ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 17, 2021

"လူသားချင်းစာနာတဲ့ UNHCR" အပိုင်းဆက်

 "လူသားချင်းစာနာတဲ့ UNHCR" အပိုင်း ၁။ #UNHCR ဆိုတာ ဘာလဲ


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

#UNHCR ဆိုတာ ဘာလဲ
_______________ UNHCR ဆိုတာ ကုလသမဂ္ဂလက်အောက်ခံ လူသားအကူအညီပေးအဖွဲ့ခွဲဌာနတစ်ခုဖြစ်ပြီး the United Nations High Commissioner for Refugees ရဲ့ ထိပ်စည်းစာလုံးတွေကို တွဲရေးထားတာပါ။ အများက "ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး" လို့ခေါ်ပြီး ပြည်ပရောက်မြန်မာတွေကြားမှာ "ယူအန်ရုံး" ၊ "ယူအန်ကတ်ရုံး" လို့ အသိများကြတယ်။


UNHCR ကို ဘယ်တုန်းကတည်ထောင်ခဲ့တာလဲ
_______________ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် ၁၉၅ဝ ခုနှစ်မှာပါ။ အဲဒီတုန်းက ကမ္ဘာစစ်ကြောင့် သန်းနဲ့ချီပြီးထွက်ပြေးရတဲ့ ဥရောပစစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာသူ ဒုက္ခသည်တွေကို ကယ်တင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။


UNHCR က ဘာလုပ်တာလဲ
_______________ စစ်ဘေးသင့် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီမယ်၊ ခိုလှုံခွင့် လျှောက်ထားလိုသူတွေကို လက်ခံနိုင်မယ့် တတိယနိုင်ငံကို ရွေးပေးမယ်၊ စိစစ်ပေးမယ်။ တိုင်းပြည်မဲ့လူသားတွေ‌‌ကို လျှော့ချမယ်။ သူတို့အခွင့်အရေးကို ကာကွယ်ပေးမယ်။ နေရပ်စွန့်ခွာလူသားတွေကို အထောက်အကူပေးဖို့ အမှုကိစ္စတွေကို‌ ဆောင်ရွက်ပါတယ်။



UNHCR က ဘယ်လိုလူတွေကို ကူညီတာလဲ
_______________ လူသားမျိုးနွယ်တစ်ခုလုံးကို UNHCR က ကူညီပါတယ်။ မိခင်နိုင်ငံက ထွက်‌ပြေးလာရသူ၊ လုံခြုံမှုမရှိလို့ ရှောင်တိမ်းလာရသူ၊ တိုင်းပြည်မဲ့သူ၊ တိုင်းပြည်မဲ့ဖို့ဖြစ်လာသူ၊ ခိုလှုံခွင့် လျှောက်ထားသူ Refugees ၊ Asylum-seekers ၊ ခိုလှုံခွင့် လျှောက်ထားဆဲလူ၊ ခိုလှုံခွင့်ရပြီးမှ မိမိတိုင်းပြည်ပြန်သူ-Returnees တွေကို ကူညီပါတယ်။


UNHCR အကူအညီရဖို့ ငွေပေးရသလား
_______________ မပေးရပါ။ အမြဲတမ်း ဘယ်နေရာမှာမှ UNHCR အတွက် မပေးရပါ။ ဘယ်နေရာမှာမှ ပိုက်ဆံမတောင်းပါ။ UNHCR မှာ စာရင်းသစ် ဖွင့်ပေးမယ်၊ ပြန်လည်နေရာချထားရေးမှာ နာမည်ထည့်သွင်းပေးမယ်လို့ ငွေတောင်းပြီး လုပ်ပေးသူဟာ လူလိမ်ဖြစ်နိုင်ပါတယ်။


တစ်ကမ္ဘာလုံးမှာ UNHCR ဘယ်နှရုံးရှိသလဲ
_______________ ၁၃၅ ဌာန (ကြီး) ရှိပါတယ်။ မြို့ကြီးပြကြီးကနေ ဆင်ခြေဖုံးအထိသာမက အန္တရာယ်များပြီး လုံခြုံမှုမရှိသေးတဲ့ နေရာတွေအထိ UNHCR ရုံးတွေ ရှိပါတယ်။ ရုံးချုပ်က ဂျနီဗာမြို့မှာရှိပြီး ဝန်ထမ်း ၁ဝ% က အဲဒီမှာ အလုပ်လုပ်ပါတယ်။ ကျန်ဝန်ထမ်းတွေက ဒုက္ခဆင်းရဲခံစားနေရတဲ့ ကြမ်းတမ်းတဲ့ နေရပ်စွန့်ခွာဒေသတွေအထိ သွားရောက် တာဝန်ထမ်းဆောင်ကြပါတယ်။


UNHCR ကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် ဘယ်နှပိုင်းရမလဲ
_______________ ၆ ပိုင်း ရပါတယ်။ အာဖရိက၊ အမေရိက၊ အေးရှားပစိဖိတ်၊ ဥရောပ၊ အရှေ့အလယ်နဲ့မြောက်အာဖရိက ၅ ပိုင်းအပြင် နောက်ဆုံးအပိုင်းကတော့ အရေးပေါ်ကိစ္စတွေအတွက် Emergencies ဖြစ်ပါတယ်။


UNHCR မှာ မြန်မာနိုင်ငံသားတွေ ဘယ်လိုပတ်သက်နေသလဲ
_______________ ထိုင်းနယ်စပ်က ဒုက္ခသည်ကြိုဆိုရေးစခန်း ၉ ခု မှာ မြန်မာနိုင်ငံက ခိုလှုံသူဦးရေဟာ ဧပြီ ၃ဝ၊ ၂ဝ၂၁ အထိ ၉၁၇၉၅ ဦး ရှိပြီး စာရင်းပေးသွင်းပြီးသူ ၄၅ဝဝ၅ ဦးနဲ့ စာရင်းပေးသွင်းခွင့်မရသေးသူ ၄၇၆၉ဝ ဦးတို့ ဖြစ်တာကို https://cutt.ly/Xnh0pGj ဒီစာရင်းအရ စိတ်မကောင်းစွာ သိရတယ်။


ခိုလှုံရှင်တိုင်းပြည်ဇယားကိုပြောပြပါ
_______________ အရှေ့ ဧပြီလအထိ ၂ဝ၂၁ ခုနှစ်အတွင်းမှာ အမေရိကားကိုသွားရောက်ခိုလှုံမှု ၉ ကြိမ်ပြထားပြီး နယူးဇီလန်နိုင်ငံကို သွား‌ရောက်ခိုလှုံနိုင်မှုက ၃၂ ကြိမ်ပြနေပါတယ်။ အသွားအများဆုံး ခိုလှုံရှင်တိုင်းပြည်တွေက နှစ်ရှည်ဇယား ၂ဝဝ၅-၂ဝ၂၁ https://cutt.ly/Lnh0zlO အရ
အမေရိကား- ၈၉၅၆၉ ဦး
သြစတေးလျ- ၁၃၃၃၉ ဦး
ကနေဒါ- ၅၂၃၇ ဦး
ဖင်လန်- ၁၄၇၈ ဦး နဲ့
နယူးဇီလန်- ၁၃၃၆ ဦးတို့ ဖြစ်ကြပါတယ်။


နီးစပ်ရာ UNHCR ရုံးကို ဘယ်လိုရှာရမလဲ
_______________ အမြဲမေးနေကျမေးခွန်း FAQ- https://help.unhcr.org/faq/ မှာ ရှာပါ။ မတွေ့ရင် အကူအညီတောင်းဖို့ https://help.unhcr.org/ ကို ဝင်ဖတ်ပါ။ အဲဒါကိုမှ မတွေ့သေးဘူးဆိုရင် အနီးကပ်ဆုံးဒေသဆိုင်ရာ UNHCR ရုံးကို https://cutt.ly/0nhKFpm ဒီမှာ ရှာပါ။

ဆက်ပါမယ်

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-17-202

No comments: