ဆောင်းပါးရှင် - ကလောင်စေတနာ |
ရာသီဥတုက ခပ်အေးအေး လေက တဟူးဟူးနဲ့တိုက်နေတာ ကျမ ရင်ကို မအေးစေနိုင်ပါဘူးရှင် ။
ကျမ က ဒီနိုင်ငံရောက်တာလည်းမကြာသေးဘူး ၊ ကား က လည်း မမောင်းတတ် မောင်းတတ် နဲ့
ရောက်ခါစ မြို့ Daly City မှာ အမျိုးသားဖက်က အမျိုးတွေ ကူညီလို့ တော်ပါသေးတယ် ။
ဆေးရုံလည်းရောက်ရော ဆရာဝန် နဲ့ မတွေ့ရသေးဘူး ၊ ကောင်တာ - Front Desk က ဝန်ထမ်းက
ဘာကျန်းမာရေးအာမခံ - Health Insurance လဲ မေးတာနဲ့ ဖေါင်ဖြည်င့်္ရတာတွေ အကြာကြီး ။
ဒီမှာ ကလေးက သတိလစ်နေတာလေ ၊ ပြောသာ ပြောရတာ သိပ်တော့မစောင့်လိုက်ရပါဘူး ၊
အရေးပေါ်ဋ္ဌာန က ကျမ သားလေး ဘာဖြစ်လဲဆိုတာ ရောဂါရှာဖွေဖို့ သွေး စဖောက်တယ် ။
အချိန်သာကုန်သွားတယ် သူတို့ရောဂါ မတွေ့ပါ ။ ဒါနဲ့ ကလေး ကို သူတို့တတ်နိုင်တာလေးတွေ
ပြုစုပေးလိုက်ပြီး ကျမ နဲ့ အမျိုးသားတို့ အိမ်ပြန်ခဲ့ကြတယ် ။
နောက် ( ၂ ) နာရီကြာတော့ ကလေး က သတိလစ်သွားပြန်ရော ။ အမလေး ပြေးရပြန်ပြီ ။ ဒီတခါတော့ ကပ်လျက်မြို့ ဆန်ဖရန်စစ္စကို က ဆေးရုံကြီးကို သွားခဲ့တယ် ။ အဲဒီမှာလည်း ထိုနည်းနှင်နှင် ပဲ ၊ ရောဂါရှာမတွေ့ပြန်ဘူး ။ အသက် က ( ၁၂ ) နှစ်ဆိုတော့ သတိတော်တော်ရှိပါသေးတယ် ။ ဟိုလူလာ သွေးဖောက်လိုက် ဒီလူလာသွေးဖောက်လိုက် နဲ့ ဘာရာထူးတွေလဲတော့မသိဘူး လာတဲ့ အပ်ကိုင်ထားသူတွေက အများကြီးပဲ ၊ ဆရာဝန်တွေ ရော သူနာပြုတွေရော စုံလှပါတယ် ။ ကလေးရဲ့စိတ် က ဘယ်လောက်တောင်ဖြစ်သွားသလဲဆိုရင် အမှိုက်သိမ်းတဲ့ အလုပ်သမား - Janitor လာပြီး အမှိုက်သိမ်း သန့်ရှင်းရေးလုပ်တာကို သွေးဖောက်ဖို့ထင်ပြီး သူ့လက်ကလေးကို ဆန့်ထုတ်ပေးပါသတဲ့လေ ။ ခက်တော့ နေပါပြီ ၊ ဒီ " လူခဲ " တွေလဲ ကလေးရောဂါရှာမတွေ့ပြန်ဘူး ။ ဒုက္ခတော့ရောက်ပြီထင်တယ် ။ ကျမ တောင်ပေါ်သူပါ ၊ ဓနု သံ နဲ့ ပြောတာ နားလည်ပါတယ်နော် ။