ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, November 23, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၃ ။ အရင်းအနှီးငွေရှာဖွေခြင်း ( Looking for Capital )




     ဒီတစ်ကြိမ် အပတ်စဉ် စာမေးပွဲပြီးရင် မေးခွန်း ( ၁ဝဝ ) ပါတဲ့ အဖြေမှန်ရွေးချယ်-Multiple Choice အတန်းတင်-Final စာမေးပွဲဖြေဖို့ရှိပါတယ် ၊ ဒါပေမဲ့ ဖတ်စာအုပ်ထဲက အခန်းတွေ ဖတ်ပြီးဖြေရသလို မသိတာကို အင်တာနက်မှာရှာဖြေရမှာပါ ၊ ဖြေဆိုချိန်အကန့်အသတ်မရှိတော့ အသက်ရှူချောင်နိုင်ပါတယ် ၊ တစ်ထိုင်တည်းအပြီးမဖြေနိုင်ရင် ရောက်တဲ့နေရာကိုသိမ်း-Save ထားပြီး နောက်ထပ်တဖန် ဆက်ဖြေ-Resume လို့ ရတာ သိပ်ကောင်းပါတယ် ၊ အားတဲ့အချိန်ဖြေရုံဘဲဆိုတော့စိတ်ဖိစီးမှုမရှိလောက်ပါဘူးနော် ။


          အရှေ့တစ်ပတ်တုန်းကလုပ်ရတာ အရမ်းခက်ပါတယ် ၊ ကိုယ့်ရဲ့ မားကက်တင်းအစီအစဉ်ကို ဗွီဒီယို ရိုက်ပြီး YouTube ပေါ်တင်ခိုင်းတယ်ဗျာ ၊ အသံချည်းချည်းမဟုတ်ဘဲ အရုပ်ပါ ပါရမယ်ဆိုတော့ ပိုဆိုးတာပေါ့ ၊ မတတ်တစ်ခေါက် အင်္ဂလိပ်စာ နဲ့ ရအောင်တော့တင်လိုက်တာဘဲ ၊ ဒီနိုင်ငံက ဘို တွေလို အမှတ်မကောင်းနိုင်တာတော့သေချာသွားပါပြီ ၊ အခုတက်နေတာ “ စွန့်ဦးလုပ်ငန်းတီထွင်ခြင်း ” Entrepreneurship ဆိုတော့ စိတ်ကူး/အတွေးအခေါ်-Idea အဓိကဘဲလေ ၊ ကိုယ်စဉ်းစားနိုင်ရင် ဆရာ က အမှတ်ပေးပါတယ် ။




                ဒီတစ်ပတ်ပေးတဲ့ပုစ္ဆာ က Sources of Capital for Entrepreneurial Ventures စာအုပ်ထဲက စာမျက်နှာ ၂၃၄ မှာပါတဲ့  Case 8.1 – LOOKING FOR CAPITAL  ဖြစ်ပါတယ် ။

          ဂျိုက်စ် နဲ့ ဖေးလ်အက်ဘရင် တို့ ၂ ယောက်ပေါင်းပြီး ပြီးခဲ့တဲ့ ၁ နှစ်လောက်က စာအုပ်အရောင်းဆိုင်ဖွင့်ခဲ့ပါတယ် ၊ ၉ လ စာအထိကောင်းကောင်းထိန်းထားနိုင်ပြီး လုံလောက်တဲ့ အရင်းအနှီးထည့်ဝင်ထားတာကြောင့်  ၆ လ ပြည့်တဲ့အချိန်မှာ အမြတ်ငွေ စတင် ရရှိလိမ့်မယ်လို့ ၂ ဦးသားယုံကြည်ထားပါတယ် ၊ မူလရင်းနှီးငွေတွေဟာ စာအုပ်လက်ကျန်ထားဖို့နဲ့ လစဉ်ကုန်ကျစားရိတ်တွေထဲမသိမသာဝင်နေပေမဲ့ စာအုပ်ဆိုင်ကတော့ ဆက်လက်ရောင်းကောင်းနေဆဲပါ ။


          လက်ရှိမှာတော့ ဆိုင်ထပ်ချဲ့ဖို့ ဒေါ်လာ ၁ သိန်း အရင်းအနှီးရှာဖို့ သူတို့ ၂ ယောက်စဉ်းစားနေပါတယ် ၊ ဆိုင်မှာလက်စွဲစာအုပ်တွေဖြစ်တဲ့ “ လုပ်ပုံလုပ်နည်းစာအုပ်- How-To-Do-It ” တွေသာမက ဟင်းချက်နည်းစာအုပ်လိုင်းကိုပါဖြည့်တင်းလိုက်ရင် တွက်ခြေကိုက်ပြီး ချေးငွေလည်း ခနလေးနဲ့ကျေမယ်လို့ယုံကြည်ထားကြပုံပါ ၊ ဂျာနယ် နဲ့ မဂ္ဂဇင်းတွေရဲ့စစ်တမ်းတွေအရ ဟင်းချက်နည်းစာအုပ်ကို တစိုက်မတ်မတ်ဝယ်ကြတဲ့အိမ်ရှင်မများဟာ နောက်ထပ်စာအုပ်အသစ်တွေကို ဆက်ဝယ်ဖို့အလားအလာကောင်းတာကြောင့် အဲဒီဝယ်လက်ဖောက်သည်အုပ်စုကိုသာရမယ်ဆိုရင် လုပ်ငန်းသေချာအောင်မြင်မှာမို့လို့ ချေးငွေနဲ့လုပ်ငန်းချဲ့ဖို့စိတ်အားထက်သန်နေကြပါတယ် ။


          မူလအရင်း က ဒေါ်လာ ၂၈ဝဝဝဝ ရှိပြီး ငွေအားလုံးဟာစာအုပ်တွေဖြစ်နေပြီးတော့ ပိုငွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ၃ လစာသာကျန်တယ် လို့ဆိုထားပါတယ် ၊ ငွေချေးရာအရင်းအမြစ် ၂ ခု ဖြစ်တဲ့ ဘဏ် ကနေ ငွေချေးမလား ၊ ရှယ်ယာရောင်းမလား ဆိုတာ ဆိုင်ပိုင်ရှင် ၂ ယောက်စဉ်းစားဖို့လိုအပ်လာပါတော့တယ် ၊ တစ်ဆက်တည်းမှာ အကြီးတမ်းစာရင်းကိုင်အကြံပေးဖြစ် တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ လုပ်ငန်းရှင်းတမ်းနဲ့ အမြတ်/အရှုံးမျှခြေစာရင်းဇယားဆွဲပြီး ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားတဲ့စီးပွားရေးလုပ်ငန်းရှင်များကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေပါတယ် ၊ အဲဒီစာရင်းကိုင်နဲ့ ကုမ္ပဏီရှင်းတမ်းကို အချောသတ်ရေးဆွဲပြီးလို့ အဆင်သင့်ဖြစ်ရင် “ ဘဏ် နဲ့ ရှယ်ယာ “ ဘယ်အရင်းအမြစ်-Source ကို ရွေးရမယ်ဆိုတာကို မဝေခွဲနိုင်သေးတာ က သူတို့အားလုံးရဲ့ အခက်အခဲ ဖြစ်နေတာကို ဘယ်လိုရှင်းမလဲဆိုပြီး ပုစ္ဆာကို အောက်ပါမေးခွန်း ၃ ခု နဲ့ အဆုံးသတ်ထားပါတယ် ။




1. ဘဏ်က စာအုပ်ဆိုင်ကို ငွေချေးမလား မေးထားပါတယ် ၊ ချေးမယ်ဆိုရင် ဘယ်လောက်ချေးမလဲ ၊ သင့်အဖြေပေါ်မှာ ပေါ်လွင်အောင်ရေးပြပါ ။

2. ရှယ်ယာခွဲထုတ်ရောင်းရင် စိတ်ဝင်စားသူရှိမလား ၊ ရှိ-မရှိ အကြောင်းပြဖြေဆိုပါ ။

3. သင်သာ စီးပွားရေးအကြံပေးဆိုရင် စာအုပ်ဆိုင်ကို ထပ်တိုးချေးငွေအတွက် ဘယ်လိုအကြံပေးမလဲ ၊ ပြည့်စုံစွာရေးသားဖြေဆိုပါ ။

စာဖတ်သူများ ဖြေဖို့အဆင်သင့်ဖြစ်ပြီလား ?



မြန်မာနိုင်ငံ နဲ့ အနီးစပ်ဆုံးဥပမာပေးရရင် အိမ်ဂရမ် နဲ့ ဆိုင်ခန်းစာချုပ်လိုမျိုးကိုင်ပြီး ကမ္ဘောဇဘဏ် နဲ့ ဧရာဝတီဘဏ်တွေမှာ မီးအာမခံတင်/ချေးငွေလျှောက်တာကို ချေးငွေ-Loan လို့ ခေါ်ပါတယ် ၊ ဘဏ် က လုပ်ငန်းဘာဖြစ်နေနေ အပီအပြင်အာမခံရထားပြီမို့လို့ ရာဖြတ်ရဲ့ ၆ဝ % ကို ချေးငွေချပေးလိုက်တာဟာ လုပ်ငန်းကို မြေတောင်မြှောက်ပေးတဲ့ချေးငွေ-Capital  မဟုတ်ပါ ၊ အမေရိကားမှာ က ဖြစ်နိုင်ခြေရှိတဲ့ စဦးလုပ်ငန်းသစ်-Start Up ကုမ္ပဏီကို လုပ်ငန်းလည်ပတ်နိုင်အောင် လမ်းကြောင်းပေါ်တင်ပေးတဲ့ ဘဏ်မျိုးရှိပါတယ် ၊ ထိုနည်းတူစွာ စိတ်တူကိုယ်တူ လုပ်ငန်းကူ မယ့် ရှယ်ယာငွေရှင်-Capitalist ရရင်လဲ လုပ်ငန်းအသက်ဆက်နိုင်ပါတယ်ခင်များ ။


ကိုညီညီ - တောင်ကြီး

" ဂျာနယ်ဖတ်ရင်းစာသင်မယ် ၃ ။ အရင်းအနှီးငွေရှာဖွေခြင်း ( Looking for Capital ) "  စာမူသည် ၂ဝ၁၄ ဂျွန်လ ( ၁၄ ) ရက်နေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၃၈ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည် ။





No comments: