ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ကြၽန္ေတာ္နဲ႕ကြၽန္ေတာ့္သားစကားေျပာတဲ့အေၾကာင္းမေရးရတာၾကာၿပီ။ သူကအေဝးေက်ာင္းကိုေရာက္ေန၊ ကြၽန္ေတာ္ကမူလလက္ငုတ္ေနရာမွာေနထိုင္ေနရင္း မိဘကသားသမီးကိုလြမ္းရတဲ့အရသာကို ၿမိန္ၿမိန္ႀကီးခံစားေနရတာပါ။
အားလုံးသိၾကတဲ့အတိုင္း ျမန္မာနိုင္ငံကေနလာခဲ့ၾကသူေတြပီပီ တကၠသိုလ္သြားတက္တာကိုဘဝႀကီးတစ္ခုလုံးေျပာင္းလဲသြားေတာ့မလိုမွာစရာရွိတာမွာ၊ ေျပာစရာရွိတာေျပာ၊ ဆုံးမစရာရွိတာဆုံးမ လုပ္ခ်င္တဲ့သေဘာကပါၿမဲပါေနတာေပါ့။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံက အေမရိကားမွာ ကိုယ္ကိုယ္တိုင္ ဘယ္လိုမိဘျဖစ္ခ်င္သလဲဆိုတာကိုသိေအာင္ႀကိဳးစားရွာေဖြခဲ့တယ္။ အျခားတစ္ဖက္မွာလည္းကိုယ့္သားသမီးကိုဘယ္လိုရွင္သန္ေပါက္ေျမာက္ႀကီးပြားေစခ်င္သလဲဆိုတာကိုေသေသခ်ာခ်ာေလ့လာခဲ့တယ္။
သား "စြမ္း" ကို အေၾကာင္းတစ္ခုခုအတြက္မွာစရာေတြတစ္ပုံတစ္ပင္ႀကီးကြၽန္ေတာ္ေပးေလ့မရွိပါ။ အိမ္စာေတြအၿမဲလုပ္တတ္တဲ့ေက်ာင္းသားဟာစာေမးပြဲေရာက္ရင္ စာေတြအကုန္မွတ္မိ၊ ပုစာၦေတြအကုန္တြက္နိုင္သလိုပဲ မိဘစကားနားေထာင္တဲ့သားသမီးဟာေလာကတခြင္မွာ တံခြန္တိုင္လႊင့္ထူနိုင္တဲ့သူေတြအၿမဲျဖစ္ေနတတ္ၾကတယ္။
သေဘၤာႀကီးတစ္စီးဟာပင္လယ္ထဲမွာသူသြားခ်င္တဲ့ေနရာကို ေလွ်ာေလွ်ာရႉရႉေရာက္ဖို႔ ေလွတြင္းဝမ္းဗိုက္လုံၿခဳံဖို႔လိုတယ္။ ဒါတင္ဘယ္ကဦးမလဲ အေႏွာက္အယွက္မွန္သမွ်မေတြ႕မိၾကဖို႔လည္းအေရးႀကီးလွတယ္။
ဒီထက္ပိုသတိထားသင့္တာကကိုယ့္ဘဝရဲ႕ရည္မွန္းခ်က္သေဘၤာႀကီးဟာ ဘယ္လိုအၿငိအတြယ္ေၾကာင့္မွ မႏွာင့္ေႏွးေစခ်င္ဘူး။ ေျဖာင့္ေျဖာင့္မတ္မတ္သြားသင့္တယ္။
တကယ္လို႔သာသေဘၤာႀကီးဟာ ေက်ာက္ဆူးကိုခ်ထားမိတယ္ဆိုရင္ မိမိရဲ႕ရည္မွန္းခ်က္ကိုပုံေဖာ္နိုင္ဖို႔ဆိုတာေဝးစြ၊ မလွမပနဲ႕ ေရလြင္ျပင္စိုစိစိကႏၲာရထဲမွာ ဟိုမပါဒီမေရာက္နဲ႕အေမွာင္ထဲမွာလမ္းေပ်ာက္ရေခ်ရဲ႕။ ႀကိဳတင္မေၾကျငာတဲ့မုန္တိုင္းရဲ႕ ရိုင္းပ်မႈေၾကာင့္ မေမွ်ာ္လင့္ပဲ ပင္လယ္ၾကမ္းျပင္ေအာက္ ေရာက္သြားရေခ်ရဲ႕။
ဒါေၾကာင့္ "သား" ေရ ဘယ္အရာမဆို အေဝးဆံုးကာလအထိတြက္ခ်က္ထားရမယ္။ ေျပာင္းလဲမႈမွန္သမွ် ဘာလာလာအေကာင္းႀကီးလို႔ယူဆမေနနဲ႕။ ေလာကႀကီးကမာယာမ်ားတယ္။ အထူးသျဖင့္ ေယာက္်ား နဲ႕ မိန္းမ ေပါင္းသင္းၾကတဲ့အခါ မထင္ထားတတ္ၾကတဲ့မာယာေတြပိုမ်ားတယ္။
မာယာမမ်ားပဲ ဒုကၡမ်ားတာ မူးယစ္ေဆးဝါး။ ဘယ္သေကာင့္သားနဲ႕မွ သြားမစမ္းသပ္ေလနဲ႕။ စမ္းရာက စ၊ စရာက စြဲ၊ ေက်ာင္းမၿမဲတဲ့ေဆး ေဝးေဝးကေရွာင္ ေနာင္ခါမဆင္းရဲ။
ေနာက္ဆုံးတစ္ခုက "ဝါသနာ"။ ဝါသနာဟာလူေတြကိုကူညီတဲ့ေနရာမွာအသုံးဝင္သေလာက္ အခြင့္အေရးယူတတ္သူေတြလက္ထဲေရာက္သြားရင္ မိမိကိုျပန္ထိုးႏွက္မယ့္ကိရိယာအသြင္ေျပာင္းသြားတတ္တယ္။ ဒါေတြဟာ "ႀကဳံဖူးမွသိ-ထိမွနာ-ေသမွခင္" ဆိုတဲ့ျမန္မာစကားပုံလို ေနာက္က်သြားမွ ျပန္သိလိုက္ရတာမ်ိဳးျဖစ္တတ္လြန္းလို႔ သတိေပးဦးမယ္။
ဘဝသေဘၤာႀကီးရည္မွန္းခ်က္ပန္းတိုင္ေရာက္ဖို႔သိပ္အေရးႀကီးတယ္။ ဘယ္အေႏွာင္အဖြဲ႕ရဲ႕သိမ္းသြင္းစည္း႐ုံးမႈ-Attachment ကိုမွ လက္မခံေလနဲ႕။ ကိုယ့္ရဲ႕ "လူေတြကိုကူညီခ်င္တဲ့စိတ္" ကို တလြဲအသုံးခ်မခံရေစနဲ႕။ ေအာက္ဆြဲ၊ ေနာက္ဆြဲ၊ ေဘးဆြဲ ဘာအဆြဲမွလက္မခံပဲ ေရွ႕ဆက္သြားရမယ္။
အိမ္စာလုပ္ဖို႔အၿမဲတာဝန္ေက်တဲ့ သား "စြမ္း" ကို ျမန္မာပီပီ ဖုန္းထဲကေနကြၽန္ေတာ္မွာၾကားလိုက္မိပါတယ္။
ခင္လ်က္
ကိုညီညီ - ေတာင္ႀကီး
06-02-2019
Unicode Version:
"အနှောက်အယှက်ကင်းတဲ့ဘဝသင်္ဘောကြီး"
ကျွန်တော်နဲ့ကျွန်တော့်သားစကားပြောတဲ့အကြောင်းမရေးရတာကြာပြီ။ သူကအဝေးကျောင်းကိုရောက်နေ၊ ကျွန်တော်ကမူလလက်ငုတ်နေရာမှာနေထိုင်နေရင်း မိဘကသားသမီးကိုလွမ်းရတဲ့အရသာကို မြိန်မြိန်ကြီးခံစားနေရတာပါ။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံကနေလာခဲ့ကြသူတွေပီပီ တက္ကသိုလ်သွားတက်တာကိုဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတော့မလိုမှာစရာရှိတာမှာ၊ ပြောစရာရှိတာပြော၊ ဆုံးမစရာရှိတာဆုံးမ လုပ်ချင်တဲ့သဘောကပါမြဲပါနေတာပေါ့။
ဒါပေမဲ့ ကျွန်တော်တို့ဇနီးမောင်နှံက အမေရိကားမှာ ကိုယ်ကိုယ်တိုင် ဘယ်လိုမိဘဖြစ်ချင်သလဲဆိုတာကိုသိအောင်ကြိုးစားရှာဖွေခဲ့တယ်။ အခြားတစ်ဖက်မှာလည်းကိုယ့်သားသမီးကိုဘယ်လိုရှင်သန်ပေါက်မြောက်ကြီးပွားစေချင်သလဲဆိုတာကိုသေသေချာချာလေ့လာခဲ့တယ်။
သား "စွမ်း" ကို အကြောင်းတစ်ခုခုအတွက်မှာစရာတွေတစ်ပုံတစ်ပင်ကြီးကျွန်တော်ပေးလေ့မရှိပါ။ အိမ်စာတွေအမြဲလုပ်တတ်တဲ့ကျောင်းသားဟာစာမေးပွဲရောက်ရင် စာတွေအကုန်မှတ်မိ၊ ပုစ္ဆာတွေအကုန်တွက်နိုင်သလိုပဲ မိဘစကားနားထောင်တဲ့သားသမီးဟာလောကတခွင်မှာ တံခွန်တိုင်လွှင့်ထူနိုင်တဲ့သူတွေအမြဲဖြစ်နေတတ်ကြတယ်။
သင်္ဘောကြီးတစ်စီးဟာပင်လယ်ထဲမှာသူသွားချင်တဲ့နေရာကို လျှောလျှောရှူရှူရောက်ဖို့ လှေတွင်းဝမ်းဗိုက်လုံခြုံဖို့လိုတယ်။ ဒါတင်ဘယ်ကဦးမလဲ အနှောက်အယှက်မှန်သမျှမတွေ့မိကြဖို့လည်းအရေးကြီးလှတယ်။
ဒီထက်ပိုသတိထားသင့်တာကကိုယ့်ဘဝရဲ့ရည်မှန်းချက်သင်္ဘောကြီးဟာ ဘယ်လိုအငြိအတွယ်ကြောင့်မှ မနှာင့်နှေးစေချင်ဘူး။ ဖြောင့်ဖြောင့်မတ်မတ်သွားသင့်တယ်။
တကယ်လို့သာသင်္ဘောကြီးဟာ ကျောက်ဆူးကိုချထားမိတယ်ဆိုရင် မိမိရဲ့ရည်မှန်းချက်ကိုပုံဖော်နိုင်ဖို့ဆိုတာဝေးစွ၊ မလှမပနဲ့ ရေလွင်ပြင်စိုစိစိကန္တာရထဲမှာ ဟိုမပါဒီမရောက်နဲ့အမှောင်ထဲမှာလမ်းပျောက်ရချေရဲ့။ ကြိုတင်မကြေငြာတဲ့မုန်တိုင်းရဲ့ ရိုင်းပျမှုကြောင့် မမျှော်လင့်ပဲ ပင်လယ်ကြမ်းပြင်အောက် ရောက်သွားရချေရဲ့။
ဒါကြောင့် "သား" ရေ ဘယ်အရာမဆို အဝေးဆုံးကာလအထိတွက်ချက်ထားရမယ်။ ပြောင်းလဲမှုမှန်သမျှ ဘာလာလာအကောင်းကြီးလို့ယူဆမနေနဲ့။ လောကကြီးကမာယာများတယ်။ အထူးသဖြင့် ယောက်ျား နဲ့ မိန်းမ ပေါင်းသင်းကြတဲ့အခါ မထင်ထားတတ်ကြတဲ့မာယာတွေပိုများတယ်။
မာယာမများပဲ ဒုက္ခများတာ မူးယစ်ဆေးဝါး။ ဘယ်သကောင့်သားနဲ့မှ သွားမစမ်းသပ်လေနဲ့။ စမ်းရာက စ၊ စရာက စွဲ၊ ကျောင်းမမြဲတဲ့ဆေး ဝေးဝေးကရှောင် နောင်ခါမဆင်းရဲ။
နောက်ဆုံးတစ်ခုက "ဝါသနာ"။ ဝါသနာဟာလူတွေကိုကူညီတဲ့နေရာမှာအသုံးဝင်သလောက် အခွင့်အရေးယူတတ်သူတွေလက်ထဲရောက်သွားရင် မိမိကိုပြန်ထိုးနှက်မယ့်ကိရိယာအသွင်ပြောင်းသွားတတ်တယ်။ ဒါတွေဟာ "ကြုံဖူးမှသိ-ထိမှနာ-သေမှခင်" ဆိုတဲ့မြန်မာစကားပုံလို နောက်ကျသွားမှ ပြန်သိလိုက်ရတာမျိုးဖြစ်တတ်လွန်းလို့ သတိပေးဦးမယ်။
ဘဝသင်္ဘောကြီးရည်မှန်းချက်ပန်းတိုင်ရောက်ဖို့သိပ်အရေးကြီးတယ်။ ဘယ်အနှောင်အဖွဲ့ရဲ့သိမ်းသွင်းစည်းရုံးမှု-Attachment ကိုမှ လက်မခံလေနဲ့။ ကိုယ့်ရဲ့ "လူတွေကိုကူညီချင်တဲ့စိတ်" ကို တလွဲအသုံးချမခံရစေနဲ့။ အောက်ဆွဲ၊ နောက်ဆွဲ၊ ဘေးဆွဲ ဘာအဆွဲမှလက်မခံပဲ ရှေ့ဆက်သွားရမယ်။
အိမ်စာလုပ်ဖို့အမြဲတာဝန်ကျေတဲ့ သား "စွမ်း" ကို မြန်မာပီပီ ဖုန်းထဲကနေကျွန်တော်မှာကြားလိုက်မိပါတယ်။
ခင်လျက်
ကိုညီညီ - တောင်ကြီး
06-02-2019
No comments:
Post a Comment