ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, March 28, 2014

ယိုစီးဖိတ်စင်ဦးနှောက်များကို ကျွန်ုပ်တို့ကိုယ်တိုင်ပြန်ကောက်ကြပါစို့


      
            ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့ ပြည်သူသဘောတူတဲ့အစိုးရရော ပြည်သူသဘောဆန့်ကျင်ပြီင်္း မင်းလုပ်ခဲ့တဲ့ တာဝန်ယူသူများ ( တာဝန်ရှိသူများဟုမသုံးလိုပါ ) ရဲ့ လူငယ်တွေအပေါ်ဖွင့်ပေးခဲ့တဲ့ နည်းပညာလွတ်လပ်ခွင့် ၊ ရှာဖွေလေ့လာခွင့် ၊ စာအုပ်စာတမ်းလွတ်လပ်ခွင့် နဲ့ ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုကိုအားပေးမှု အားနည်းမှုတွေကြောင့် မြောင်းထဲသို့ကျသွားသော ကျွန်တော်တို့လူငယ်အင်အားစုကြီး - ယခုလူလတ်ပိုင်း နည်းပညာလူငယ်များကို ညွှန်းဆိုပြီး စကားတွေပြောချင်ပါတယ် ၊ ဦးနှောက်ယိုစီးမှု-Brain Drain လို့ အမည်ကင်ပွန်းမတတ်ချင်တဲ့အကြောင်းက အဲဒီဦးနှောက်တွေကို လက်တွေ့ဘဝ မှာ စားဝတ်နေရေးအဆင်ပြေစွာ ဘယ်သူက စမ်းသပ်ခွင့်ပြုခဲ့ပါသလဲ ၊ ခြေစမ်းခွင့်မရှိတဲ့ လမ်းဘေးဘောလုံးကွင်းမှာ လေ့ကျင့်ခဲ့ရတဲ့ မြန်မာအိုင်တီလူငယ် ၊ ကွန်ပျူတာကျွမ်းကျင်သူများဟာ ကွင်းနီးနားချင်း မြက်စိမ်းစိမ်းတွေမှာ လေ့ကျင့်ရင်း ဘဝ ဝမ်းစာရှာဇာတ်လမ်းဖွင့်ခဲ့ကြရတာ ဘယ်သူ့အပြစ်ပါလဲခင်ဗျား ။





 မြန်မာတွေရန်ဖြစ်နေတဲ့အချိန်မှာ စင်္ကာပိုးရီးယန်း တွေက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အခွန်လျှော့ကောက်ခဲ့ပြီး ဆွဲဆောင်နိုင်ခဲ့တယ် ၊ တိုးလာတဲ့အခြေခံအဆောက်အဦနဲ့တွဲလျက်ပါလာတဲ့ နည်းပညာတွေကို ကျွန်တော်တို့ငယ်ငယ် ဂေါ်လီရိုက်တုန်းက စကား အရပြောရမယ်ဆိုရင် “ အဆီကွပ် ” နိုင်ခဲ့တယ် ၊ ဝင်ငွေထွက်ငွေကျွမ်းကျင်လုပ်ငန်းဖြစ်တဲ့ ဘဏ်စံနစ်ကို အခြေတကျတည်ဆောက်နိုင်ခံသလို တစဲစဲဝင်ရောက်လာမယ့် အနယ်နယ်အရပ်ရပ်က ပြောင်းရွှေ့လုပ်သားတွေကိုရည်ရွယ်ပြီး စီမံခန့်ခွဲမှုအဓိကပင်စည် စာရင်းအင်းပညာ-Accounting နဲ့ စီးပွားရေးစီမံ-Business Management တွေကျွမ်းကျင်အောင်ထိုင်င်္ပြီးလေ့ကျင့်ခဲ့ကြတယ် ၊ စဉ်းစားကြည့်လေ ၊ ပြိုင်ပွဲအတွက်ဒီလောက်ပြင်ဆင်ထားသူ စင်္ကာပူကမနိုင်ဘဲ အိမ်တွင်းရန်ဖြစ်နေတဲ့ ရန်ကုန်က နိုင်စရာအကြောင်းရှိပါ့မလား ၊ ဘောလုံးပွဲစကားငှားသုံးပြောရရင် ရန်ကုန်ကွင်းကလူတွေ စလုံးကို အငှားသွားကစားကြပြီပေါ့ဗျာ ၊ ဒီတော့ ကိုယ့်ကွင်းမှာလူလိုရင် ဒါမှမဟုတ် ကိုယ့်ကွင်းကကြေးကောင်းရင် နောက်ထပ်တစ်မျိုးဆိုရင် နယ်ချစ် မျိုးချစ်စိတ်ရှိရင် ပြန်လာကစားကြမှာပေါ့ ၊ ဒီနေရာမှာ ကိုယ့်နိုင်ငံဘက်က အချိန်ကိုက်ကြိုဆိုနိုင်ပြီလားဆိုတာ မေးစရာဖြစ်နေပါတယ် ၊ ကိုယ့်ကွင်းမှာမြက်ခင်းစိမ်းမှ ကစားသမားတွေပြန်လာမှာပါ ၊ ပွဲကြည့်ပရိသတ်ရှိမှ ပြန်လာကစားမှာပါ ။





               အင်ဒီးယန်းတွေကလည်းမခေခဲ့ပါ ၊ ဘယ်ဘက်အိမ်နီးနားချင်း အိန္ဒိယကိုပြောတာပါ ၊ အိန္ဒိယနိုင်ငံရေးအပြောင်းအလဲကြားမှာ သူ့ပြည်သူတွေတော်တော်ရုန်းကန်ခဲ့ကြရပါတယ် ၊ မြန်မာနိုင်ငံနဲ့လွတ်လပ်ရေးရတာခြင်းမကွာပေမယ့် နိုင်ငံကို ပြည်တည်ထောင်တဲ့လမ်းစဉ်ကျတော့ ခြားနားမှုကြီးခဲ့ပါတယ် ၊ အခွန်ဘဏ္ဍာကနေ ပြန်သုံးတဲ့စီမံချက်မှာ ပညာရေးဋ္ဌာနဘတ်ဂျက်က အများဆုံးပါ ၊ ကြိုးစားမှုခြင်းတူရင်တောင်မှ ရည်ရှည်ရလဒ် ကွာပါတယ် ၊ အစိုးရအားပေးမှုနဲ့အတူ အခြေခံနည်းပညာ နဲ့ အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားပြဋ္ဌာန်းလိုက်တဲ့အခါ အခု လက်ရှိ အင်ဒီးယန်းတွေဟာ ဦးနှောက်ယိုစီးမှုမဟုတ်တဲ့ ဦးနှောက်တင်ပို့မှုကို အင်နဲ့အားနဲ့လုပ်နိုင်ခဲ့ပါတယ် ၊ အထူးသဖြင့် ကွန်ပျူတာဆော့ဝဲ နဲ့ ပရိုဂရမ်ရေးဆွဲတဲ့နေရာမှာ ထိပ်တန်းရောက်အောင် တစ်လိုင်းကောင်း ကြိုးပမ်းနိုင်ခဲ့တဲ့ သာဓကရှိပါတယ် ။


အဲဒီအားသာချက်ကြောင့် စက်မှုထိပ်တန်း အမေရိကန် အင်္ဂလန်လို နိုင်ငံတွေကတောင် နိုင်ငံကူးခွင့်လက်မှတ်အဖြူ-White Card ထုတ်ပေးပြီး ဦးနှောက်သွင်းယူရတဲ့အထိ တံခွန်တိုင်ထူနိုင်ခဲ့ပါတယ် ၊ ဒါကြောင့် သူ့နိုင်ငံကို ပြန်ပို့တဲ့ ဒေါ်လာဝင်ငွေ ၊ ပြည်တွင်းမှာ ဖိတ်ခေါ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ ဒေါက်တိုင်များနဲ့ အိန္ဒိယိကို ကျားကန်နိုင်ခဲ့ပါတယ် ၊ ငွေမကုန်ပဲ ပညာတော်သင်လွှတ်ခွင့်ရခဲ့တဲ့ အင်ဒီးယန်းဦးနှောက်များကို ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်ခဲ့တဲ့ ဒေါ့ကွန်းခေတ် တစ်ခေတ်ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါတယ် ၊ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တာနဲ့အတူ ချမ်းသာလာတဲ့ ဦးနှောက်ငွေတွေနဲ့ ဒေသတွင်းမှာ နိုင်ငံတောင့်တင်းရေးကိုတည်ဆောက်နိုင်ရုံမက စစ်အင်အားကိုပါ သက်တောင့်သက်သာချဲ့ထွင်နိုင်ခဲ့တာ မြန်မာနိုင်ငံအတွက်အတုယူစရာ မဟုတ်ပါလား ။
  
         
အနာဂါတ်နိုင်ငံတော်တည်ဆောက်ဖို့စိတ်အားထက်သန်တဲ့အစိုးရဟာ ထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေကို ပြည်ပပညာတော်သင်ပို့ဖို့ တာဝန်ရှိတယ် ၊ လျစ်လျူရှုတဲ့အစိုးရကျပြန်တော့ လုပ်ဖို့ပျက်ကွက်တဲ့အပြင် ပြည်သူတွေပညာတတ်ပြီးတော်လှန်မှာကြောက်ခဲ့ကြတယ် ၊ အကျိုးဆက်အနေနဲ့ တတ်နိုင်တဲ့ အလယ်အလတ်ပြည်သူတွေ ကိုယ့်သားသမီးကို မိမိအစီအစဉ်နဲ့ အနောက်ဆိုရင် အင်္ဂလန်  အမေရိကန် ၊ အရှေ့ဆိုရင် စင်္ကာပူ  မလေးရှား ၊ ကြားထဲမှာ သြစတေးလျ တို့မှာကျောင်းသွားတက်ခိုင်းရတော့တယ် ၊ ဒီတော့ အနာဂါတ်နိုင်ငံတော်ကိုတည်ဆောက်ပါမယ်ဆိုတဲ့ လူငယ်တွေရဲ့မိဘတွေက ပြေလည်မှန်းမသိ မပြေလည်မှန်းမသိ ကလေးကျောင်းတက်ဖို့ မရှိစုရှိစုငွေလေးနဲ့ ပေါင်နှံရောင်းချစီစဉ်ရပါတော့တယ် ၊ ဒီလိုမျိုးလူငယ်တွေ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကငွေတွေကို အပြင်ဟွန်ဒီနဲ့ ငွေလွှဲထုတ်ယူသွားပြီး နိုင်ငံခြားတိုင်းပြည်က ကောင်းပေ့ဆိုတဲ့ကျောင်းကို သွားပေးနေရတာ လစဉ် နှစ်စဉ် ဘယ်နှစ်ယောက်ရှိနေပြီလဲ စဉ်းစားကြစမ်းပါ ၊ ဒါဟာ ဦးနှောက်ယိုစီးမှု လုံးဝမဟုတ်ပါဘူး ၊ ပညာရေးအခြေခံလုယူခံရခြင်းပါ ၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူပြည်သားတွေရဲ့ ချွေးနဲစာငွေကို လက်နက်မပြဘဲ ကြည်ကြည်သာသာ ဓါးပြတိုက်ယူသွားတာပါ ။


 ဒါလောက်နဲ့တင်မကသေးပါ ၊ ကလေးရပ်တည်နိုင်ဖို့ မုန့်ပဲသားရေစာဖိုး ၊ ကျောင်းလခ ကျောင်းစာအုပ်ဖိုး ၊ ကျောင်းသားနေဖို့ အဆောင်ငှားရတဲ့ကုန်ကျငွေ ၊ စားသောက်နေထိုင်စားရိတ်တွေအပြင် ကျောင်းခဏပိတ်တိုင်း အမိမြေကိုပြေးပြန်လာတဲ့ သားသမီးရဲ့လေယျာဉ်ခ ဒီငွေတွေအားလုံး ၊ အလုပ်အကိုင်အခွင့်အလမ်းတွေအားလုံးကို ဟိုဘက်နိုင်ငံက “ ရ ” သွားပါပြီ ၊ မြန်မာနိုင်ငံဘက်ကကြည့်ရင် အခွန်ရှုံး ၊ အချိန်ရှူံး ၊ လူငယ်ရှူံး ၊ လူကြီးရှူံး ၊ ဦးနှောက်ရှူံး စတဲ့ အရင်းအမြစ် ( ၅ ) မျိုး ဆုံးရှူံးပါတယ် ၊ ပိုပြီးရင်နာဖို့ကောင်းတာက အဲဒီမှာကျောင်းပြီးသွားတဲ့ မြန်မာ့ရင်သွေးဟာ အမိနိုင်ငံကို ပြန်မလာချင်တော့ပဲ ဟိုနိုင်ငံမှာတွယ်ကပ်လို့ရမယ့် လမ်းကြောင်းတစ်ခုခု - ဥပမာ အဲဒီနိုင်ငံသားတစ်ယောက်ယောက်နဲ့လက်ထပ်လိုက်တာမျိုး ၊ ဗီဇာလွန်ခိုလုံလိုက်တာမျိုး ၊ ရန်ကုန်ကလူချမ်းသာသားသမီးက တစ်ဖက်နိုင်ငံမှာ ဒုက္ခသည်ခံယူလိုက်တာမျိုးတွေ ဖြစ်ပေါ်ကုန်တာ မြန်မာနိုင်ငံအတွက် အရမ်းနစ်နာပါတယ် ၊ ပြီးတော့ ဒီကျောင်းသားပညာတတ်လာလို့ မြန်မာနိုင်ငံအတွက် ဘာသွင်းကုန်မှ မသွင်းလာနိုင်တာကြောင့်လည်း မိအေးနှစ်ခါမက သုံးပြန်လောက်နစ်နာပါတယ် ၊ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်သင့်ပါသလဲ ။


          အထက်မှာပြောခဲ့သလို အကုန်လိုက်ပြင်ရင် မီးခိုးကြွက်လျှောက်လိုက်လုပ်နေလို့ကတော့ စပါးကျီမှာ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားရှာတာထက်ဆိုးကုန်ပါလိမ့်မယ် ၊ မလုပ်ပါနဲ့တော့ ၊ နည်းစံနစ် “ မှန် ” ချပြီးဆောင်ရွက်ဖို့ အစိုးရတာဝန်ပါ ၊ သူ့တာဝန်သူမလုပ်လို့ ပြည်သူတွေ တစ်နိုင်တစ်ပိုင်လုပ်နေရတာ မောလှပါပြီ ၊ ပြည်သူတွေကို အနားပေးပါ ၊ ပညာရေးအသုံးစားရိတ်သိသိသာသာမြှင့်တင်ပေးပါ ၊ စာကြည့်တိုက်များများတည်ထောင်ပေးပါ ၊ ထူးချွန်ကျောင်းသားများကို နေရာပေးပါ ၊ ဒီအချိန်ကျမှ “ မိဘပြည်သူများခင်များ ၊ ပညာရေးစံနစ်မြှင့်တင်ရေးမှာ ပူးပေါင်းပါဝင်ကြပါ ” လို့တော့မပြောလိုက်ပါနဲ့ ၊ ပြည်သူများက ကိုယ့်အစီအစဉ်နဲ့ ကြိုလုပ်နေတာ ကြာလှပါပြီ ၊ ပြည်သူ့အကြံဥာဏ်ကို အလေးထားပါ ၊ စာသင်စံနစ်များကို ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲပါ ၊ ကျောင်းပြီးသူ အလုပ်ခွင်အမြန်ဝင်နိုင်ရေးကို လက်ရှိမြန်မာ့ “ နိုင်ငံ့အရေး “ ကဲ့သို့ ရှေ့တန်းတင်ဆောင်ရွက်ကြပါ ။




တစ်ချိန်တုန်းက နည်းအမျိုးမျိုး ( နည်းလမ်းမှန် ရော မမှန်တာရော ) နဲ့ ချမ်းသာလာခဲ့တဲ့ လုပ်ငန်းရှင်ကြီးများ ၊ ခရိုနီများကို ဒီခေတ် ဒီအချိန်မှာ ပြည်သူလူထုကိုယ်စား အခွင့်အရေးတစ်ခု ပေးလိုပါတယ် ၊ ပြည်သူပြည်သားများ နဲ့ ယခင် အာဏာရှင်လက်ပါစေအစိုးရလက်ကျန်ဝန်းထမ်းများပါ နိုင်ငံတော်ဖွံ့ဖြိုးရေး “ အထမြန် ” အောင် ရုန်းကန်နေတဲ့အချိန် လူကြီးမင်းတို့မှာရှိတဲ့ ဓနအင်အားကိုသုံးပြီး အများရှေ့ရှု ပရဟိတအကျိုးပြုလုပ်ငန်းတွေ များများလုပ်ပေးပါ ၊ လူကြီးမင်းတို့မှာရှိတဲ့ အခြေခံအဆောက်အဦနဲ့ ကျောင်းပြီးပညာတတ်များကို နေရာပေးအလုပ်ခန့်ပေးပါ ၊ လူကြီးမင်းတို့ရဲ့ အဆက်အသွယ်ကောင်းတွေအသုံးချပြီး အလားအလာရှိတဲ့ မြန်မာလူငယ်တွေကို ဈေးသင့်တင့်တဲ့ နိုင်ငံကို ပညာတော်သင်လွှတ်ပေးပါ ၊ အဲဒီကမှတစ်ဆင့် ပြည်တွင်းကို နိုင်ငံရပ်ခြားက ကျောင်းဆရာတွေ ပညာရှင်တွေ တင်သွင်းလာပြီး လူငယ်ထုကို ကောင်းမွန်စွာ “ အသိအညာ အတတ်ပညာ ” သင်နိုင်ရန် အကုန်အကျခံပေးပါ ၊ နှစ်အပိုင်းအခြားတစ်ခုလောက်အထိဘဲလုပ်ပေးရမှာပါ ၊ နောက်ပိုင်းကျရင် သူ့အလိုလိုလည်ပတ်သွားပါလိမ့်မယ် ။


 ငွေကုန်ကြေးကျများတယ်လို့တော့ လူကြီးမင်းတို့ မညည်းလိုက်ပါနဲ့ ၊ ပြည်သူကသိပါတယ် ၊ ရှူံးမယ်မှန်းသိလျက်နဲ့ ဘောလုံးအသင်းကိုတောင် ငွေ သိန်းပေါင်း သောင်းချီအကုန်ခံပြီးလုပ်ခဲ့သေးတာပဲ ၊ မဟုတ်ဘူးလား ၊ အခုဟာက တစ်နိုင်ငံလုံးရဲ့ အနာဂါတ်လူငယ်တွေကိုမြေတောင်မြှောက်ပေးဖို့အတွက်ပဲ ၊ လူကြီးမင်တို့ရဲ့သားသမီး ဆွေမျိုးအသိုင်းအဝိုင်းတွေ နိုင်ငံရပ်ခြားမှာ နောက်ဆုံးပေါ်ပညာလည်းသင်ပြီးနေပါပြီ ၊ အလွန်ကောင်းတဲ့ စည်းစိမ်ဥစ္စာတွေရဲ့ အမြိုက်အရသာကို ဝဝလင်လင်ခံစားခဲ့ပြီးပါပြီ ၊ အခု ပြည်သူရဲ့သားသမီးတွေအလှည့်ပေါ့ဗျာ ၊ ဟာ - ဒါအစိုးရအလုပ်ပဲ ၊ အစိုးရလုပ်ရမှာပေါ့လို့တော့ရက်ရက်စက်စက်မဆိုလိုက်ပါနဲ့ဦး ၊ သူ့ခမျာမှာလည်း အရင် “ အဆိုးရ ” အဆက်ဆက် လက်ချက်နဲ့ အိပ်ကောက်နဲ့ဖါးလိုက်ကောက်နေတာမြင်တဲ့အတိုင်းပါပဲ ၊ ရောင်းစားစရာတော့ တော်တော်လေးကုန်သလောက်ရှိနေပြီ ၊ အခုအချိန်ဟာ လူကြီးမင်းတို့ဂုဏ်ပြန်ဆယ်ဖို့အခွင့်ကောင်းပါ ၊ တစ်လွဲမတွေးပါနဲ့ ၊ ဖောင်ဒေးရှင်းထောင်မှ ဒါနမဟုတ်ပါ ၊ ပညာလက်ဆင့်ကမ်းအမွေကမှ အစစ်အမှန်ပါ ၊ လူငယ်တွေကို ပညာပြန်သင်ခွင့်ပေးပါ ၊ နည်းပညာမှာ ခေတ်နောက်မကျတဲ့ မြန်မာလူငယ်ထုကို ခြေစမ်းကွင်းတွေတည်ဆောက်ပေးပါ ၊ အဂတိတရားကင်းစင်တဲ့ e-Government ဖြစ်ထွန်းလာဖို့ မြန်မာလူငယ်မျိုးဆက်သစ်တွေကို သူတို့တတ်တဲ့နည်းပညာနဲ့တည်ဆောက်ခွင့်ပေးပါ ၊ သင်တန်းပေးပါ ၊ ပြည်ပရောက် အိုင်တီလူငယ်များကို ကြိုဆိုပါ ၊ ဖိတ်ခေါ်ပါ ၊ ယိုစီးခဲ့ - ဖိတ်စင်ခဲ့တဲ့ မြန်မာ့ဦနှောက်များကို ကျွန်တော်တို့ကိုယ်တိုင်ပြန်ကောက်ကြပါစို့ လို့ စေတနာအရင်းခံ ဆန္ဒပြုလိုက်ပါတယ် ။


ကိုညီညီ ( တောင်ကြီး )

Koko2yeye@gmail.com



“ ယိုစီးဖိတ်စင်ဦးနှောက်များကို ကျွန်ုပ်တို့ကိုယ်တိုင်ပြန်ကောက်ကြပါစို့ “ စာမူကို ၂ဝ၁၄ ဧပြီလ ( ၁၂ ) ရက်နေ့ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ်စဉ် ( ၃၁ ) ၊ စာမျက်နှာ ( ၂၄ ) တွင် ဖော်ပြပါရှိသည် ။



No comments: