ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, May 25, 2015

ဆေးခြောက်ကို ဒီနေရာတွေမှာ သုံးပါလား - အပိုင်း ( ၂ )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သဘာဝအပင်တွေဖြစ်တဲ့ အချို့သော ဇီဝပရဆေးနွယ်ပင်တွေဟာ ကမ္ဘာမြေကြီး ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်မြေကြီးပေါ်မှာမှ ရှင်သန်ကြီးထွားမယ်ဆိုတဲ့ အလေ့မရှိပါဘူး။ တစ်ဆက်တည်းမှာပဲ ဒီအပင်တွေကို ဘယ်သူ့ကိုတော့ အကျိုးပြုစေ၊ ဘယ်သူ့ကိုတော့ မူးယစ်စေဆိုတဲ့ ကွဲပြားအသုံးတော်ခံမှုမျိုးလည်း မရှိခဲ့ပါဘူး။ သုံးစွဲသူပေါ်မူတည်ပြီး အကျိုး၊ အပြစ် လမ်းနှစ်မွှာ ခြားနားခဲ့ရပါတယ်။ ဆေးခြောက်ရဲ့ကောင်းမှုတွေကို ဆက်ပြောရရင် ..
.
.
အဓိကဒြပ်ပေါင်းဖြစ်တဲ့ CBD – Cannabidiol ဓါတ်ဟာ ရင်သားကင်ဆာ နဲ့ ကင်ဆာတစ်ချို့မှာ မျိုးပွားကင်ဆာဆဲဖြစ်တဲ့ Id-1 ကို ရပ်တန့်ပေးနိုင်ပါတယ်။ CBD ဟာ ကင်ဆာရောဂါကနေ ကင်ဆာဆဲလ်မဟုတ်တဲ့ သာမန်တစ်ရှူးတွေကို ထုတ်လုပ်ပေးဖို့ ခန္ဓာကိုယ်ကို အကူအညီပေးပါတယ်။ သုတေသီများ နဲ့ ဆေးပညာရှင်များဟာ Id-1 အဆင့်ရောက်နေတဲ့ ရင်သားကင်ဆာဆဲလ်ကို CBD ဓါတ်နဲ့ ကုစွမ်းနိုင်တာကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီ့နောက်မှာ ပို၍နည်းပါးသော ကင်ဆာဆဲလ်များကို ထိန်းထားနိုင်ခြင်းဖြင့် ဆဲလ်ပြန့်ပွားမှုကို ဟန့်တားနိုင်ပါတယ်။
.
.
ဆေးခြောက်ဟာ စိုးရိမ်ကြောင့်ကြခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဆေးခြောက်ကုထုံးကို လက်ခံနေသူတစ်ဦးအဖို့ အနာရောဂါသက်သာစေပြီး အော်ဂလီဆန်ခြင်းကိုလည်း လျော့ပါးစေတယ်။ အထူးသဖြင့် လူနာရှင်အတွက် ဆေးဝါးသုံးစွဲပြီးထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်တဲ့နေရာမှာ ဆေးခြောက်ဟာ လက်နက်ကောင်းတစ်ခုပါ။ ( ၂ဝ၁ဝ ) တုန်းက ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ သုတေသနစာတမ်းတစ်ခုမှာ ဆေးခြောက်ကုထုံးဟာ စိတ်ကစဉ့်ကလျားဖြစ်မှုကို လျှော့ချပေးတယ်၊ အဲဒီကနေ စီးကရက်သောက်သုံးသူတွေရဲ့ စိတ်ခံစားမှုကိုသက်သာစေပြီး နည်းနည်းသုံးလေ များများကောင်းလေလို့ ဆိုပါတယ်။ အများကြီးသုံးမိတာနဲ့ စိုးရိမ်ကြောင့်ကြမှုထိုးတက်သွားနိုင်ပြီး ဆေးလွန်သွားတဲ့အခါ ကြောင်တောင်ကန်းဖြစ်သွားနိုင်တာကတော့ အထူးသတိထားစရာပါ။

.
.
ဆေးခြောက်မှာပါတဲ့ နောက်ထပ်အမာခံဓါတ်တစ်မျိုးဖြစ်တဲ့ THC - Tetrahydrocannabinol ဓါတ်ဟာ အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးစေတယ်။ ( ၂ဝဝ၆ ) ခုနှစ်မှာထုတ် Molecular Pharmaceutics ဂျာနယ်မှာ အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိက ဒဏ်ရာဒဏ်ချက်ဖြစ်တဲ့ ဖယောင်းဖြစ်တည်ခြင်းအကွက် - Formation of Amyloid Plaques ကို နှေးကွေးစေတယ်လို့ ဖော်ပြထားပါတယ်။
.
အဆိုပါအကွက်တွေက ဦးနှောက်ထဲမှာ အကျိုးပြုအင်ဇိုင်း - Enzyme တွေကို ပိတ်ဆို့တားဆီးမယ့် အဖျက်လုပ်ငန်းကို လုပ်ဆောင်ကြတာပါ။ ပိုဆိုးတာက ပိတ်ဆို့ရုံမက နောက်ပိုင်းမှာ ဦးနှောက်ကို သေစေပြီး အယ်လ်ဇိုင်းမားရောဂါအဖြစ် ဒုက္ခရောက်စေမှာ ဖြစ်ပါတယ်။
.
.
ဆေးခြောက်ဟာ ကြွက်သားကျုံ့တက်ခြင်းကို သက်သာစေတယ်။ ကုမရတော့တဲ့ ရင်ဝမ်းခြားကြွက်သား - Diaphragm  Spasms ရောဂါတစ်ခုမှာ ဆေးခြောက်ကုထုံးနဲ့ ကုသနိုင်ခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့တယ်။ ရင်ဝမ်းခြားကြွက်သားဆိုတာက ရင်ခေါင်း နဲ့ ဝမ်းခေါင်းအကြားခြားထားတဲ့ ကြွက်သားကို ဆိုလိုတာဖြစ်ပါတယ်။
.
အဲဒီရောဂါဝေဒနာရှင်ဟာ ဝမ်းဗိုက်ကြွက်သားတွေ အဆက်မပြတ်ကျုံ့တက်လာလို့ ဝမ်းဗိုက်နာကျင်ရုံမက အသက်ရှူကြပ်ပြီး စကားပြောလို့မရတဲ့အထိ ဖြစ်နေတာကို ဆေးခြောက်ကြောင့် သက်သာလျော့ပါးစေခဲ့ပါတယ်။
.
.
အသားဝါစီပိုး - Hepatitis C ကုတဲ့နေရာမှာ ဘေးထွက်ဆိုးကျိုးကိုသက်သာစေတာ ဆေးခြောက်ရဲ့ အစွမ်းပါ။ အက်တာဖရွန်ဆေးထိုးလိုက်တဲ့ စီပိုးဝေဒနာရှင်မှာ တုန်ယင်ခြင်း၊ အကြောတက်ခြင်း၊ စိတ်ခြောက်ခြားခြင်း နဲ့ ခံတွင်းပျက်ပြီး မစားနိုင်မသောက်နိုင်ဖြစ်စေပါတယ်။ နောက်ဆုံးမှာ စိတ်ကျရောဂါရတဲ့အထိ လနဲ့ချီ ဆိုးဝါးစေတတ်ပါတယ်။
.
ဆေးခြောက်ကုထုံးကြောင့် ရောဂါသည်များမှာ ခန္ဓာကိုယ်ရဲ့ ခုခံအား Viral Levels အဆင့်ကိုလည်း လျှော့ချပေးနိုင်သမို့ စီပိုးကုရာမှာ နာကျင်ဝေဒနာနည်းနိုင်သမျှနည်းပြီး အမြန်ပျောက်ကင်းအောင် ဆေးခြောက်က ကူညီပေးပါတယ်။
.
.
ဆေးခြောက်ဟာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်တဲ့ ခရုန်းရောဂါ - Crohn’s Disease ကို ကုသရာမှာ အထောက်အကူပြုတယ်။ အဲဒီ ခရုန်းရောဂါဟာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါအထူးကုဆရာဝန်ကြီး Doctor Burril B. Crohn, 1884-1983 ) ကို အစွဲပြုခေါ်ဝေါ်တာလည်း ဖြစ်ပါတယ်။
.
နော်တင်ဟန်တက္ကသိုလ်က ဆေးသုတေသီတွေဟာ ဆေးခြောက်ရဲ့ CBD ရော THC ပါ နှစ်မျိုးလုံးပေါင်းစပ်ပြီး အူမှာဖြစ်တဲ့ ခံနိုင်ရည်စွမ်း - Immune Responses ကို မြင့်တင်ပေးတဲ့နေရာမှာ အဓိကကျတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ THC နဲ့ဆင်တူတဲ့ခန္ဓာကိုယ်ရဲ့ဓါတ်တွေဟာ အူသိမ်တွေ ရောဂါတိုက်ဖျက်ဘက်တီးရီးယားတွေ အဝင်ခံဖို့ အကူအညီပေးပါတယ်။
.
.
အဆစ်အမြစ်နာတွေပျောက်တာလည်း ဆေးခြောက်ပါပဲ။ ယောင်ယမ်းခြင်းကို သက်သာစေတယ်။ လူနာကို အိပ်ပျော်စေတယ်။ ဒဏ်ရာတွေကိုမေ့ပျောက်စေတယ်။ အကြောအဆစ်ခန္ဓာဗေဒက သုတေသနပညာရှင်တွေဟာ လူနာကို CBD နဲ့ ပြုလုပ်ထားတဲ့ Sativex ဆိုတဲ့ဆေးကိုပေးကြတယ်။ ဒါကြောင့် ဆေးခြောက်ပါဝင်တဲ့ နောက်ဆုံးပေါ်ဆေးဟာ တစ်ခြားအနာသက်သာဆေးထက် အစွမ်းထက်တာ မဆန်းပါဘူး။
.
.
အော်တိုအင်မျူးပျက်ယွင်းခြင်းကြောင့်ဖြစ်ရတဲ့ အရေပြားတီဘီ - Lupus ကို သက်သာစေတာ ဆေးခြောက်ပါ။ ဘာကြောင့်ဖြစ်မှန်းမသိရတဲ့ အရေပြားတီဘီဟာ ကြောက်စရာကောင်းပါတယ်။ ဆေးခြောက်မှာပါဝင်တဲ့ အခြားသောဇီဝအကျိုးပြုဓါတုဒြပ်ပေါင်းတွေက Lupus ရဲ့ သွင်ပြင်လက္ခဏာကို လျှော့ချပေးတယ်။ ပင်ကိုယ်အကျိုးပြုတဲ့အချက်တွေအရ လူနာရှင်ကို စိတ်ခြောက်ခြားခြင်း နဲ့ အနာရောဂါဝေဒနာကို သက်သာစေတာခြင်းတော့ အတူတူပါပဲ။
.
.
ဆေးခြောက်ဟာ ပါကင်ဆန်အကြောသေရောဂါကို သက်သာစေတယ်။ တစ်ချို့စစ်ပြန်ကြီးတွေမှာဖြစ်တဲ့ PTSD – Post-Traumatic Stress Disorder စိတ်ကျရောဂါတစ်မျိုးကို ကုသပေးနိုင်တယ်။ ဒါကြောင့်ပဲ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တစ်ချို့မှာ ရောဂါကုသရာမှာ တရားဝင်အသုံးပြုခွင့်ပေးထားပြီးလည်းနေပါပြီ။
.
.
လေဖြတ်ခံထားရသူလူနာများရဲ့ ဦးနှောက်ကို ဆေးခြောက်က အထိုက်အလျောက်ကာကွယ်ပေးနိုင်တယ်။ လူတွေမှာ မဟုတ်ရင်တောင် ကြွက် နဲ့ မျောက်တို့မှာ စမ်းသပ်တဲ့အခါ လေဖြတ်ထားတဲ့ကလီဇာအစိတ်အပိုင်းဧရိယာနည်းနိုင်သမျှနည်းအောင် ဆေးခြောက်က ထိန်းထားပေးတာ တွေ့ရတယ်။ ဒါကတော့ CBD ကပေးတဲ့ အကျိုးကျေးဇူးပါ။ တစ်ခြား သုတေသနတွေ့ရှိချက်တွေအရ ဦးနှောက်မေ့လျော့ခြင်း နဲ့ သတိမေ့လဲခြင်းတို့ကနေ ကာကွယ်ပေးနိုင်တာတွေလည်းရှိတယ်။
.
.
အိပ်မက်ဆိုးတွေကနေ ဆေးခြောက်က လွတ်ကင်းနိုင်အောင်လုပ်ပေးနိုင်တယ်လို့ပြောလာတဲ့အခါ ပြန်ဖြေရှင်းရတာ တော်တော်ရှုတ်ပါတယ်။ အကြောင်းကတော့ ဆိုးကျိုးရော ကောင်းကျိုးရော ရောထွေးယှက်တင်နေလို့ပါပဲ။ ဆေးခြောက်သုံးထားရင် ဦးနှောက်က လန်းနေတယ်။ ဒါကြောင့် အိပ်စက်အနားယူမှုစက်ဝိုင်းကို အနှောင့်အယှက်ပေးလေတော့တယ်။ အသုံးများသူတွေအတွက်တော့ ဒါဟာဒုက္ခတစ်မျိုးပဲပေါ့။
.
ဘယ်လိုပဲဖြစ်ဖြစ် ညစဉ်အိပ်မက်ဆိုးကနေ လန့်နိုးနေသူတွေအတွက်ကျပြန်တော့ ဆေးဝါးတစ်လက် ဖြစ်လာနေပါတယ်။ အပေါ်ကပြောပြခဲ့တဲ့ PTSD ရောဂါရှင်တွေအတွက် မပါရင် မသက်သာတော့တဲ့အထိ ဆေးခြောက်ဟာ နေရာယူလာခဲ့တယ်။
.
.
အချုပ်အားဖြင့် ဓါတုကုထုံးနဲ့သွားနေရတဲ့ လူနာတွေကို ဆေးခြောက်နဲ့ ကုစားကြတယ်။ ကင်ဆာဝေဒနာရှင်တွေမှာ နာကျင်မှု၊ ပျို့အန်မှု နဲ့ ခံတွင်းပျက်မှုတွေကို လျော့ပါးစေတယ်။ အဓိက က ဝေဒနာကိုကုတာမဟုတ်ပဲ ဘေးထွက်ဆိုးကျိုးကို ကုသတာက ပိုများနေပါတယ်။ ဒါကြောင့် ဆေးခြောက်ကို အသုံးကျတဲ့နေရာမှာ သုံးမလား .. အကျိုးယုတ်တဲ့နေရာမှာ သုံးမလား စဉ်းစားချင့်ချိန်ဖို့ အချိန်တန်ပါပြီလို့ သတိပေးခေါင်းလောင်းသံ ကျယ်ကျယ်လောင်လောင် ထိုးလိုက်ရပါတယ်။
.
.

ရည်ညွှန်းကိုးကား - Business Insider

No comments: