကျသွားရတာပါ။
.
.
အဲဒီဦးလေးကြီး စိတ်ဓါတ်အတော်ကျသွားတာ ကျွန်တော် ကိုယ်ချင်းစာမိပေမယ့် ဘာမှလုပ်မပေးနိုင်တဲ့အတွက် လိုက်ပြီး ဝမ်းနည်းရုံသာ တတ်နိုင်ခဲ့ပါတယ်။ သူတို့ ( ၂ ) ယောက်က ဒီကိုရောက်ဖို့အရေး ရန်ကုန်က တိုက်ခန်းပေါင်ပြီး ဘုရင့်နောင်ဖောင်ဖျက်လာတာပါ။ အခုမှတော့ ဘယ်ကငွေနဲ့ ပြန်ဆပ်ရတော့မှာလဲ။ မိန်းကလေးတစ်ယောက်လည်းပါတယ်ဆိုတော့ အခွင့်အရေးသာတယ်လို့ ယူဆမယ်ဆိုရင် ယူဆနိုင်တယ် မဟုတ်ပါလား။
.
တရားသူကြီးဆုံးဖြတ်ချက်က “ မင်းတို့အမှုမှာ သံသယဖြစ်စရာတွေ့တယ်။ ပြီးတော့ အမှုမှာပါတဲ့ ( ၂ ) ဦးရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲနေတော့ ရုံးတော်က နိုင်ငံရးခိုလှုံခွင့် - Asylum ကို ပေးလို့မရတဲ့အတွက် ပယ်ချပါတယ် ” ဟူ၍ ဖြစ်ပါတယ်။
.
တစ်ဆက်တည်း သူတို့ကိုပြန်ဖို့စီစဉ်ပေးရမလား လို့ မေးတယ်။ ဒုတိယရွေးချယ်ခွင့်အနေနဲ့ ဒီစခန်းထဲမှာ ဆက်နေပြီး ( ၁ ) နှစ်ခွဲ ပြည့်တဲ့နေ့မှာ အပြင်ကိုထွက်ပြီး အမှုထပ်ရင်ဆိုင်မလား လို့ မေးပါတယ်။ တကယ်အပြင်ရောက်မယ်ဆိုရင် အလုပ်လုပ်ခွင့် ရပြီး တရားမဝင်နေရမှာပါ။ ဒါပေမယ့် နိုင်ငံကူးလက်မှတ်လျှောက်ခွင့်မရှိတဲ့အတွက် ခင်များတို့ မြန်မာနိုင်ငံပြန်ခွင့်တော့ ရရှိမှာ မဟုတ်ဘူးလို့ ရှည်ရှည်ဝေးဝေး ရှင်းပြတယ်လို့ ပြောပြတယ်။
.
.
အဲဒီဦးလေးကြီးက ဒီစခန်းထဲမှာနေရတာ အရမ်းစိတ်ညစ်နေသူပါ။ အပြင်မှာနေပြီး အခြေအမြစ်မရှိတဲ့ဘဝကနေ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးလို့လည်း ခံယူထားသူတစ်ဦးပါ။ အပြင်ကနေ အမှုရင်ဆိုင်ဖို့ဆိုတာကလည်း လိုအပ်ချက်ကြီးလှတာကြောင့် မြန်မာနိုင်ငံပြန်မယ့်နည်းလမ်းကို ရွေးချယ်မယ်လို့ ပြောပြတယ်။
.
.
.
ဇာတ်လမ်းက ဒီမှာတင် မဆုံးသေးပါဘူး။ သူတို့ရဲ့ အမေရိကန်အိပ်မက်တွေ ဆက်မက်လို့ရဦးမှာလား? ဒီလို ဒုက္ခခံခဲ့သမျှ ဘယ်သူတွေ အကျိုးအမြတ်ရရှိသွားပါသလဲ? ပြည်တော်ပြန်မလှတဲ့ မိသားစုများ ရှေ့ရေးကို ဘယ်လိုရင်ဆိုင်ကြပါသလဲ? စသဖြင့် မေးခွန်းတွေ “ တိုးနီ ”  ကို မေးဖို့ကျန်ရှိနေပါသေးတယ်။
.

koko2yeye@gmail.com

No comments: