ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, January 21, 2014

လက်ကိုင်ဖုန်းတစ်လုံးနှင့်တစ်ရက်လုံးအလုပ်ရှုတ်ခြင်း



နောက်တစ်ရက်ဘယ်အချိန်အိပ်ယာကထမလဲဆိုတာ မအိပ်ခင်နာရီနှိုးစက်ပေးရတဲ့အလုပ်ဟာ ခေတ်သစ်ရောဂါတစ်ခုမဟုတ်တော့ပါ ၊ နာရီအသုံးနည်းလာတဲ့ဒီဘက်ခေတ်ကြီးထဲမှာ လက်ကိုင်ဖုန်းဖန်သားမျက်နှာပြင်လဲ ပွတ်လွန်းလို့မွဲခြောက်နေပါပြီ ၊ ပြောတော့သာ Alarm စစ်နေတာ တစ်ကယ်တမ်းနောက်ထပ် ၁ဝ မိနစ်လောက်က ဖေ့စ်ဘုတ်သုံးနေတာနဲ့ အိပ်ချိန်နောက်ကျစမြဲပါ ၊ အိပ်သင့်ပြီလို့အသိလေးဝင်လာတော့ စကရင်မျက်နှာပြင်ကိုလက်ညှိုးလေးနဲ့ဆွဲချပြီး ဘယ်သူ့အချက်ပေးသံ-Notification ရှိလည်းစစ်ရင်း ဖေ့စ်ဘုတ်ပေါ်ကိုပြန်ရောက်သွားတာလဲအကြိမ်ကြိမ်အခါခါ ၊ ဖုန်းကိုတုန်ခါအနေအထား-Vibrate Mode မှာထားပြီး ဒ်ီညတော့ တစ်ကယ်အိပ်ဖြစ်လိုက်ပါပြီ ။


          ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ရဲ့မနက်ထထချင်းလုပ်သင့်တာက ရေအဝသောက်တာ ၊ မပျင်းမရိလန်းဆန်းတက်ကြွသူတစ်ယောက်ရဲ့ကုတင်ပေါ်ကဆင်းဆင်းချင်းလုပ်သင့်တာက စောင်ခေါက်တာ ၊ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ရဲ့မနက်မျက်နှာသစ်အဝတ်အစားလဲပြီး ပထမဆုံးလုပ်သင့်တာက ဘုရားရှိခိုးတာ ၊ အဲဒီ “ လုပ်သင့်တာ ” ၃ ခုလုံးကိုဆန့်ကျင်ပြီး ခေါင်းအုံးအောက်မှာလက်ကိုင်ဖုန်းကိုရှာနေမိတာကတော့ မဟာခေတ်သစ်လူသားတွေပါဘဲ ၊ တွေ့ပါပြီ-ဖုန်းမျက်နှာပြင်ပေါ်မှာ ရောက်ထားတဲ့ အီးမေးလ်တွေ နဲ့ ဖေ့စ်ဘုတ်ကသူငယ်ချင်းတွေရဲ့မှတ်ချက်-Comment တွေဖတ်ပြီး အလုပ်တက် / ကျောင်းသွားတဲ့အချိန်နောက်ကျတာ အခါပေါင်းမရေနိုင်တော့ပါဘူး ။



                တစ်နေ့တာလုံးရဲ့အစ ဒုတိယဖွင့်မိတဲ့ App ကတော့ အင်းဒရိုက်ဖုန်းပေါ်က ဂျီမေးလ်-Gmail ဖြစ်တယ်လို့ ဝန်ခံပါရစေ ၊ ဝင်လာတတ်တဲ့ကြော်ငြာအီးမေးလ်-Junk Mail တွေကိုကျော်ပြီး အရေးကြီးတဲ့ကျောင်းက အီးမေးလ်လာသလား ၊ ပေးရမယ့်ဖုန်းဘေလ် ၊ ဘဏ်ကပို့လိုက်တဲ့ အကြောင်းကြားအီးမေးလ်တွေစစ်ပြီးရင် နောက်ထပ် Instagram ကိုဖွင့်ပါတယ် ၊ ပြီးရင် Tumblr က သူငယ်ချင်းတွေကိုနှုတ်ဆက်ပါတယ် ၊ ပြီးတော့မှ မြန်မာပြည်ကသတင်းတွေကြည့်ဖို့ နာမယ်ကြီးပြီး လူသိပ်မရှိတဲ့ ဂူုဂဲလူမှုကွန်ယက် Google+ ကို နှိပ်လိုက်ပါတယ် ၊ နောက်ဆုံးဖြစ်သတင်း-Update တွေဖတ်ပြီး မနက်စာစားရင်း နေ့သစ်တစ်ခုထဲကို တယ်လီဖုန်းလေးတစ်လုံးနဲ့ လူသားတစ်ယောက်ဝင်ရောက်လာခဲ့ပါပြီ ။


          အဝင်ခေါ်ဆိုမှု-Incoming Call တွေစစ်ပြီး အိမ်အစွန်ထောင့်လေးနားကဆိုဖါပေါ်မှာ ဖုန်းအားသွင်းရတိုင်း မြန်မာပြည်ကိုသတိရမိတယ် ၊ အမေရိကားပေမယ့်နေရာတိုင်းဖုန်းမမိတော့ ကမ္ဘာ့အင်တာနက်နဲ့ဆက်သွယ်ရေးအမြန်ဆုံးနိုင်ငံ တောင်ကိုးရီးယားမှာ ဖုန်းသုံးချင်တဲ့စိတ်ကူးကိုမနည်းဖျောက်ရပါတယ် ၊ ရန်ကုန်လမ်းမတော်မှာနေတုန်းကလည်း အားသွင်းကြိုးကိုအိမ်အပေါက်ဝမှာထားတာဆိုတော့ ဖုန်းလာလို့ပြေးကိုင်ရတာ ခလုတ်တိုက်ပြီး ချော်မလဲရုံတစ်မယ်ပါဘဲ - အခုလည်းထူးမခြားနားပါဘဲ ။




                  အိမ်ကမထွက်ခင် အိမ်က Wi-Fi ကိုသုံးပြီး သွားမယ့်လိပ်စာကို ဂူဂဲမြေပုံ-Google Maps မှာရှာခိုင်းလိုက်ရင် ဖုန်းက လိုရာခရီးရောက်ဖို့မောင်းချိန်ကိုပြပေးပါတယ် ၊ ကားဒက်ရှ်ဘုတ်ပေါ်က အထိုင်ကလစ်မှာဖုန်းကိုညှပ်ထားရင်း သူခေါ်ရာလိုက်သွားဖို့ Start Navigation မျှားကိုနှိပ်လိုက်ဖို့လိုပါတယ် ၊ ကားစမောင်းတာနဲ့ အင်တာနက်ကိုပိတ်ထားလိုက်ရင် Data ဖိုးမကုန်တော့ပါဘူး ၊ လမ်းပြမြေပုံဆော့ဝဲ ရဲ့ သဘောသဘာဝအရ App ကိုဖွင့်-Pull ပြီးတာနဲ့ ဂြိုဟ်တုကပို့လွှတ်လိုက်တဲ့အချက်အလက်-Signal တွေနဲ့တည်နေရာပြရုံသာဖုန်းကိုသုံးတာပါ ၊ ဖုန်းကိုအင်တာနက်မပါဘဲသုံးခွင့်ရတဲ့ ဒီလမ်းပြမြေပုံဆော့ဝဲ-Navigation App က တော်တော်အသုံးဝင်ပါတယ် ၊ နေ့စဉ်အလုပ်သွားတာတို့ ၊ ကျောင်းသွားတာတို့ဆိုရင်တော့ လမ်းပြခိုင်းစရာမလိုတော့ပါဘူး ။




           ကားမောင်းရင်းမက်ဆေ့မရိုက်လိုက်ပါနဲ့ ၊ နောက်ကရဲကား ဘေးကကပ်လျက်ပါလာတာမသိဘဲမိသွားလို့ ဒဏ်ငွေဆောင်ကိန်းဆိုက်ရင်အသက်ရှူမချောင်နိုင်ပါဘူး ၊ အနည်းဆုံး ပထမအကြိမ်သတိပေးဒဏ်ငွေ ဒေါ်လာ ၂ဝ နဲ့ ဆက်ကျူးလွန်ရင် ဒေါ်လာ ၅ဝ လို့ပြောပေမယ့် တစ်ကယ်လက်မှတ်ဖြတ်-Ticketing အရေးယူမယ်ဆို ကျူးလွန်တဲ့အခြေအနေအရ ၃ ဆ အထိတိုးပြီးဒဏ်ငွေတပ်ပါတော့တယ် ၊ ပိုဆိုးတာက အိမ်ကိုပြေစာရောက်ပြီး နောက်တစ်ပတ်ခန့်လောက်မှာ တရားရုံးသွားပြီး “ ကားမောင်းရင်းမက်ဆေ့မရိုက်ဖို့ ” သင်တန်းသွားတက်ရတာ အချိန်ကုန် / အလုပ်မတက် / ကျောင်းပျက်တဲ့ကိစ္စမို့လို့တော်တော့ကိုဆင်ခြင်ရပါလိမ့်မယ် ၊ ကားလိုင်စင်ရေးဖြေ ဖြေကတည်းက ကားမောင်းနေရင်းဖုန်းလာရင်မကိုင်ဖို့သင်ကြားပါတယ် ၊ ကားရပ်မှ အသံဖိုင်-Voicemail နားထောင်ပြီးပြန်ဆက်ရုံသာလုပ်သင့်ပါတယ် ၊ အန္တရာယ်ကင်းဖို့အရေးအကြီးဆုံးပါ ၊ ဒါပေမယ့် အမေရိကရောက်မြန်မာတွေ လက်ကိုင်မလို-Hands Free ဘလူးတုသ် သုံးတာနည်းပါတယ် ၊ ဖုန်းကိုစပီကာ-Speaker ဖွင့်ပြီး ရဲမမြင်အောင် မြန်မာ့နည်းမြန်မာ့ဟန် ပေါင်ပေါ်တင်ပြီး မောင်းရင်းပြောသွားကြတာ တော်တော်အဆင်ပြေကြပါတယ် ။



               များသောအားဖြင့် မြန်မာစံတော်ချိန်နဲ့ ၁ဝ နာရီခွဲကွာတော့ အမေရိကားညနေ ၆ နာရီဆို BBC / VOA / RFA သတင်းဌာန ၃ ခုစလုံးလွှင့်ပြီးချိန်နဲ့အကိုက်ပါဘဲ ၊ ညပိုင်းအလုပ်လုပ်ရလို့ သတင်းနားထောင်ရတာ နားချိန်-Break နဲ့အချိန်ကိုက်မို့လို့ အဆင်ပြေပြန်ပါတယ် ၊ Firefox Browser ထဲမှာ ဒေါင်းလော့ဆွဲချပြီး ဖုန်းရဲ့ မီဒီယာပလောယာမှာ Playlist ထဲမှာ ရှေ့နောက်ဆင်ကာ နားကြပ်နဲ့နားထောင်နေတဲ့အခိုက်အတန့်ဟာ အမိမြန်မာနိုင်ငံ နဲ့ ကမ္ဘာကို အဆက်အသွယ်လုပ်နေတဲ့ တန်ဖိုးရှိတဲ့အချိန်ဖြစ်ပါတယ် ၊ အလုပ်က ဝိုင်ဖိုင်လိုင်းမကောင်းရင် ဖုန်းရဲ့အင်တာနက်လိုင်းကိုခနဖွင့်ပြီး ဖေ့စ်ဘုတ်ကိုအားလပ်ချိန်လေးမှာမရမနေသုံးရတာအရသာတစ်ခုပါဘဲ ။


          သတင်းနားထောင်လို့ပြီးသွားရင် သွင်ထားတဲ့ တရားခွေအသံဖိုင်ဘဲနာနာ ၊ ဒေါင်းလော့ဆွဲချထားတဲ့စာပေဟောပြောပွဲကိုဘဲနားထောင်ထောင် ၊ သီချင်းဘဲဖွင့်ဖွင့် သဘောရှိသုံးလို့ရတဲ့ ဆဲလ်ဖုန်းက အရမ်းကိုအဆင်ပြေစေတာပါ ၊ သောကြာနေ့ရောက်လို့ လုပ်ခရှင်းငွေ-Paycheck ဘဏ်စာရင်းထဲဝင်မဝင် ဖွင့်စစ်ရတာလည်း ဒီဖုန်းပေါ်မှာပါဘဲ ၊ ငွေမလောက်လို့ အစ်မနားက ငွေတောင်းချေးတော့ အစ်မက ( သူ့မှာငွေရှိရင် ) ဘဏ်တူတဲ့အကောင့်ထဲကို Mobile Banking App ကနေ Quick Pay ပို့လိုက်တဲ့အခါ လက်ခံ-Accept ပေးလိုက်ရင် နောက် ၂၄ နာရီအတွင်းငွေသုံးလို့ရတာလည်း ဒီဖုန်းမျက်နှာပြင်ပေါ်မှာလုပ်ခဲ့ရတဲ့အလုပ်တွေပါ ။




           အလုပ်ပိတ်တဲ့ရက်တွေဆိုစတိုးဆိုင်ကြီးတွေမှာ လိုချင်တဲ့ပစ္စည်းကိုနမူနာကြည့်ဖုန်းထဲက Amazon App နဲ့ eBay App ထဲမှာ ဈေးနှုန်းစစ်ကြည့်ရတာ အရသာပါ ၊ ပစ္စည်းနာမယ်မသေချာရင် ကွန်ပျူတာဘားကုဒ်ကို စကင်-Scan ဖတ်ကြည့်လို့ရပါသေးတယ် ၊ စိတ်ကြိုက်တွေ့ရင် ဝယ်တာမဝယ်တာအပထား App ထဲက ဈေးခြင်းတောင်း-Shopping Cart ထဲခနထည့်ထားလိုက်ရင် ပျောက်သွားမှာမပူရတော့ဘူး / ပြန်ရှာလို့လွယ်ကူပါတယ် ၊ ဒါနဲ့မှသိပ်မသေချာသေးရင် Evernote မှတ်စု  App ဖွင့်ပြီး လိုက်မှတ်လိုက်ရင်ပိုသေချာတာပေါ့ ၊ လျှောက်ကြည့်ရင်းခပ်ပျင်းပျင်းရှိရင် Pandora ဖွင့်မလား ၊ iHeart Radio ဖွင့်မလား သိချင်းကစုံပါတယ် ၊ အင်တာနက်ဒေတာကတော့နည်းနည်းကုန်တာပေါ့ ၊ ဒါကိုမှထပ်ချွေတာချင်ရင် ဖွင့်ခါစခန ဒေတာကုန်ပြီး အနည်းဆုံး သီချင်း ၈ ပုဒ်လောက်အသာလေးနားထောင်လို့ရတဲ့ SoundCloud Music App က နောက်ပိုင်းအတော်လေးအသုံးများလာပါပြီ ၊ တည်ဆောက်ပုံက လူမှုကွန်ယက်သီချင်းဆော့ဝဲလ်ဖြစ်လို့ သူငယ်ချင်းအချင်းချင်း နဲ့ Follower များကြားမှာ သီချင်းတွေကိုမျှဝေနားထောင်လို့ရပါတယ် ၊ ဖေ့စ်ဘုတ်ရဲ့ News Feed လို ကိုယ်လှမ်းဆွဲထားသူက သီချင်းအသစ်တင်လိုက်တိုင်း ဖုန်းမှာအချက်ပြပါတယ် ၊ သူများကသီချင်းရှာ / အသစ်တင် - ကိုယ်က အေးအေးဆေးဆေးနားထောင် - အဲဒီလောက်အထိအဆင်ပြေတဲ့ App ပါ ၊ ပန်းသီးထုတ်ကုန်စွဲလမ်းသူ iDevice သုံးစွဲသူများအတွက်တော့ iTune Radio က စွဲဆောင်မှုအပေးနိုင်ဆုံးဖြစ်နေပါတယ် ။



                စားသောက်ဆိုင်ရွေးမလား / ဟော်တယ်ငှားမလား / ဘယ်ဆိုင်မှာ ဘာဈေးလျှော့သလဲ ရှာနိုင်ဖို့အသင့်တော်ဆုံးက သုံးသပ်ချက်-Review အများအပြားနဲ့ Yelp App ကိုညွန်းဆိုချင်ပါတယ် ၊ ဆော့ဝဲကိုဖွင့်လိုက်တာနဲ့ ကိုယ်ဘယ်ရောက်နေလဲဆိုတာ Location ကို သူကအရင်ရှာပါတော့တယ် ၊ ပြီးရင်အနီးအနားမှာ ဓါတ်         ဆီဆိုင်ရှာမလား / ဈေးဝယ်စင်တာဘယ်တစ်ခုနဲ့နီးနေပြီလဲဆိုတာမျိုးတွေပြတာအရမ်းကောင်းပါတယ် ၊ လျှော့ဈေး-Deal ရှိတဲ့နေရာရောက်လို့ကူပွန်သုံးချင်ရင်တော့ သူ့ App မှာ ရောက်ရှိကြောင်း-Check In လုပ်ရပါတယ် ၊ ဒါမှပေါ်လာတဲ့ကူပွန်ကို ဆိုင်ရှင်ကိုပြပြီး သူတို့ပရိုမိုးရှင်းလုပ်ထားတဲ့တစ်ခုခုကို ကိုယ်ကအခမဲ့ရတဲ့ စံနစ်မျိုးတီထွင်ထားတာပါ ၊ ဥပမာ - နာမယ်ကြီး ဆံကေသာမှာ ကိုယ့်ဖုန်းရဲ့ Yelp App ထဲမှာ သူ့ဆိုင်ကောင်းကြောင်းမှတ်ချက်-Review ကို ကြယ် ၄ ပွင့်လောက်ရေးပေးလိုက်ရင် ဆံပင်ညှပ်ပြီးလို့ အခမဲ့ခေါင်းလျှော် ဒါမှမဟုတ် အခမဲ့ ဖယောင်းသွင်းပေးတတ်တဲ့ အရောင်းမြှင့်တင်ရေးမျိုးဖြစ်ပါတယ် ။


မြန်မာပြည်ကိုဖုန်းဆက်ဖို့ ၄ ဒေါ်လာခွဲ ပေးရတဲ့ ခဲခြစ်ဖုန်းကဒ် ၁ ကဒ်မှာ ပြောချိန်အများအားဖြင့် ၁၆ မိနစ်ပါဝင်ပါတယ် ၊ မိနစ်အကုန်သုံးဖို့နဲ့ ကုဒ်နံပါတ်အရှည်ကြီးနှိပ်ရတဲ့ဒုက္ခရှိလို့ အမေရိကားရောက်မြန်မာတွေလွှင့်တင်ထားတဲ့ ရွှေဖုန်းကဒ်ဒေါ့ကွန်းဝက်ဘ်ဆိုဒ်က နံပါတ်မလိုတဲ့ Pinless က ပြောချိန်ပိုရပါတယ် ၊ အနည်းဆုံး ၂၅ ဒေါ်လာဝယ်ထားရပြီး ပြောချိန် ၁ နာရီ ၂ဝ မိနစ်ခန့်ရလို့ မဆိုးဘူးလို့ပြောရမှာပါ ၊ ဘယ်လိုဘဲတွက်တွက် ၁ မိနစ်ကို အမေရိကန်ငွေ ၃၃ ဆင့် ကျပါသေးတယ် ၊ ဖုန်းအဝင်ခေါ်ဆိုခ မြန်မာနိုင်ငံထက်ဈေးကြီးတာ ကျူးဘား ၊ ကွန်ဂို ၊ ဘူးဂေးရီးယား နဲ့ အာဖဂန်နစ္စတန်တို့လောက်ဘဲကျန်ပါတော့တယ် ၊ ဈေးလျှော့ချဖို့တော့လိုအပ်နေပါပြီ ။




          အခုနောက်ပိုင်း ပြည်ပရောက်မြန်မာတွေကို ဆွေမျိုးမိတ်သင်္ဂဟများနဲ့အခမဲ့ဆက်သွယ်ပေးနေတာကတော့ Viber App ဖြစ်နေတာ စာဖတ်သူပရိသတ်တော်တော်များများသိပြီးသားဖြစ်လို့ အထူးရှင်းပြမနေတော့ပါဘူး ၊ တစ်ခုဘဝင်မကျတာက ဖုန်းတစ်လုံးနဲ့တစ်လုံး Viber နဲ့ မချိတ်ထားမိရင် ဆက်တိုင်းလိုင်းမိဖို့ခက်လာပါတယ် ၊ အစပိုင်း ဆော့ဝဲလ်ကိုအခမဲ့သုံးရကနေ အခုတော့လိုင်းမမိတဲ့ သုံးစွဲသူကိုခေါ်ချင်ရင် Viber Out Credit ဝယ်ခိုင်းပါတယ် ၊ မြန်မာပြည်အတွက် ၁ မိနစ်ကို အမေရိကန်ငွေ ၃၉ ဆင့်ဈေးပါ ၊ ဝယ်မယ်ဆိုရင် ကိုယ်ဖုန်းပေါ်မူတည်ပြီး iPhone အုပ်စုဆိုရင် iTune ရှိ ဘဏ်စာရင်းကနေ ငွေခုနှိမ်သွားမှဖြစ်ပြီး Android ဖုန်းသုံးစွဲသူများအတွက်တော့ ဂူဂဲပိုက်ဆံအိပ်-Google Wallet ကနေ Buy Credit ဆိုရင် ကိစ္စအောင်မြင်ပါပြီ ၊ ကိုယ်ချင်းစာပြီးစဉ်းစားကြည့်တော့လည်း သူတို့က အလကားပေးသုံးထားတာကြာလှပြီ ၊ အခုမှ ငွေပေးခေါ်ယူမှုစတင်တာဆိုတော့ အားပေးသင့်ပါတယ် ၊ တစ်ကယ်အသုံးလိုသူများက နောက်ပိုင်းမှာ Skype Credit Call မသုံးကြတော့ပါ ။

အင်း - ညတောင်နက်နေပြီ ၊ အမေနေကောင်းလားမေးဖို့ မြန်မာပြည်ကို Viber တစ်ခေါက်လောက်ခေါ်ပြီး အိပ်ယာထဖို့ Alarm ပေးရအုံးမယ် ။


ကိုညီညီ ( တောင်ကြီး )


“ လက်ကိုင်ဖုန်းတစ်လုံးနှင့် တစ်ရက်လုံး အလုပ်ရှုပ်ခြင်း ” စာမူကို ၂ဝ၁၄ ၊ မတ်လ ( ၈ ) ရက်ထုတ် Net Guide ဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၂၆ ) ၊ စာမျက်နှာ ( ၄၈ ) တွင်ဖော်ပြပါရှိသည် ။ Download Link: http://www.mediafire.com/view/58w19puv9w632b3/Vol._3,_No._26.pdf


No comments: