ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, June 27, 2013

နေရာသစ်မှသင်ယူုခြင်း ၁ဝ



       မြန်မာနိုင်ငံမှာအင်တာနက်နဲ့လက်ကိုင်ဖုံးတွေတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ခေတ်နဲ့လျော်ညီအောင်အမေရိကားကဖုန်းကုမ္ပဏီတွေအလုပ်လုပ်ပုံကိုရှင်းပြချင်ပါတယ်။



          အမေရိကန်တယ်လီဖုန်းဆက်သွယ်ရေးမှာအဓိကစိုးမိုးထားတာက
ဗရိုင်ဇွန်ဝါယာလက်စ် (Verizon Wireless) ၊ အေတီအန်တီ (AT&T) ၊ စပရင့်နက်စတယ် (Sprint Nextel) နဲ့ တီမိုလ်ဘိုင်း (T-Mobile)  တို့ဖြစ်ကြပါတယ်။ အရင်းရှင်စံနစ်အစ အားကြီးသူနိုင်စတမ်းခေတ်ကနေ ဒီမိုကရေစီစံနစ်အရောက် နည်းပညာဦးသူအရင်စားစတမ်းခေတ်ကို ပြောင်းလဲလာကြပြီမို့လို့ ပြိုင်ဆိုင်မှုအလွန်အမင်းကြီးထွားပါတယ်။

          သူ့ထက်ငါ ဘယ်လိုဝန်ဆောင်မှု (Customer Service) တွေသာအောင်လုပ်ပေးမယ်ဆိုပြီးအဓိကယှဉ်ပြိုင်ကြပါတယ်။ သုံးစွဲသူဖောက်သည်ကိုရုန်းမထွက်နိုင်အောင်ချည်နှောင်တုတ်ပြီးဖုန်းရောင်းတဲ့နာမည်ကြီးစံနစ်အရ  (၂) နှစ်စာချုပ်နဲ့ဝယ်ယူတဲ့အလေ့အထကိုရုန်းထွက်နိုင်သူရှားပါးခဲ့ပါတယ်။

             ဖုန်းတီထွင်တဲ့မူလကုမ္ပဏီကိုယ်တိုင်ဖုန်းရောင်းတဲ့စံနစ်ဟာ (၂ဝဝ၇) ခုနစ်နောက်ပိုင်း အိုင်ဖုံး (iPhone  ထွက်ပြီးနောက်များမကြာမီအသွင်ပြောင်းလာပါတယ်။ ဖုန်းသုံးစွဲသူတွေဟာတယ်လီဖုန်းတစ်လုံး ဒေါ်လာ (၆ဝဝ) ကျော် ကို မတတ်နိုင်တဲ့အခါ အင်တာနက်ဖုန်းကုမ္ပဏီ (ISP–Internet Service Provider) တွေဟာ မူလဖုန်းဈေးကို အိပ်စိုက်ငွေ (Subsidized Cell Phone Plan) အရ ဈေးလျှော့ရောင်းလို့ အခုနောက်ဆုံးထွက် ( ၉ လ ရှိပါပြီ ) iPhone 5 ကို ၁၉၉.၉၉ ဒေါ်လာနဲ့ရောင်းတာပါ ၊ မူကဈေးက ၆၄၉ ဒေါ်လာ ဆိုတော့ စိုက်ထားတဲ့ ၄၄၉ ဒေါ်လာပြန်ရဖို့ အနိမ့်ဆုံးအင်တာနက်ဒေတာ ( Smart Phone Data Plan ) တစ်လ ၂ဝ ဒေါ်လာနဲ့ ၂၄ လ မဖြစ်မနေယူရပါတယ် ၊ 2-Year Contract အရ စိုက်ငွေ ( Subsidized Money ) ၄၈ဝ ဒေါ်လာ ပြန်ရအောင်လုပ်ထားတဲ့သဘောပါ ၊ ဒီလိုဈေးကွက်ပရိယာယ်တွေကြောင့် ၂ဝဝ၈ ခုနှစ်မှာအရောင်းသိပ်မသွက်တော့တဲ့ ပထမဦးဆုံးထွက် iPhone ဟာ 3GS မော်ဒယ်မှာ ရောင်းအားလုံးဝပွင့်ထွက်သွားစေပါတယ် ၊ Apple နဲ့ ပူးတွဲလုပ်ကိုင်တဲ့ AT&T က သူတစ်ဦးထဲကိုဘဲရောင်းရမယ်လို့ချုပ်ပြီး ပွဲကြမ်းလိုက်တာ အရမ်းကိုချမ်းသာသွားပါတော့တယ် ၊ AT&T ရဲ့ တခြားကုမ္ပဏီက Sim Card ထည့်သုံးလို့မရအောင် ဆော့ဝဲ နဲ့ Locked ချ တဲ့ စံနစ်က အရမ်းကိုအောင်မြင်ခဲ့ပါတယ် ၊ နောက်ပိုင်းနှစ်တွေမှာတော့ Verizon, Sprint နဲ့ T-Mobile တို့အစဉ်လိုက် ရောင်းချခွင့်ရရှိခဲ့ကြပါတယ် ။ ဈေးနှုန်းချင်းလဲတူညီတာမို့လို့ ထုတ်လုပ်သူ Apple နဲ့ Samsung တို့ရဲ့ပြိုင်ကွင်းလို့ပြောရင်လဲမမှားပါဘူး ၊ အခုနောက်ဆုံးထွက်ရှိတဲ့အားပြိုင်နေတဲ့ဖုန်းဈေးနှုန်းတွေက  iPhone 5 နဲ့ Samsung Galaxy S4 တို့ ဒေါ်လာ ၂ဝဝ စီပါ ၊ Samsung Galaxy Note II က ပေါ်ခါစ ဒေါ်လာ ၃ဝဝ ဖြစ်ပြီး ယခု လျှော့ဈေးအစီအစဉ်အရ ဒေါ်လာ ၂ဝဝ ဖြစ်ပြီးတော့ အားလုံးကို ၂ နှစ်စာချုပ်နဲ့ဝယ်ယူရမှာပါ ။

          Verizon Wireless နဲ့ Sprint တို့ဟာ တယ်လီဖုန်းလိုင်းတွေကို ရေဒီယိုလိုင်းတွေနဲ့ပို့လွှတ်အသုံးပြုပါတယ် ၊ ကုတ်နံပါတ် ( Codes ) နဲ့ သွားတဲ့စံနစ်မို့လို့ ဒီကုမ္ပဏီ ၂ ခုဆီက ဝယ်တဲ့ ဖုန်းတော်တော်များများမှာ ဆင်းကဒ်ပေါက် ( Sim Card Slot ) မပါဝင်ပါ ၊ Verizon မှာ အသက်သာဆုံး 300 MB  Data Plan ကို တစ်လ ၄ဝ ဒေါ်လာ ပေးရမှာဆိုတော့ ၂ နှစ်ပြည့်သွားတဲ့အချိန် iPhone ၁ လုံးကို ၁၁၆ဝ ဒေါ်လာကျသင့်မှာဖြစ်သလို မြန်မာပြည်မှာလဲ သုံးလို့မရပါဘူး ။ ဒီကုမ္ပဏီက အမေရိကားမှာ ကွန်ယက်အကြီးဆုံးဖြစ်ပြီး ၂ဝ၁ဝ ဒီဇင်ဘာလမှာ 4G LTE စံနစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ် ၊ “လိုင်းချင်းတူရင်တောင် သူ့ဖုန်းလိုင်းက မမိတာမရှိဘူး “ လို့နာမယ်ကြီးပါတယ် ၊ အထူးသဖြင့် ဖုန်းနဲ့ အင်တာနက်သုံးစွဲရတဲ့နယ်ပယ်မှာ Verizon က ဆရာကြီးပါ ။ သတ်မှတ်ထားတဲ့ ၂ နှစ်ထက်စောပြီး လိုင်းဖြုတ်မယ်ဆိုရင် ဒဏ်ကြေး ( ETF - Early Terminaton Fee ) ကို ကိုယ့်ဘဏ်ကဒ်ကနေ ၃၅ဝ ဒေါ်လာနှုတ်သွားမှာပါ ။
Sprint မှာ ဖုန်းပြောချိန် မိနစ် ၄၅ဝ အပါအဝင် အကန့်အသတ်မရှိအင်တာနက်ဒေတာ ( Unlimited Data Plan ) တစ်လ ဒေါ်လာ ၈ဝ ဖြစ်ပါတယ် ၊ ဒီလိုင်းမျိုးယူထားရင် မက်ဆေ့ နဲ့ အင်တာနက် ဘယ်လောက်သုံးသုံး ငွေထပ်ပေးစရာမလိုပါတဲ့ အားသာချက်ရှိပါတယ် ၊ iPhone 5 ကို သူများဈေး ဒေါ်လာ ၂ဝဝ ဖြစ်ပေမဲ့ ကိုယ်နံပါတ်အဟောင်းဘဲဆက်သုံးမယ်ဆိုရင် ဒေါ်လာ ၁ဝဝ လျှော့ပေးပါတယ် ၊ ဒီကုမ္ပဏီရဲ့ဖုန်းလိုင်းကို ပြောင်းသုံးအောင်လုပ်တဲ့ ပရိုမိုးရှင်းဈေးကွက်ပရိယာယ်တစ်ခုလို့ မြင်မိပါတယ် ။

               T – Mobile မှာဝယ်မယ်ဆိုရင် ကန်ထရိုက်စာချုပ်မလိုပါဘူး ၊  AT&T ကလို ဆင်းကပ်ပါတဲ့ iPhone 5 ကို ဒေါ်လာ ၁၅ဝ ထိပ်ဆုံးပေးပြီး တစ်လကို ဒေါ်လာ ၂ဝ နဲ့ ၂၄ လ အရစ်ကျသွင်းလို့ရပါတယ် ၊ ဖုန်းပြောခ အနည်းဆုံး တစ်လ ဒေါ်လာ ၅ဝ တန်အစီအစဉ်မှာ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက်မက်ဆေ့ပို့လို့ရပါတယ် ၊ အင်တာနက်ပါသုံးချင်လို့တစ်လဒေါ်လာ ၂ဝ တန်ယူလိုက်ရင် ဖုန်းဝန်ဆောင်ခ ဒေါ်လာ ၇ဝ အပြင် ဖုန်းဖိုးအရစ်ကျသွင်းငွေ စုစုပေါင်း ဒေါ်လာ ၉ဝ လစဉ် ကုန်ကျမှာပါ ၊ မြန်မာနိုင်ငံလိုငွေဖြည့်ကဒ်နဲ့သုံးတာ T – Mobile တံဆိပ်အသုံးများပါတယ် ၊ ဖုန်းကဒ်အလွတ် ၁ဝဒေါ်လာတန်မှာလို့ရပါတယ် ၊ ငွေဖြည့်ကဒ် ၁ဝဒေါ်လာကနေ ၂၅, ၅ဝ အထိ ရှိပါတယ် ၊ အွန်လိုင်းတက်ပြီး ကိုယ်ဖုံးနံပါတ်နဲ့ဝင်ပြီး ငွေထပ်ဖြည့်ရတာလဲလွယ်ကူပါတယ် ၊ ဖုန်းအခွံနဲ့လိုင်းပါ ပါပြီးသားကို ဒေါ်လာ ၃ဝ လောက်နဲ့တဲ့ဖုန်းတွေလဲရပါတယ် ၊ ကဒ်နဲ့ဖုန်းကိုဈေးလျှော့ထားပြီး ဖုန်းပြောခ တစ်မိနစ်ကို ၁ဝ ဆင့်ကျသင့်ပါတယ် ၊ ငွေကြိုဖြည့် ( Prepaid Phone ) တို့ရဲ့ထုံးစံ ဖုန်းပြောခ ဈေးကြီးယူထားတာပါ ။



          ဖုန်းအသစ်ဝယ်ရင် ဖုန်းလိုင်းဖွင့်ခ ( Activation Fee ) ၃၆ ဒေါ်လာကို ကုမ္ပဏီတိုင်းတောင်းခံပါတယ် ၊ တချို့ကုမ္ပဏီတွေက တောင်းခံပြီးတော့ ဖုံးဘေလာမှ ပြန်လျှော့ပေးတာမျိုးလဲရှိပါသေးတယ် ၊ မမြင်ရတဲ့ကုန်ကျစားရိတ် ( Hidden Charge ) တွေကလဲ တစ်ပုံတစ်ပင်ပါဘဲ ၊ iPhone 5 လိုင်းအသစ်ဖွင့်မယ်ဆိုရင် မလျှော့ခင်ဖုန်းရဲ့မူလဈေးပေါ်မှာဆောင်ရတဲ့အခွန်က ၆၈ ဒေါ်လာပါ ၊ ပြည်နယ်နဲ့ဖယ်ဒရယ်အပြင် 911 ခေါ်ခ တွေလဲထပ်ပေးရပါတယ် ၊ တစ်လ ၁၅ဝ လောက်ကျသင့်တဲ့ဖုန်းဘေ တစ်ခုမှာ ကိုယ်ဘာမှမလုပ်ရဘဲပေးလိုက်ရတဲ့ ၂ဝ ရာခိုင်နှုန်းသောငွေ က ပြည်နယ်ကိုဆောင်ရတဲ့အခွန်တွေပါ ။

              ရောင်းသူ ( Vender ) အာလုံးနီးပါးထံမှာ တစ်ကိုယ်ရည် ( Individual Line ) လိုင်းကို ဒေါ်လာ ၈ဝ လောက်ကျသင့်ပြီးတော့ မိသားစုအစီအစဉ် ( Family Plan ) ဆို ၂ လုံး မဖွင့်မနေရ - ဒေါ်လာ ၁၂ဝ ပေးရပါတယ် ၊ အားသားချက်တစ်ခုက တတိယလိုင်းတိုးမယ်ဆိုရင် အခြေခံဖုန်း - စမတ်ဖုန်းမဟုတ်တာ ( Non-Smart Phone ) တစ်လိုင်းကို တစ်လ ၁ဝ ဒေါ်လာပေးရုံပါဘဲ ၊ အခွန်ပါတွက်လိုက်ရင် ၁၅ ဒေါ်လာကျသင့်ပါပြီ ၊ ဒါကြောင့် အိမ်ထောင်စု ၅ ဦးရှိတဲ့မိသားစုအတွက် စမတ်ဖုန်း ( iPhone 5 သို့မဟုတ် Samsung Galaxy S4 ) ၂ လုံးနဲ့ ရိုးရိုးလိုင်း ၃ လိုင်းပေါင်းလိုက်ရင် တစ်လ ကို ဖုန်းဘေ ၁၈ဝ ဒေါ်လာဆောင်ရပါမယ် ၊ ကိုယ့်မှာ Tablet ရှိသေးရင် အင်တာနက်ခ တစ်လ ၁ဝ ဒေါ်လာနဲ့ ထပ်တိုးနိုင်ပါတယ် ၊ ကိုယ့်ဖုန်းအစီအစဉ်ထဲမှာ ထည့်သုံးမယ့် Tablet က 3G ဖြစ်ဖို့လိုပါတယ် ။ Mobile Hot Spot ဆိုတဲ့ သွားလေရာယူသွားလို့ရတဲ့ဖုန်းပုံစံ ပစ္စည်းကိုလဲ ဒေါ်လာ ၉ဝ နဲ့ ရောင်းပေးပါတယ် ၊ လက်တော့နဲ့အင်တာနက်သုံးတဲ့ USB Drive ကို အလကားပေးပြီး သုံးစွဲခ 4Gb DATA ကို ၂ နှစ်စာချုပ်နဲအတူ တစ်လ ဒေါ်လာ ၃ဝ နဲ့ Verizon မှာရနိုင်ပါတယ် ။

           ဖုန်းပျောက်မှာစိုးရိမ်ရင် ပျောက်ဆုံးပျက်စီးအာမခံကို တစ်လ ၇ ဒေါ်လာနဲ့ ဝယ်လို့ရပါတယ် ၊ ပျောက်သွားရင် အကြောင်းကြားပြီး ဒေါ်လာ ၂ဝဝ နဲ့ အသစ်ပြန်ဝယ်နိုင်ပါတယ် ၊ အာမခံမရှိဘဲပျောက်ခဲ့ရင်တော့ မူလမလျှော့တဲ့ဈေး ၆၄၉ ဒေါ်လာ နဲ့ဝယ်ရမှာပါ ၊ ဖုန်းပျက်စီးသွားရင်အသစ်နဲ့လဲပေးမှာပါ ၊ တစ်နှစ်သက်တမ်းမှာ ၂ ခါ အပျောက်ကြေငြာလို့ရပါတယ် ၊ တစ်ချို့သုံးစွဲသူများ အပျောက်ကြေငြာပြီး ပြန်ရောင်းစားတယ် လို့ ကြားဖူးပါတယ် ၊ ဖုန်းကုမ္ပဏီအားလုံးက သူတို့အသုံးပြုတဲ့ကွန်ယက်ဟာ အမေရိကန်တစ်နိုင်ငံလုံးရဲ့ ရာခိုင်နှုန်း ၉ဝ ကျော်မှာ လိုင်းမိတယ်လို့ကြော်ငြာထားတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်များ ။


ကိုညီညီ-တောင်ကြီး


No comments: