ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, March 13, 2014

Cloud Services သို့မဟုတ် မိုးပေါ်ကလာတဲ့ အချက်အလက်များ ( ကိုယ်တွေ့ )



               မနက်စောစော လွတ်လပ်တဲ့အာရှအသံ-RFA သတင်းပြီးချိန်လောက်မှာ အိမ်ရှေ့ရောက်ရောက်လာတတ်တဲ့ လော်စပီကာလက်ပွေ့သတင်းစာသမားဆီက ဂျာနယ်ဝယ်ပြီးချိန်မှာတော့ သောက်လက်စ လ္ဘက်ရည်ခွက်က ကပ်ကပ်လေးပဲကျန်ပါတော့တယ် ၊ ဒီအခိုက်အတန့်လေးမှာ လပေးသတင်းစာကိုဘဲ ပြီးအောင်ဖတ်ရမလား ၊ ဂျာနယ်ခေါင်းကြီးသတင်းတွေရဲ့ဆွဲဆောင်မှုနောက်လိုက်ပြီး ရှာဖတ်ရမလား ဆိုတဲ့ ရင်ခုန်စရာ မြို့တော်ရန်ကုန်ရဲ့ရွှေနံနက်ခင်းကို လွမ်းမိတဲ့အချိန်ဟာ အမိနိုင်ငံပြင်ပ အိမ်ဝေးသူတစ်ယောက် ရဲ့ အင်မတန်အထီးကျန်ချိန်ဆိုရင် မမှားပါဘူး ။


          ဒီမိုကရေစီခေတ်ကြို ခေတ်ဦးမှာ မီဒီယာအင်းအားစု ဟာ ဘယ်သူ့ကိုမှအားမကိုးဘဲ မိမိရှာဖွေနိုင် လိုက်ကောက်နိုင်တဲ့ အချက်အလက်တွေကို မှန်ကန်စွာထုတ်ပြန်နိုင်ရေးဟာ အသက်သွေးကြောလို့ခေါ်မယ်ဆိုရင် မိုးတိမ်-Cloud Services ဝန်ဆောင်မှုကလည်း အသံလွှင့် ၊ ပုံနှိပ် ၊ ထုတ်ဝေ မီဒီယာလုပ်ငန်းများ ဖြန့်ကျက်နိုင်ရေးအတွက် “ ပင်စည် “ လို့ တင်စားပါရစေ ၊ အကျယ်တစ်ဝင့်မပြောခင် ခလောက်ဒ်ဆားဗစ်ရဲ့ လုပ်ငန်းရပ်တည်မှုကိုနားလည်သလောက်ရှင်းပြတဲ့အခါ မိမိအတွေ့အကြုံကိုအခြေခံပြီးလေ့လာခဲ့လို့ သတင်းစာ ၊ ဂျာနယ် နဲ့ နည်းပညာစာစောင်တွေမှာလို တတ်ကျွမ်းပညာရှင်တွေရဲ့ရေးပြပုံနဲ့တူအောင်မတင်ပြနိုင်တာကို အရင်ဆုံးဝန်ခံလိုပါတယ် ။



          ခလောက်ဒ်အချက်အလက်သိုလှောင်မှုလုပ်ငန်းဟာ အင်တာနက်ရှိတဲ့နေရာတိုင်း သွင်းလို့ထုတ်လို့ရအောင် စွမ်းဆောင်ပေးတယ် ၊ လိုအပ်တဲ့အချက်အလက်တွေ ၊ လုပ်ငန်းတူချင်းမျှဝေသုံးစွဲရန်စာရင်းဇယားတွေ နဲ့ အင်တာနက်ကမ္ဘာသူကမ္ဘာသားအများစု-Netizen တွေအတွက် ရယူလက်လှမ်းမီနိုင်ရန်အလို့ငှါ ဆွဲယူသုံးစွဲသူများပြားလှပါတယ် ၊ အင်တာနက်ရှာဖွေရေး-Search Engine Platform  တွေလို ကြော်ငြာလုပ်ငန်းနဲ့ရပ်တည်ပုံချင်းတူပေမယ့် ခလောက်ဒ်ဆားဗစ်က “ နှစ်ဖက်ချွန် “ ငွေရှာပါတယ်လို့ ပိုပိုသာသာပြောချင်ပါတယ် ၊ ကြော်ငြာထည့်သူဆီကငွေရတာတင်မကဘဲ သုံးစွဲသူဖက်ကပါ ငွေလှည့်ယူတတ်ပါတယ် ၊ လုပ်ငန်းရှင်တွေဟာ အတိုင်းအတာတစ်ခုအထိအခမဲ့ပေးသုံးတဲ့စံနစ် နဲ့  အဓိကဆွဲဆောင်ပြီး သုံးစွဲသူမကြည့်ချင်တဲ့ကြော်ငြာတွေကို ကြားဖြတ်ထည့်ကြပါတယ် ၊ စိတ်ညစ်လောက်ပြီဆိုတော့မှ “ ကြော်ငြာတွေကိုစိတ်ညစ်နေပြီလား-Tired of Ads ? “ လို့ပေါ်လာပြီး သတ်မှတ်တဲ့ငွေ အွန်လိုင်းပေါ်ကပေးလိုက်ရင် ကြိုက်သလိုသုံး မမြင်ချင်တဲ့အူကြောင်ကြောင်ကြော်ငြာမဝင်တော့ပါဘူး ၊ ဒီထက်မကတဲ့ ခလောက်ဒ်ဝန်ဆောင်မှုတွေ ကမ္ဘာအဝှမ်းမှာ ရှိနေပါသေးတယ် ။




 ပြည်တွင်းက ဂျာနယ်တွေကိုဖတ်နိုင်ဖို့အားထုတ်ကြည့်တဲ့အခါ  www.myanmarjournaldownload.com   ကို အွန်လိုင်း နဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ မမျှော်လင့်ဘဲတွေ့တဲ့အခါ အတိုင်းမသိဝမ်းသာရပါတော့တယ် ၊ အဆင်ပြေမှု နဲ့ အခက်အခဲတွေကြားမှာ “ မီဒီယာဖိုင်းယား “ ခလောက်ဒ်ဆားဗစ်စ် ကို မြည်းစမ်းခွင့်ရခဲ့တယ် ၊ အမှန်အတိုင်းပြောရရင် အင်တာနက်ကဖေးခေတ်တုန်းက  ဆိုင်တွေမှာ တစ်နာရီ ( ၂ဝဝ ) ကျပ်နဲ့ စ သုံးကတည်းက MediaFire ကို သိခဲ့ပြီးသားပါ ၊  YouTube သုံးခွင့်မရခင်စပ်ကြားမှာ ဟာသဗွီဒီယိုတိုလေးတွေကို ဒီပလက်ဖောင်းပေါ်မှာ လူငယ်တွေ တို့၊ ထိ ၊ မျှဝေခဲ့ကြတယ် ၊ နောက်ပိုင်းမှာ http://themyawadydaily.blogspot.com/ ကို ထပ်တွေ့ခဲ့ပြီး ဒီစာမျက်နှာက Facebook မှာရော Google+ မှာပါ အမြဲအသစ်တင်ပါတယ် ၊ ဝက်ဘ်ဆိုဒ် နဲ့ စာမျက်နှာတွေမှာပေးထားတဲ့ လင့်ခ်-Link ကိုနှိပ်လိုက်တဲ့အခါ မီဒီယာဖိုင်းယား မှာဆိုရင် နောက်ကနေ ဝင်းဒိုးတစ်ခုချက်ချင်း- Promptly တက်လာပြီး လှုပ်တုတ်လှုပ်တုတ်နဲ့ကြော်ငြာအပြည့်ပါဘဲ ၊ သွားတော့မ နှိပ်-Click လိုက်နဲ့ ဘယ်ရောက်သွားမယ်ဆိုတာမသိနိုင်ဘူး ၊ ဖေ့စ်ဘွတ်ခ်မှာ စာမျက်နှာတွေကို Like သို့မဟုတ် Follow လုပ်လိုက်တယ်ဆိုရင်ဘဲ ရန်ကုန်မှာထွက်မယ့်ရက်နဲ့ကွက်တိအချိန် ကမ္ဘာ့တစ်ဖက်ခြမ်းမှာ သတင်းစာ နဲ့ ဂျာနယ်တွေ ကွန်ပျူတာပေါ်မှာဖတ်နေတဲ့ ပြည်ပရောက်မြန်မာတွေရှိနေပြီဆိုတာ နိုင်ငံအတွက်ရော မြန်မာစာပေအတွက်ပါမကျန် အပေါင်းလက္ခဏာဖြစ်တယ်လို့ အပြုသဘောမြင်မိပါတယ် ။




၂ဝ၁ဝ လောက်မှာနာမည်ရလာတဲ့ ခလောက်ဒ်ဆားဗစ်တစ်ခုက အမေရိကန်နိုင်ငံ ၊ ဆန်ဖရန်စစ္စကို အခြေစိုက် “ ဒရော့ဘောက်စ်-Dropbox ” ဖြစ်ပြီး မြန်မာလူငယ်ထုကြားမှာရေပန်းစားလာပါတယ် ၊ အခမဲ့ Upload လုပ်ခွင့်နေရာလွတ် 2 GB ရပြီး Pro အဆင့်မြင့်မယ်ဆိုရင် တစ်လ ( ၁ဝ ) ဒေါ်လာပေးရင်တော့ 100 GB နေရာရမှာပါ ၊ Free Account မှာ ကိုယ်တင်လိုက်တဲ့ဖိုင်တွေ တစ်ချိန်တည်းဆွဲချတာများလို့ Traffic ဖြစ်တိုင်း Bandwidth မနိုင်တော့ဘဲ အကောင့်ကို ဆိုင်းထားလိုက်တတ်တာက အများနဲ့အလုပ်လုပ်တဲ့ Mp3 အသံဖိုင်မျှဝေတဲ့ စာမျက်နှာပိုင်ရှင်တွေအတွက် တော်တော်အခက်တွေ့စေပါတယ် ၊ အဲဒီလိုဖြစ်တဲ့အချိန် ဘယ်အသံဖိုင်က ဒုက္ခပေးလဲရှာနိုင်ပြီးဖျက်နိုင်ပါမှ အကောင့်က ပြန်အသက်ဝင်မှာပါ ၊ အရေးတကြီး လိုအပ်တဲ့အချိန်သုံးမရတာမျိုးဖြစ်တတ်လို့ အုပ်စုလိုက် ဒေါင်းလော့ဒ်ဆွဲချမယ့်ကိစ္စဆိုရင် Dropbox က ဟန်မကျပါဘူး ၊ မိုဘိုင်းလ်ဖုန်းပေါ်မှာ အလုပ်လုပ်ပုံကောင်းတာနဲ့ သူ့ရဲ့ဆွဲဆောင်မှုမျက်နှာပြင်-Graphic Interface လှလွန်းတာကတော့ ချီးကျူးစရာပါ ။




ဒရော့ဘောက်နဲ့ဆင်တူတဲ့ App.box.com ခလောက်ဒ်ဆားဗစ်ကလည်း မဆိုးပါဘူး ၊ အခမဲ့သိမ်းဆည်းခွင့် 10GB ရပြီး အသွင်းအထုတ်ချောမွေ့တဲ့စာမျက်နှာတစ်ခုပါ ၊ ခက်တာက မိုဘိုင်းလ်ဖုန်းပေါ်မှာ ဒေါင်းလော့ဒ်ပေးမဆွဲဘူး ၊ ဒါကြောင့် ကွန်ပျူတာနဲ့အမြဲတစေအလုပ်လုပ်သူတွေအတွက် သပ်ရပ်လှပတဲ့ အလယ်လတ်တန်းစားဝန်ဆောင်မှုဖြစ်ပါတယ် ၊ မိုက်ခရိုဆော့ပိုင် SkyDrive ( ယခုနာမည်ပြောင်း = OneDrive ) ကို ဘယ်လိုကိစ္စတွေမှာသုံးသလဲဆိုတာ အနီးအနားအလုပ်ပတ်ဝန်းကျင် နဲ့ သူငယ်ချင်းတွေကြားမှာ မသိရတဲ့အတွက် အသေးစိတ်သိပ်ပြောပြဖို့ အချက်အလက်သိပ်မစုံလင်ပါ ၊ ကိုယ်ပိုင်သုံးအတွက် အဆင်ပြေနေပြီး ဖုန်းနဲ့ရိုက်ထားတဲ့ ဓါတ်ပုံလှမ်းတင်လိုက်တာမျိုးတော့ OneDrive မှာ Back Upလုပ်ဖြစ်ပါတယ် ၊ ငှက်ကလေး လိုဂိုပုံကလေးနဲ့ Copy.com ရဲ့လုပ်ဆောင်ပုံကတော့တစ်မျိုးပါ ၊ ဘယ်ပလက်ဖောင်းပေါ်မှာရှိတဲ့ ခလောက်ဒ်သိမ်းဆည်းနေရာကမဆို သူက USB တစ်ချောင်းလို အမြန်ဆုံးကူးယူနိုင်စွမ်းရှိပါတယ် ၊ သုံးစွဲသူမျက်နှာပြင်-UI ကတစ်မူထူးခြားတော့ အထာမသိသူတွေ မျက်စိလည်သွားနိုင်ပါတယ် ။




Drive.goolge.com က နာမယ်ကြီး Google ပိုင်ဖြစ်ပါတယ် ၊ တစ်ဆက်တည်း သူ့နည်းပညာ ပလက်ဖောင်းပေါ်မှာ အင်တာနက်ရှိရုံနဲ့ မိုက်ခရိုဆော့ ရဲ့ နာမည်ကြီးအပိုင်စားထုတ်ကုန်-Flagship တစ်ခုဖြစ်တဲ့ Word, Excel, PowerPoint စတဲ့ ရုံးသုံးအသုံးဝင်ဆော့ဝဲတွေကိုပါ အင်တာနက်ရှိရုံနဲ့ သုံးစွဲနိုင်မှာပါ ၊ ဖိုင်တွေခွဲဖွင့်ရလွယ်ကူပြီး တူရာတူရာကို အုပ်စုထဲထည့်သွင်းထားနိုင်ပါသေးတယ် ၊ မိုးတိမ်ထဲကို တင်ထားတဲ့ ဖိုင် ( အသံ ၊ ဓါတ်ပုံ-Jpeg ဖိုင် ၊ ဗွီဒီယို ၊ Work ၊ Excel ၊ PowerPoint နဲ့ Pdf.ဖိုင် ) တစ်ခုခု ဒါမှမဟုတ် တစ်အုပ်စုကို နောက်တစ်ဦး ၊ တစ်ဖွဲ့ နဲ့ အွန်လိုင်းပေါ်မှာတစ်ချိန်တည်း လတ်ဆတ်အောင် Sync လုပ်နိုင်တာ အရမ်းထူးခြားပါတယ် ၊ မိမိဖိုင်တစ်ခုကို မျှဝေ-Share လုပ်တဲ့နေရာမှာ ဘယ်သူမဆိုဝင်ဒေါင်းလော့ဒ်ဆွဲချလို့ရချင်သလား ၊ မိမိပို့လိုက်တဲ့ / Upload လုပ်လိုက်တဲ့ Link ရရှိသူ ဘယ်သူမဆိုဝင်ဒေါင်းလော့ဒ်ဆွဲချလို့ရချင်သလား ၊ တစ်စုံတစ်ယောက်ကိုဘဲ သီးသန့်ဒေါင်းလော့ဒ်ဆွဲစေချင်သလား ရွေးချယ်စရာ ( ၃ ) မျိုးရှိပါတယ် ၊ အီးမေးလ်နဲ့ဖိုင်တစ်ခုကိုရှယ်ချင်တဲ့အခါ Gmail က ဖိုင်တည်ရှိရာ URL: ကိုသာပို့ပေးမှာဖြစ်ပြီး ဖိုင်တစ်ခုလုံးကို ဆွဲတင်-Attach လုပ်ပေးမှာမဟုတ်တာသတိထားရပါမယ် ၊ ဒီအီးမေးလိကိုလက်ခံမယ့်သူမှာလည်း Google Drive ကို ဝင်ရောက်နိုင်ခြေရှိရပါမယ် ၊ လက်ခံသူကို တည်းဖြတ်ခွင့်-Edit မပေးချင်ရင် View  လုပ်လိုက်ပြီး တားမြစ်မှုတွေထည့်သွင်းသတ်မှတ်နိုင်ပါတယ် ။




Shared.com ဟာ အခမဲ့သိုလှောင်ခွင့်ပမာဏကို 100Gb ထူးထူးခြားခြားပေးထားတဲ့ နောက်ပိုင်းတက်သစ်စ-Start Up ကုမ္ပဏီတစ်ခုဖြစ်ပါတယ် ၊ အသုံးပြုရလွယ်ကူပြီး ဖိုင်တွေ ရှယ်တဲ့အခါကူးယူရတဲ့ Link က စာလုံးတိုတိုလေးဘဲဖြစ်နေတော့ Post တင်တဲ့အချိန် နေရာစား သက်သာလို့ အင်မတန်လုပ်ငန်းချောမွေ့စေပါတယ် ၊ ဖိုင်ကိုမြန်မာစာနဲ့နာမယ်ပေးလိုက်ရင်လည်း သူ့လင့်က ဒီလောက်တိုတိုလေးဘဲပြတာပါ ။


ကွန်ပျူတာ နဲ့ Browser မတူတဲ့အပေါ်မှာပြသနာမရှိပေမယ့် ဘယ်ဆားဗစ် က ဘယ်လောက်ကောင်းတယ်ပြောပြော မိုဘိုင်းလ်ဖုန်း ဖိုင်မျှဝေမှု-File Sharing မှာ စကားပြောလာပါပြီ ၊ iOS ပန်းသီးထုတ်ကုန်တွေမှာ တစ်ကြိမ်အဆင်ပြေရင် နောက်အကြိမ်အဆင်ပြေဖို့ရှိပါတယ် ၊ ခက်တာက လည်ပတ်မှုဆော့ဝဲရှုတ်ပွနေတဲ့ Android စံနစ်သုံးဖုန်းတွေပါဘဲ ၊ ပွင့်လင်းပြုပြင်စံနစ်-Open Source သုံးခွင့်ပေးထားတော့ ထုတ်လုပ်သူအမျိုးမျိုးက OS ကို ကိုယ့်ပရိသတ်အကြိုက် ကွန့်ပြီးထွင်ကြတဲ့အခါမှာ ခလောက်ဒ်ဆားဗစ်ဟာ Device ပစ္စည်းတိုင်းပေါ်မှာ အလုပ်လုပ်ဖို့မသေချာတော့ပါဘူး ၊ ဒါကြောင့်မို့လို့ မြန်မာသတင်းဂျာနယ်တိုက်တွေ သူတို့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ အပတ်စဉ်ဂျာနယ်တွေကို မတူတဲ့ခလောက်ဒ်ဆားဗစ်တွေနဲ့တင်ပေးကြပါတယ် ၊ မြန်မာ့နည်း မြန်မာ့ဟန် တစ်မျိုးနဲ့ ဆွဲလို့မရရင်နောက်တစ်မျိုးလှည့်သုံးလို့ရတာပေါ့ ၊ ဒါမှ အားလုံးအတွက် အဆင်ပြေတဲ့ မီဒီယာနယ်ပယ်ကြီးဖြစ်လာပြီး ပြည်ပရောက် မြန်မာများအတွက်ကလည်း အလွမ်းသယ်နိုင်မယ် မဟုတ်ပါလား ။

“ Cloud Services သို့မဟုတ် မိုးပေါ်ကလာတဲ့ အချက်အလက်များ ( ကိုယ်တွေ့ ) ” စာမူကို ၂ဝ၁၄ မတ်လ ( ၂၉ ) ထုတ် NetGuide နည်းပညာဂျာနယ် အမှတ် ( ၃ ) ၊ အတွဲ ( ၂၉ ) ၊ စာမျက်နှာ ( ၂၂ ) တွင်ဖော်ပြပါရှိသည် ။ Download Link: http://www.mediafire.com/download/7erc44ldc953c6j/Vol._3,_No._29.pdf




No comments: