ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, May 6, 2015

မေမေ့အတွက် Kamayan

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အားလုံးကို အီးမေးလ်နဲ့ စာပို့လိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အားတဲ့အချိန်မတူတာကြောင့် အီးမေးလ်ကိုဖြန့်ပြီး အများကိုပြောပြလိုက်ကြပါ။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာကျရောက်မယ့် “ အမေများနေ့ - Mother’s Day ” မှာ ကျေးဇူးရှင် “ မေမေယမ် ” အတွက် အရင်နှစ်တွေနဲ့မတူ တစ်မူထူးခြားအောင် ကျွန်မမှာ အကြံတစ်ခုရှိတယ်။ အဲဒီအစီအစဉ်အထမြောက်ရင် အားလုံးလည်းပျော်ကြမှာ။ မေမေယမ် လည်းသဘောကျပြီး ကလေးတွေအားလုံးလည်း ပျော်ကြ ရွှင်ကြ ဆုံစည်းကြရအောင်လို့ပါ။
.
အခု ဒီအီးမေးလ်ရဲ့အောက်မှာ Attached File တစ်ခု နဲ့ စာရင်းတစ်ခု ထည့်ပေးလိုက်တယ်။ စာရင်းထဲမှာပါတဲ့အတိုင်း အစားအသောက်တွေကို ယူလာနိုင်သူတွေကယူလာ၊ ဝယ်ချင်သူတွေက ဝယ်လာကြ။ ဘာမှမပါလာလည်းရတယ် အားလုံးအတွက် ကျွန်မချက်ပေးမယ်။ မေမေယမ် ထက် ကျွန်မ အချက်အပြုတ်ကောင်းတာ သိကြတယ်မဟုတ်လား..။
.
.
ပထမအပိုင်း ဖိလစ်ပီးနိုးဟင်းလျာထဲမှာ ကျွန်မစိတ်ကြိုက် Corned Beef လေ .. ချက်ပြီးသား အမဲသားကို ဆားတွေနဲ့နှပ်ပြီး အချပ်လိုက်ဖြစ်နေတဲ့ အလွှာလေးတွေလေ .. အဲဒါကတော့ ပါမှရမယ်။ ကျွန်မကြိုက်သလို အားလုံးလည်း ကြိုက်ကြမှာသေချာတယ်။

.
အသားသွတ်ဝက်အူချောင်း - Longanisa က ဘယ်သူယူလာမလဲ? အိမ်မှာမရှိရင်တော့ တစ်ယောက်ယောက်ဝယ်လာရမယ် ထင်တယ်။ အမျိုးတွေနဲ့ကလေးတွေက အဲဒီဝက်အူချောင်းအကြီးကြီးတွေဆို အသားကုန်တွယ်တာ။ ဘယ်သူကြော်လာမယ်ဆိုတာလည်း ပြောထားဦး။ သူက ဒယ်အိုးထဲမှာ ရေအရင်ထည့်ပြီး လှိမ့်ထားလိုက်ရုံပဲ။ ခနနေကျတော့ သူ့အသားထဲက ဆီထွက်လာရော။ အဲဒီဆီနဲ့ အသားကိုပြန်ကြော်ရင် ရပြီ။ နည်းနည်းညိုသွားရင် ဒယ်အိုးကိုချလို့ရပြီနော်။ တော်ကြာ .. မစားရမသောက်ရ တူးသွားရင် ခက်ကရော။
.
.
Bistec က ဟိုမှာကင်ကြမယ်။ အမဲသားကို အနေတော် ကင်သာရုံလေး ပိုင်းလာခဲ့မယ်။ “ အန်တီ စီစီးလာ ” ဆီမှာ အသားကင်စက် ရှိဦးမယ်ထင်တယ်။ သူ့ကိုခွင့်တောင်းတုန်းက မမေးမိလိုက်ဘူး။ ဂက်စ်အိုးလည်း ပြည့်အောင်ဖြည့်ထားဖို့ ပြောရဦးမယ်။ လုပ်တဲ့အခါကျရင် အားလုံးဝိုင်းကင်ပေးကြနော်။ နေဦး .. ဒီ Steak က အရင်ကင်ထားမှ ရမှာပေါ့။ ဒါမှ လူစုံတဲ့အခါ တစ်ခါတည်း စားလို့ရမှာ။ အင်း .. ဟုတ်သားပဲ အဲဒီအတွက် အချိန်ယူပြီး ကြိုလုပ်ထားမှ ရမယ်။
.
ဝက်ပေါင်ခြောက် - Bacon က အဆီသိပ်မများစေနဲ့။ Costco က ဝယ်တဲ့ ( ၄ ) ထုပ်တစ်တွဲလောက်ဆိုရင် ကျွန်မတို့လူအုပ်ကြီးအတွက် လောက်နိုင်မလား မသိဘူး။ ဒီတစ်ပတ် Costco ဘယ်သူသွားပေးမလဲ ပြောကြဦး။ အားတဲ့သူမရှိရင်တော့ လင်တော်မောင်ကိုပဲ သွားခိုင်းရမယ် ထင်တယ်။
.
.
ဝက်သားကင် - Tocino နဲ့ အမဲသားအခြောက်ကြော် - Tapa ဆို ဘယ်ဟာပိုကောင်းမလဲ။ “ တိုစီးနို ” ဆိုလို့ ကြောင်မနေနဲ့ဦး။ ဝက်သားကင်ကို စပိန်ဘာသာစကားနဲ့ခေါ်တာ။ ကျွန်မတို့ပေါင်မုန့်ထဲထည့်စားတဲ့ ဝက်ပေါင်ခြောက်နဲ့ သွားမရောနဲ့နော်။ တရုတ်တန်းတွေမှာ စင်းနီတုန်းပေါ်တင်ခုတ်တဲ့ အသားကင်မျိုးကိုပြောတာ။ Tapa စားချင်ရင်တော့ ကျွတ်ကျွတ်လေးကြော်ခိုင်းမှ ရမယ်။ ငရုပ်သီးမထည့်မှလည်း ရမယ်။ ဒါမှ အစပ်မစားတဲ့ တစ်ချို့အမျိုးတွေ စားနိုင်မှာ။
.
Bangus ငါးကိုရော ဘယ်လိုစားချင်ကြသလဲ? အင်္ဂလိပ်လိုတော့ Milkfich လို့ သိထားတယ်။ ပင်လယ်ကမ်းရိုးတန်းဖက်တွေမှာ ငါးသလောက်ယောက်ဖ လို့လည်း ခေါ်ကြသေးတယ်။ ဒါက ကျွန်မတို့ ဖိလစ်ပီးနိုးတွေရဲ့ ပြည်ထောင်စုတိုင်းရင်းသား “ ငါး ” ဆိုရင်လည်း မမှားဘူး။ ကြော်ပုံကြော်နည်းကလည်း ရှိသေးတယ်။
.
ခေါင်းကနေ အမြီးအထိ ရင်ခွဲပြီး သန့်ရှင်းရေးလုပ်ရတယ်။ အပြားလိုက်ကြော်ရင်ကြော်၊ ဘိတ်ချဉ် နဲ့ ကြက်သွန်ဖြူလေး နဲ့ ငရုပ်သီး .. အော် မလန့်ပါနဲ့ သိပ်မစပ်ပါဘူး .. ကျွန်မတို့ဖိလစ်ပီးနိုးတွေက အစပ်မစားနိုင်တာ ကျွန်မ မသိပဲနေပါ့မလား? ..  အဲဒီလို စားမလား?
.
ဒါမှမဟုတ် ကင်ပေး ဆိုရင်လည်း ရတယ်။ ကင်ရင်တော့ ချလိုက်တာနဲ့ အဲဒီငါးက အရင်ဦးဆုံး ကုန်မှာ။ ပေါင်းပေးလို့လည်းရသေးတယ် .. ငါးပေါင်းပေါ့။ ရှုတ်ပါတယ် .. ငါးဒုက္ခ လို အစာသွပ်ကြိုးချည်ပြီးပဲ ကင်လိုက်တော့မယ်။ ဒါက လက်ဝင်လို့ သိပ်အများကြီးမရဘူးနော်။
.
ထမင်းဖြူကိုတော့ ဒီတစ်ခေါက် Garlic Rice လုပ်မလားလို့ စိတ်ကူးထားတယ်။ ဟင်းတွေအားလုံးက အနှစ်မပါတဲ့ အခြောက်တွေဆိုတော့ ထမင်းက သူ့ဖာသာသူချည်းလည်း အရသာပါနေမှ ကောင်းတယ်လေ။ ပြီးတော့ ကြက်သွန်ဖြူနံ့လေးလည်းမွှေးတော့ စွဲတာပေါ့။ ကြက်ဥက မွှေကြော်ပဲ ထည့်လိုက်မယ်။ ခေါက်ကြော်ဆို အချပ်လိုက်ကြီး သိပ်မကောင်းဘူး။ ဒါမှ ထမင်းနဲ့တွဲစားလို့ လိုက်မှာ။
.
.
ဒုတိယအပိုင်းကတော့ အမေရိကန်စတိုင်ကို ရွေးထားတယ်။ အမေရိကန်ဆိုတော့ သိပ်အထူးပြောစရာမလိုပါဘူး။ ပေါင်မုန့်ပဲ အရေးကြီးတယ်။ ရိုးရိုးပေါင်မုန့်မလုပ်နဲ့။ French Toast က ကောင်းတယ်။ အပြားလိုက်ဆိုဒ်ကြီးတော့ အလယ်မှာ အသားညှပ်စားချင်သူတွေအတွက်လည်း အဆင်ပြေတယ်။ သူက အဝိုင်းမဟုတ်ဘူးနော်။ လေးထောင့်ကျကျလေး။
.
ကြက်ဥကြော်ကျတော့ ဟိုမှာလည်းပါ ဒီမှာလည်းပါ ဖြစ်နေပြီ။ ဘယ်လိုကြော်ကြော်ပါရှင် .. ကြက်ဥကြော်ပါရင် ပြီးရော။ အရေးကြီးတာ အရွက်စုံ - Salad ။ အိမ်တွေမှာစားသလို ဆလပ်ရွက်ကျွတ် - Romaine Lettuce တော့ ပါတာ သေချာပါစေ။ ကျွန်မက အဲဒါပါမှ ကြိုက်တာ။ ပြီးတော့ Dressing .. အပေါ်က စမ်းစားရတဲ့ဥစ္စာလေ .. ဘာတဲ့ .. ဟို အဝါရောင် - Thousand Island နဲ့ မက်ဒေါ်နယ်ကပေးတဲ့ ပေးဖူးတဲ့ ဗူးအသေးလေး အဖြူရောင်လိုမျိုးလေး .. ဟိုလေ ..အဖြူရောင်ဗူးတံဆိပ် - Ranch တံဆိပ်ထဲက တစ်ခုခုပါလာရင် ရပြီ။ အဖြူရောင်ဆိုရင်တော့ Classic Ranch Dressing က အဆီပိုများတယ်။ တစ်ခါတစ်လေမှစားတာပဲ အဆီများလည်း ပြသနာမရှိပါဘူး။
.
.
ပေါင်မုန့်ကတော့ပြောပြီးသား..။ ဒါပေမယ့် ထပ်ယူချင်သပ ဆိုရင် Croissant ယူမယ့်သူ ရှိမလား? ဒါမှမဟုတ် ကလေးတွေကြိုက်တဲ့ Muffin ယူလာရင်လည်း ရတယ်။ ဒါမှမဟုတ် ဆိုင်တွေမသွားနိုင်ရင် ဖိလစ်ပီးနိုးမုန့်ဆိုင်က ကျွန်မတို့ မနက်တိုင်းစားတဲ့ Pen De Sal ပေါင်မုန့် လမ်းကြုံတဲ့သူ ဝယ်လာလို့လည်း ရတယ်။ ကျွန်မတို့စားမှာက နေ့လည်စာ - Lunch ဆိုတော့ ပေါင်မုံ့က သိပ်မချိုမှ ရမယ်။ ပြီးတော့ တောင်းတွေ ပလုံးတွေ သိပ်ဆွဲစရာမလိုတဲ့သူတွေ ကြက်ဥ နဲ့ ချိစ်ပြားတွေ အပိုယူလာခဲ့ကြနော်။
.
အအေးတွေရော ဘာသောက်ကြမလဲ? ဘိလပ်ရည် - Soda ဆိုရင်တော့ Coke ပဲ ယူလာမယ်။ ကော်ဖီဆိုရင်တော့ အန်တီ စီစီးလာ ကိုပဲ ဖျော်ခိုင်းလိုက်တော့မယ်။ အရင်က ကျောင်းဆရာမလုပ်ခဲ့တဲ့ ဒီအဒေါ်က ကော်ဖီဖျော် သိပ်ကောင်းတာ။ ရေနွေးပူလည်း လိုတယ်ဆိုတော့ သူ့ကိုစီစဉ်ခိုင်းလိုက်တာ အသင့်တော်ဆုံးပဲ။ ပြီးတော့ သူ့နောက်ဖေးကွက်လပ်က အမျိုးတွေရဲ့ အိမ်တွေထဲမှာ အကျယ်ဆုံးဆိုတော့ လုပ်ခွင့်ပေးပါလို့ တောင်းလိုက်တာ အခု အဆင်ပြေသွားတယ်။
.
.
ပြီးတော့ ပြောထားရဦးမယ်။ နေ့လည်ဆိုတော့ ကျွန်မတို့က အမေရိကန်တွေလို မသောက်ဘူးနော် .. အရက်ကို ပြောတာ။ သူသူကိုယ်ကိုယ် ဆက်သွားဖို့နေရာတွေက ကျန်သေးတယ်။ ယောက်ျားသားတွေက ကားမောင်းရဦးမယ်။ မနေနိုင်သူတွေအတွက် မင်မိုးဆာ - Mimosa စပ်လာပေးလို့တော့ရတယ်။ အခုနောက်ဆုံးပေါ် ဖျော်နည်းနဲ့ဆို အရက်က ပါရုံလေးပါ။
.
ကမ္ဗလာသီး ( ၈ ) လုံးလောက်ကို ခွဲပြီး ညှစ်စက်နဲ့ညှစ်၊ ဇကာနဲ့စစ်။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခဏသိပ်ထား။ အောက်ခံထည့်မယ့် စပါကလင် … စပါကလင်ဆိုလို့ ဘိလပ်ရည်ကို ပြောတာမဟုတ်ဘူး။ ရှမ်ပိန် ဒါမှမဟုတ် ဂက်စ် ပါတဲ့ ဝိုင် ကို အရင်အေးအောင်လုပ်ထားဦး။ နို့မို့ဆို မင်မိုးဆာ ကို အပူလိုက်ကြီး သောက်နေရဦးမယ်။ ခွက်လှလှလေးထဲကိုထည့်ပြီဆိုတဲ့အခါကျတော့ ရှမ်ပိန် ကိုအရင်ထည့်ရတယ်။ ခွက်လေးကိုစောင်းထားနော်။ ( ၄ ) ပုံ ( ၁ ) ပုံ လောက် ခွက်ထဲရောက်ပြီဆိုတော့မှ စောနက အအေးခံထားတဲ့ ကမ္ဗလာရည်ကို ဖြည်းဖြည်းချင်းငဲ့ချ။ အမြုပ်တွေတက်လာရင် အရေးမကြီးဘူး ခဏစောင့်လိုက်။ သှူု့ဟာသူကျသွားလိမ့်မယ်။
.
မေ့တော့မလို့ ရေသန့် ရေသန့် .. အဲဒါက အရေးကြီးတယ်။ ကျွန်မတော့ သယ်ရမှာတွေကများတော့ ယောက်ျားသားများတဲ့ အိမ်ထောင်စုက ရေသန့်ဗူး သယ်ခဲ့ကြပေတော့။ ဖုန်းပြောရင် လူစေ့ပြောရမှာစိုးလို့ စာရိုက်ပြီးပြောတာ အခုမှ ပိုဆိုးသွားပြီထင်တယ်။ စာလည်း ရှည်သွားပြီ။
.
.
အဓိက က မေမေယမ် ကို အမေများနေ့ “  Mother’s Day ” မှာ အရင်နှစ်ထက် ပိုပျော်စေချင်တယ်။ ဒီနှစ်မှာ ထူးခြားစေချင်တယ်။ လက်ဆောင်တွေ နှစ်တိုင်းပေးရုံနဲ့ ကျွန်မတို့တာဝန်ကျေမလား? ပေးချင်သူတွေကိုတော့ မတားဘူးနော်။ စားပြီးသောက်ပြီးရင် ပေးကြ .. ပိုတောင် ကောင်းသေးတယ်။ သူ့ခမျာ အမျိုးတွေကို တွေ့ချင်လွန်းလို့ သားသမီးတွေ၊ မြေးတွေကို တစ်အိမ်တက်ဆင်း လိုက်တွေ့နေရတယ်။ စဉ်းစားကြည့်လေ သူ့မှာ နှစ်ပေါင်းများစွာ ကျွန်မတို့ကို မငြိုမငြင် ချော့တစ်မျိုး ချီတစ်လှည့် ထိန်းကျောင်း ကျွေးမွေးလာခဲ့တာ ရက်ထောင်ပေါင်းများစွာ နားမှ မနားရတာ။ အခု အမေရိကားရောက်တော့လည်း ဖိလစ်ပိုင်တုန်းကလိုပဲ ချက်ကျွေးနေတုန်း၊ အိမ်လာ ထမင်းစားခိုင်းနေတုန်းပဲလေ။
.
ကျွန်မတို့ပြန်ပေးရတာကမှ တစ်နှစ်မှာမှ ယောင်ဝါးဝါး ( ၁ ) ရက်စ၊ ( ၂ ) ရက်စ နဲ့ ဒါကို ကျွန်မတို့ တာဝန်ကျေတယ် ထင်နေလို့လား။ အမေ့ကို အားလုံးကချစ်တာ ကျွန်မသိပါတယ်။ အခု စားမယ်ဆိုတာကလည်း ပန်းကန်ခွက်ယောက်တွေ၊ ဇွန်း တွေ ခရင်း တွေ ပါတာ မဟုတ်ဘူး။ ဖိလစ်ပိုင်မှာတုန်းကလို ခုံပေါ်မှာ ငှက်ပျောရွက်ခင်းပြီး Kamayan စားကြမှာ။
.
မှတ်မိကြသေးလား? ဖိလစ်ပိုင်မှာ Kamayan ဆိုင်ဖွင့်တာ အမေရိကန်စစ်စခန်းက စစ်သားတွေနဲ့ နိုင်ငံခြားသားတွေ ကြိုက်လိုက်ကြတာ အဲဒီ ဆိုင်ပိုင်ရှင်ဆို အခု သန်းကြွယ်သူဋ္ဌေးဖြစ်နေပြီ။ ဖိလစ်ပင်းငွေ နဲ့ မီလျံ ကိုပြောတာမဟုတ်ဘူး ဒေါ်လာမီလျံနာ..။ တကယ်ပြောတာ။
.
.
ကျွန်မ သား ( ၃ ) ယောက်ကိုတော့ Boodle Fight သွားရမယ်လို့ ပြောထားလို့ ရင်ခုန်နေကြလေရဲ့။ ပြောရင်းပြောရင်း နဲ့ ငယ်ငယ်တုန်းက ဇလုံကြီးထဲကို မေမေယမ် ထမင်းတွေပုံပေးထားပြီး အားလုံး ကိုယ့်ဇွန်းနဲ့ကိုယ် လုစားကြတာ မှတ်မိသေးတယ်။
.
အထိမ်းအမှတ်အနေနဲ့ပြောချင်တာက ဒီ Kamayan ပဲခေါ်ခေါ် Boodle Fight ပဲခေါ်ခေါ် .. ဒီလို ငှက်ပျောရွက်စိမ်းပေါ်မှာ လက်နဲ့စားရတယ်ဆိုတာက စည်းလုံးခြင်း ရဲ့ အထိမ်းအမှတ်ပဲ။ ညီညွတ်ခြင်းရဲ့သင်္ကေတပဲ။ အားလုံးတန်းတူညီမျှမှုကို ကိုယ်စားပြုတယ်။ လူသားသင်္ကေတကို ပေါ်လွင်စေတယ်။ ကနဦးလူ့အရင်းအမြစ်ရဲ့ ရိုးသားမှုတွေကို မေမေယမ့်ကို မြင်စေချင်တယ်။ သူ့ကို ပီတိတွေ ဖြာဝေစေချင်တယ်။ ကျွန်မတို့ကိုမွေးခဲ့လို့ သူနောင်တ မရစေရဘူး။ ဒီ Kamayan တနင်္ဂနွေနေ့စားပွဲစိတ်ကူးကို အားလုံးလည်းကြိုက်နှစ်သက်ကြပြီး ပါဝင်ဆင်နွှဲကြမယ်လို့ ယုံကြည်ပါတယ်။
.
အားလုံးကို ချစ်တဲ့ “ မေရီ ”
.
.
ဒါစာအကြောင်းပြောပြပြီး မေရီက ကျွန်တော့ကိုမေးတယ် .. နင်တို့ မြန်မာတွေမှာရော Kamayan ရှိသလား ? တဲ့..။ ကျွန်တော်က ရှိတယ် .. ငါတို့ဆီမှာ ဒါကို “ လက်ရေတစ်ပြင်တည်းစားတယ် ” လို့ ခေါ်တယ် လို့ ပြန်ပြောလိုက်တယ်။ ဒီ့နောက်မှာ မေရီ က ဘာမှ ဆက်မမေးတော့ပါဘူး။ သူက နင်တို့ မြန်မာတွေစားတဲ့ “ လက်ဘက်သုပ် - Tea Leaf Salad ” ထည့်မလို့ဆိုပြီး ကျွန်တော့နားက လက်ဘက် နဲ့ ပဲကြော် ( ၁ ) ထုပ်စီ ဝယ်သွားတယ်။
.
အမှန်က ကျွန်တော့ဘက်မှာ လေ့လာာအားနည်းလို့ သူ့ရေးတဲ့စာလို ဝေဝေရွှန်းရွှန်း မပြောပြနိုင်တာ။ ပြီးတော့ ကိုယ်သိထားတာက မြန်မာလို၊ ပြန်ပြောရတာက အင်္ဂလိပ်လို ဆိုတော့လည်း တစ်မျိုးခက်သေးတယ်။ ပိုဆိုးတာက သူက ငယ်ငယ်ကတုန်းကလည်းက ဖိလစ်ပိုင်မှာ Kamayan စားပြီး ကြီးလာတာ။ ကျွန်တော်သိတဲ့ ထမင်းလက်ရည်တစ်ပြင်တည်းစားတယ်ဆိုတာ ( ၄ ) တန်းလောက်က စာအုပ်ထဲမှာပဲ သင်ဖူးတာပဲ ရှိတယ်။
.
ပိုဆိုးတာက ဒီလို Kamayan စားရတဲ့ သူ့ရည်ရွယ်ချက်က စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုတယ်ဆိုတဲ့အပေါ် ကျွန်တော်လေးစားသွားတယ်။ ဒါနဲ့ သူ့ကို ဒီလို Boodle Fight အကြောင်းပြောပြလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောဖြစ်လိုက်တယ်။ သူ့ကိုတစ်ခုတော့မှာလိုက်သေးတယ်။ နင်တို့က လက်အိပ်မစွတ်ပဲ လက်ဗလာ နဲ့ ငှက်ပျောဖက်ထဲမှာစားကြမှာဆိုတော့ နင်ချက်တဲ့ဟင်းတွေမှာ “ ဆားသိပ်မထည့်လည်း ငန်နေမှာနော် ” လို့..။
.
koko2yeye@gmail.com


No comments: