ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, September 26, 2013

မြန်မာပြောသော အမေရိကရောက် တရုတ်များအကြောင်း



 
       
             အတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ အိမ်နီးနားချင်း ပေါက်ဖော်နိုင်ငံကြီးအကြောင်းကို မြန်မာပြည်မှာရှိနေစဉ်တုန်းကတော့သိပ်စိတ်မဝင်စားမိခဲ့ ၊ နေရာတကာ သူ့နိုင်ငံထုတ်ပစ္စည်းတွေချည်းဖြစ်နေတာကိုတော့ သတိထားမိပါတယ် ၊ ဒီထက်ထူးခြားတာက လူချမ်းသာတွေ ကုန်သည်ကြီးတွေ စီးပွားရေးသမားတွေကိုကြည့်လိုက်ရင်လဲ အများစုက တရုတ်လူမျိုးတွေဘဲဖြစ်နေပြန်ပါတယ် ၊ မြို့လယ်ခေါင် အချက်အချာကျတဲ့နေရာတွေကို အင်နဲ့အားနဲ့ ဦးထားကြတာလဲ ကိုရွှေတရုတ်ကြီးများဘဲဆိုတာ အားလုံးမျက်မြင်ဘဲမဟုတ်လား ။
               
           မြန်မာတွေ အမေရိကားကို စပြီး အခြေခါစ ထိတွေ့ဆက်ဆံရတဲ့အထဲမှာ ဒေသခံ အမေရိကန်လူမျိုးတွေ နဲ့ စပိန်နွယ်ဘာသာစကားပြောတဲ့- Spanish လူမျိုးတွေပါမက ကွမ်တုန်းစကားပြော တရုတ်လူမျိုးတွေလဲပါဝင်ပါတယ် ၊ အားလပ်ရက်ခရီးသွားတာမျိုး နဲ့ ဟော်တယ် ၊ လေဆိပ် ၊ လူမှုကြီးကြပ်ရေးနဲ့ အစိုးရရုံးတွေမှာတော့ အနည်းဆုံး အင်္ဂလိပ်ဆက်သွယ်ရေးစကား- Simple English ပြောတတ်မှ အဆင်ပြေမှာပါ ၊ ကုန်ထုတ်လုပ်မှုစက်ရုံ ၊ အခြေံခံစားသောက်ကုန်ထုတ်လုပ်စက်ရုံ နဲ့ အလုပ်ကြမ်း စတဲ့ အလုပ်ခွင်တွေမှာတော့ အင်္ဂလိပ်စကားသိပ်မတတ်လဲ အလုပ်ရနိုင်ပါတယ် ။



  •   ကလေးကျောင်း ၊ ကုန်စုံဆိုင် ၊ စားသောက်ဆိုင်

          ဒီလိုပြောင်းရွှေ့အခြေချနေထိုင်သူတွေအတွက် မိမိတို့ သားသမီးတွေကျောင်းထားဖို့ကိစ္စ က အရေးကြီးလာပြန်ပါတယ် ၊ ကျောင်းနဲ့နီးတဲ့အိမ်တွေ ဝယ်ပြီးနေကြတာတွေကိုကြည့်လိုက်ရင် တရုတ်လူမျိုးအများစုဖြစ်နေပြန်ပါတယ် ၊ လူစည်ကားတဲ့တရုတ်တန်းမဟုတ်ပေမဲ့လဲ သူ့လူမျိုးများတဲ့အတွက် တရုတ်ကုန်စုံဆိုင်တွေအလုပ်ဖြစ်ကြပါတယ် ၊ အသားငါး ကုန်စိမ်းတွေပါရောပြီးရောင်းတော့ တစ်နေရာတည်း အကုန်ရတဲ့အတွက် ရောင်းကောင်းပါတယ် ၊ ဒေါ်လာ ၃ဝ ဖိုး ဝယ်ရင် အသင့်စားဟင်းဝယ်ဖို့ ၁ ဒေါ်လာ ကူပွန် ၁ စောင် စံနစ်နဲ့ရောင်းလို့ ဈေးလဲသုံး ၊ အပြန် အိမ်အတွက်ဟင်းလဲဝယ် ဟန်ကိုကျနေတာပါဘဲ ၊ ဈေးလျှော့ရောင်းပြီး လိုတာအကုန်ရနိုင်တဲ့စံနစ်ကြောင့်လဲပိုပြီးအောင်မြင်ကြတာတွေ့ရပါတယ် ၊ တစ်ချို့ ဘူဖေးလ်လိုမျိုး အသင့်ချက်ပြီးသား တရုတ်စားသောက်ဆိုင်တွေဆို ထိုင်ခုံနေရာရဖို့ အမေရိကန်လူမျိုးတွေအပါအဝင် လူပေါင်းစုံတန်းစီစောင့်ရတဲ့အထိ စီးပွားဖြစ်နေကြပါတယ် ။


  •  လုပ်ငန်းခွင်

စကားမတတ်လို့ အခြေခံလစာ ၁ နာရီ ၈ ဒေါ်လာနဲ့အလုပ်နိုင်တဲ့အထဲမှာ တရုတ်လူမျိုးပိုင်စက်ရုံတွေပါဝင်ပါတယ် ၊ ဥပမာ-ဆန်ဖရန်စစ္စကိုဒေသအနီး APPLE ကို ထောက်ပံ့ပစ္စည်းထုတ်လုပ်ပေးနေတဲ့ ကွမ်တာ စက်ရုံမှာဆိုရင် အများစု တရုတ်တွေပါဘဲ ၊ ပိုင်ရှင်က တရုတ်နွယ်ထိုင်ဝမ်နိုင်ငံသားဆိုတော့ မန်နေဂျာ နဲ့ ကြီးကြပ်ရေးမှုးကအစ တရုတ်လူမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ် ၊ တစ်လက်စထဲမှာ ရန်ကုန်တရုတ်တန်းပတ်လည်ကလာတဲ့ မြန်မာတွေရဲ့ မိဘတော်တော်များများက တရုတ်စကားတတ်ကြတော့ အမေရိကားက ဒီလိုအခြေခံစက်ရုံမျိုးရဲ့တရုတ်အလုပ်ခွင်တွေမှာ အလုပ်ရလွယ်ပါတယ် ၊ အခြေအနေဆိုးတာက အလုပ်ခွင်ထဲမှာ အင်္ဂလိပ်စကားအဓိကမသုံးဘဲ ကွမ်တုန်း လိုဘဲပြောနေကြတာပါ ၊ မသိနားမလည်ရင်လဲ လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ တရုတ်ပြည်ကလို ငေါက်ငန်းတတ်တယ်လို့ ကြားဖူးပါတယ် ၊ လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေး- Work Environment Safety ကိုတော့ အထူးဂရုစိုက်ကြပြီး ဘိုစကားမတတ်ကြတဲ့ တရုတ်တွေအများကြီးကိုအလုပ်ခန့်ထားကြတာပါ ၊ ကိုယ်ကလဲ စားဝတ်နေရေးနဲ့မို့ သည်းခံရင်းနဲ့ဘဲ ဆက်လုပ်နေကြတာပါ လို့ ပြောင်းရွှေ့မြန်မာတွေ ညည်းညူသံကို  မကြာခဏ ကြားရပါတယ် ။


  •  တရုတ်တန်း

လှပတဲ့ ဆန်ဖရန်စစ္စကိုမြို့ က ဒုတိယဆိပ်ကမ်းမြို့ဖြစ်ပြီး အုတ်ကလန်မြို့ကတော့ ပထမဆုံးကုန်တင်ဆိပ်ကမ်းမြို့ကြီးဖြစ်ပါတယ် ၊ တရုတ်တန်းပွဲဆိုရင် အုတ်ကလန်မြို့မှာ အထူးစည်ကားမြဲပါ ၊ စားသောက်ကုန် နဲ့ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်အစုံအလင်ရလို့ အထူးတလည်ဈေးသွားဝယ်ကြရတဲ့အထဲမှာ အုတ်ကလန်တရုတ်တန်းအပါအဝင်ပါ ၊ ရက်လွန်ပစ္စည်းတွေရောရောင်းတတ်လို့ အထူးသတိထားသင့်ပါတယ် ၊ ဘာဝယ်ဝယ်ကုန်ဆုံးရက်စွဲကြည့်မှ စိတ်ချရပါလိမ့်မယ် ။



  •   အိမ်ခြံမြေ

လုပ်ခသက်သာ လက်ခစားစံနစ်နဲ့ အစွမ်းကုန်ချီတက်ခဲ့တဲ့တရုတ်တို့ရဲ့ပိုငွေပြမှုဟာ အနောက်နိုင်ငံအထိခြေဆန့်လိုက်တာ အိမ်ခြံမြေ ရင်းနှီးမျြုပ်နှံမှုထဲ အလုံးအရင်းနဲ့ နှစ်အတန်ကြာ ဝင်ရောက်နေရာယူခဲ့ကြပါပြီ ၊ အထက်မှာ ပြောပြခဲ့သလို ကလေးပညာရေးအတွက်လာတဲ့ တရုတ်တွေက ကျောင်းနဲ့နီးတဲ့နေရာတွေမှာဝယ်သလို ငွေပိုငွေလျှံရှိသမားများကတော့ စက်ရုံများတဲ့ နည်းပညာလွင်ပြင် ဆန်ဟိုဆေးမြို့-San Jose တနည်းအားဖြင့် ဆီလီကွန်တောင်ကြား တစ်ဝိုက်မှာ ရင်းနှီးမြုပ်နှံကြတယ် ၊ ရောင်းမယ့်အိမ်စာရင်း- Listing အင်တာနက်ပေါ်တင်လိုက်ရင် တရုတ်တွေက ငွေလက်ငင်းချ ဝယ်သွားလို့ ဒေသခံတွေတောင် မယှဉ်နိုင်ဖြစ်နေကြပါတယ် ၊ အမေရိကားမှာ မြေဈေးတက်တာ ရာခိုင်နှုန်း ၂ဝ ၊ ၃ဝ ဆိုတော့ အဆပေါင်းများစွာတက်တဲ့ မန္တလေးလောက်တော့မဆိုးသေးပါဘူး ။



  •  တရုတ်ပြည်တွင်ထုတ်လုပ်သည်

အမေရိကားမှာ အသုံးအဆောင် ၊ လက်ကိုင်ဖုန်း ၊ လျှပ်စစ်ပစ္စည်းစုံ ၊ အဝတ်အစား ဘာကိုဘဲကြည့်ကြည့် ‘ တရုတ်ပြည်တွင်လုပ်သည် ‘ စာသားပါတာ အများစုပါ ၊ အမေရိကန်လုပ်ငန်းရှင်များရဲ့ပြည်ပအလုပ်အပ်မှု-Outsourcing ကြောင့် ကုန်ပစ္စည်းတွေပေါ်မှာ “ Made In China “ ကို ကမ္ဘာတစ်ခွင်လုံးမြင်တွေ့နေကြပါပြီ ၊ မြန်မာပြည်မှာတွေ့ရတဲ့ ‘တစ်ရက်စုတ်-တရုတ်စက်’ လို ဒီမှာမတွေ့ရပါဘူး ၊ အကြောင်းကတော့ ဒီဇိုင်း ၊ မူပိုင်ခွင့် ၊ ဖြန့်ချီရေး နဲ့ အာမခံ-Warranty ကို အမေရိကန်ကုမ္ပဏီတွေက တာဝန်ယူထားကြလို့ပါ ၊ ပျက်ရင် ဖုန်းဆက် - ပြန်အစားထိုးပေးရမှာမို့လို့ သတ်မှတ်ချိန်အတွင်းမှာရရှိတဲ့အာမခံချက် က အားသာချက်တစ်မျိုးပါ ၊ အစားအသောက်ကျတော့မတူပြန်ပါဘူး ၊ ဒီနိုင်ငံကိုရောက်တာကြာပြီဖြစ်တဲ့ ကျေးဇူးရှိတဲ့အစ်ကိုတစ်ယောက်က မှတ်မှတ်သားသား ပြောပြဖူးပါတယ် ၊ သူနဲ့အလုပ်ခွင်တူတူတက် ကားပူးလ်-Carpool စီးတဲ့ ပြည်ကြီးတရုတ်ပြည်က အမေရိကားမှာအခြေချနေထိုင်တဲ့ တရုတ်စစ်စစ်က သူမ ဘာစားစား ‘ မိတ်အင်ချိုင်းနား ‘ မစားပါဘူးတဲ့ခင်များ ။


ကိုညီညီ - တောင်ကြီး

No comments: