ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 18, 2021

"ယုံကြည်စွာ ခိုလှုံရာ" အပိုင်းဆက်



 "ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၁။ #Asylum+#Refugee မိတ်ဆက်


          တချိန်တုန်းက အဆိုင်လန်ခံသူ၊ ခိုလှုံခွင့်တောင်းခံသူတွေဟာ အရင်ရောက်ပြီးနေသူတွေရဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံခံရတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေက ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာက ပစ်လာတဲ့မြှားကိုသာ အပြစ်အနေနဲ့ ရှုမြင်နေတာဖြစ်ပြီး ဘာကြောင့် ဒီလိုဖြစ်ကြတာလဲဆိုတဲ့ မြှားလာရာလမ်းကြောင်းကို ကျွန်တော် ရှာဖွေလေ့လာထားမိသလောက် ဒီနေ့ တင်ပြကြည့်ပါမယ်။

          တင်ပြပုံမှာ တစ်ခုခု ကျန်ရစ်ခဲ့ရင် ရေးသူရဲ့ အချိန်မလောက်မှု၊ တင်ပြပုံ အားနည်းမှုလို့ မှတ်ယူပေးပါ။ တကယ်မှန်နေရင်တော့ အခုချိန်ကစပြီး အမေရိကန်နိုင်ငံ အစိုးရရဲ့ လုံခြုံတဲ့အုပ်ချုပ်မှုအောက်ကို တိုးဝင်လာသူ ဖြူဖြူမည်းမည်း ဝါဝါညိုညို စိတ်မငြိုငြင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

          ခိုလှုံလာသူမှာ အစစအရာရာ အားနည်းနေတတ်ပါတယ်။ ငွေအား၊ ဓနအား၊ ဘာသာစကားအားနဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတွေမှာ အမြဲအားငယ်နေတတ်တာကြောင့် အမှုလျှောက်ဆဲကာလ၊ လူတွေ့စစ်ဆေးမှုရက်ချိန်းကို စောင့်နေတဲ့ကာလနဲ့ လက်ဗွေနှိပ်ပြီး တရားသူကြီးနဲ့တွေ့ဖို့ စောင့်ရတဲ့ ကာလတွေမှာ တရားဝင်ကတ်ပြားတွေနဲ့ ငွေကြေး၊ အစားသောက် အထောက်အပံ့တချို့ ပေးကြရပါတယ်။ မပေးထားရင် အစိမ်းသက်သက်ကြီး အမေရိကားလာသူက စစချင်း ဘယ်လိုမှ မရပ်တည်နိုင်ပါ။

ဒီငွေတွေကို အိမ်ဖြူတော်အစိုးရနဲ့ ခိုလှုံသူနေထိုင်တဲ့ ဖယ်ဒရယ်အစိုးရတို့က ကျခံရပါတယ်။

ဒီအစိုးရ အဖွဲ့တွေက ငွေဘယ်ကရသလဲ- အခွန်ထမ်းတွေဆီက ရပါတယ်။

ဘယ်သူက အခွန်ထမ်းတာလဲ- အရင်ရောက်နေသူတွေက အခွန်ပေးရပါတယ်။

          ဒါက ဖော်မြူလာပါ။ ဒါကြောင့် စကားဦးသန်းခဲ့တဲ့အတိုင်း "ငါတို့ဆောင်ထားတဲ့ အခွန်ငွေတွေ အလကားလာယူနေတယ်" လို့ ယူဆပြီး မကျေမနပ်ဖြစ်နေတာက အကြောင်းရင်း အဖြစ်မှန် ဖြစ်ကြောင်း အပိုင်း ၁။ အနေနဲ့ တင်ပြလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-18-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၂။ (ခိုလှုံခွင့်က ၅ မျိုးလား ၆ မျိုးလား) #Asylum#Refugee


နယ်စပ်လုံခြုံရေး (အမိမြေလုံခြုံရေး) DHS ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်မြေပေါ်ကို တရားမဝင် ဝင်ရောက်လာသူ၊ ခိုးဝင်လာသူ၊ နယ်စပ်ကျော်ဖြတ်လာသူ၊ ဗီဆာသက်တမ်းလွန် နေထိုင်သူတွေနဲ့ အခြေအနေပေါင်း မြောက်များစွာသောလူတွေကို ထိန်းသိမ်းခွင့်၊ ဖယ်ရှားခွင့်၊ လာရာတိုင်းပြည် ပြန်ပို့ခွင့် အထူးအာဏာရှိပါတယ်။

လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်မှုနဲ့ လွတ်လပ်ခွင့် (လွတ်လပ်ခွင့်မှာ အဓိပ္ပာယ်အများကြီးပါဝင်တယ်) တို့ဟာ အခြိမ်းခြောက်ခံနေရပြီဆိုရင် ဒီအာဏာတွေကို ဆန့်ကျင်ပြီး တရားသူကြီးက မဖယ်ရှားဘဲ နေခွင့်ပြုလို့ ရပြန်ပါတယ်။

အဲဒီထဲက တစ်ဦးတစ်ယောက်ဟာ သူ့ရဲ့
.
၁. လူမျိုးကြောင့်
.
၂. ကိုးကွယ်တဲ့ဘာသာကြောင့်
.
၃. ခံယူထားတဲ့နိုင်ငံသားကြောင့် အပြင်
.
ဒီလူဟာ
.
၄. လူမျိုးစုတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်နေ‌တာကြောင့် နဲ့
.
၅. နိုင်ငံရေးခံယူချက်ကြောင့် ဆိုတဲ့ အချက်အလက်တွေနဲ့ ထည့်သွင်းစဉ်းစားပါတယ်။

ဒီ့အပြင် အခြေခံ မူဝါဒတွေထဲက အကြမ်းဖက် တိုက်ခိုက်ရေးအုပ်စုထဲ ပါခဲ့တာ၊ အမေရိကန်နိုင်ငံကို ထိပါးအောင် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်တာတွေကြောင့် တရားသူကြီးက တဖန် ဖမ်းဆီး အချုပ်ချနိုင်ပါတယ်။

ခိုလှုံခွင့်တောင်းတဲ့ ဖောင်နံပါတ် I-589 https://cutt.ly/zbLlGMV ထဲမှာတော့
.
1.. Race
.
2.. Religion
.
3.. Nationality
.
4.. Political Opinion
.
5.. Membership in Particular Social Group အပြင်
.
6.. Torture Convention တို့ထဲက ခိုလှုံလိုသူ အခြိမ်းခြောက်ခံရသမျှကို အမှတ်ခြစ် လျှောက်ထားနိုင်ပါတယ်။

နောက်တစ်ခုက ဒီနိုင်ငံတွင်းရောက်ပြီး ၁ နှစ်မပြည့်ခင် Asylum လျှောက်ထားတာနဲ့ ၁ နှစ်ကျော်အောင် စောင့်ပြီးမှ လျှောက်ထားတာဟာ ဘယ်ဟာက အားသာချက်၊ အားနည်းချက်ရှိတယ်ဆိုတာမျိုး အမြင်မတူကြတာကို သတိထားလာမိတယ်။ ဒီအကြောင်းတွေက အွန်လိုင်းမှာ လေ့လာလေလေ၊ မြေပြင်မှာ နက်ရှိုင်းလာလေလေ အတွေးမတူ၊ အဖြေမတူ ဖြစ်နိုင်တာကြောင့် နောက်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပါအုံးမယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-20-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၃။ (အမေရိကန်နိုင်ငံ၏ ခိုလှုံသူကယ်ဆယ်ရေးတွင် ပါဝင်မှု) #Asylum+#Refugee


အမေရိကန်ပြည်ထောင်စုဟာ ဥရောပသမဂ္ဂနဲ့ ဂျာမဏီတို့နဲ့အတူ UNHCR အတွက် အများဆုံးအလှူရှင်စာရင်းမှာ ထိပ်တန်းကပါဝင်ပါတယ်။ လူသားချင်းစာနာမှုကြောင့်ပဲ ခိုလှုံသူတစ်ယောက်ဟာ အမေရိကန်အစိုးရရဲ့ ကာကွယ်မှုအောက်မှာနေဖို့ အရည်အချင်း ပြည့်မှီ မပြည့်မှီဆိုတာကို ဆုံးဖြတ်ဆောင်ရွက်ကြပါတယ်။

ခိုလှုံသူဟာ သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ပြီးပြီးရော လုပ်လို့မရဘဲ ပြည်ထောင်စုကချထားတဲ့ ဥပဒေတွေကို လိုက်နာဖို့လိုသလို နောက်ကြောင်းပြန်စစ်ဆေးခြင်းတွေကိုပါ ခံယူရမှာပါ။

အမေရိကန်ပြည်အတွင်းမှာ UNHCR က ခိုလုံသူကို စာရင်းမသွင်းပေးပါ။ ခိုလုံသူလျှောက်လွှာကို လက်ခံ မဆောင်ရွက်ပေးပါ။ ခိုလုံသူရဲ့စာရွက်စာတမ်းတွေကို မထုတ်ပြန်ပေးပါ။ သဘောက‌တော့ အမေရိကန်နိုင်ငံဆီသွားမယ့် ကိစ္စအဝဝကို ဒီအစိုးရရုံးဝန်ထမ်းတွေကသာ ကိုင်တွယ်ပြီး UNHCR က လက်နဲ့ မတို့တော့ပါ။

ဒါပေမဲ့ Refugee တစ်‌ယောက်ဟာ နိုင်ငံပြင်ပမှာ ရှိနေပြီး အမေရိကန်အောက် ခိုလှုံချင်တယ်ဆိုရင် အဖွဲ့အစည်း ၃ မျိုးထဲက တစ်ခုခုက ထောက်ခံပေးမှ ဖြစ်မြောက်မှာပါ။ အဲဒါတွေကတော့ ကမ္ဘာအရပ်ရပ်က UNHCR ၊ အမေရိကန်သံရုံးများနဲ့ အစိုးရမဟုတ်တဲ့လူမှုအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအသိအမှတ်ပြု သီးခြားနိုင်ငံတွေထဲက သီးခြားအဖွဲ့အစည်းတွေကတဆင့် ခိုလှုံမှုကို လျှောက်ထားနိုင်ပါတယ်။ ပိုကောင်းတာက မိမိရဲ့ သွေးသားရင်း- Anchor Relatives တစ်ယောက်ဟာ အမေရိကန်နိုင်ငံမှာ နဂိုကတည်းက ခိုလှုံသူဖြစ်ပြီးသားရှိရင် ပြန်လည်ပေါင်းစည်းရေး လဝက-USCIS စည်းမျဉ်းတွေနဲ့အညီ နောက်ကနေ လိုက်လျှောက်လို့ရပါတယ်။

အထက်ကဆိုခဲ့သလို ခိုလှုံမှုလျှောက်ထားသူ Refugee တစ်‌ယောက်ဟာ အမေရိကန်နိုင်ငံပြင်ပမှာ ရှိနေမယ်ဆိုပေမဲ့ အမေရိကန်ခိုလှုံမှုကိုင်တွယ်သည့်ပရိုဂရမ်-USRAP (United States Refugee Admissions Program) က အဲဒီလူရှိတဲ့နိုင်ငံတွေမှာ လိုက်ပါဆောင်ရွက်ပေးတဲ့ ကိစ္စတချို့ရှိနေပြန်ပါတယ်။

Refugee တစ်‌ယောက် အမေရိကားကိုဝင်ဖို့ နောက်ကြောင်းပြန် စစ်ဆေးရာမှာ မတော်တဆ ရာဇဝတ်မှု၊ ကျန်းမာရေးနဲ့ လုံခြုံရေးနောက်ခံတွေမှာ ‌မအောင်ခဲ့ရင် တစ်ခြား ခိုလှုံခွင့်ပေးမယ့် နိုင်ငံတစ်ခုခုကို ညွှန်ပေးဖို့ UNHCR ကို တောင်းဆိုနိုင်ပါတယ်။

To apply for asylum in the U.S., you must be physically present in the U.S. or be seeking entry into the U.S. at a port of entry. ဒီစာသားအရ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် Asylum တောင်းခံသူဟာ အနည်းဆုံး ပြည်ဝင်အဝ (နယ်စပ်၊ ရေဆိပ်၊ လေဆိပ်) ‌တွေမှာ ရောက်နေပြီးသား ဖြစ်ရမှာပါ။

ဒါကို Asylum-Seekers လို့ ခေါ်ပါတယ်။ စာရင်းအသွင်းခံရပြီး လျှောက်ထားချက်အဖြေကို စောင့်နေသူတွေ၊ အင်တာဗျူးဖြေဖို့ စောင့်နေသူတွေကို Asylees လို့ ခေါ်ပြီး ဒီဆောင်းပါးတစ်ပုဒ်လုံးမှာ ပြောခဲ့တဲ့ အမေရိကန်ပြင်ပက ဒုက္ခသည် (စစ်ပွဲရှောင်၊ အသက်ဘေးရှောင်၊ သဘာဝဘေးအန္တရာယ်ရှောင်) တွေကိုတော့ Refugee-ဘေးကင်းလိုသူ၊ ခိုဝင်လိုသူတွေသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ဒီအထိ ဖတ်လာပြီးရင်တော့ #Refugee နဲ့ #Asylum-Seekers ဘာကွာသလဲဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ။ တော်လှန်ရေးစာတွေကြားမှာ ဒီအကြောင်းတွေရေးရတာ ကျွန်တော့ဆီမှာ ရည်ရွယ်ချက် တိတိကျကျ ရှိပါတယ်။ အကြောင်းကတော့ စစ်အုပ်ချုပ်ရေးကို တော်လှန်သူတချို့ဟာ လွတ်မြောက်နယ်မြေ‌တွေကို ရောက်ရှိနေကြပြီး ဘယ်အကြောင်းအရာက ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။

မှတ်ချက်။

အမေရိကန်
Asylees 🔄 နိင်ငံအတွင်း🔄

အမေရိကန်
Refugees ⬅️ နိုင်ငံပြင်ပ ➡️

အရေးတော်ပုံ မကြာမီ မုချ အောင်မည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-21-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၄။ (ခိုလှုံသူတစ်ယောက်၏ခံစားခွင့်) #Refugee



ဒီအပိုင်းက တော်လှန်ရေးသမားတွေအတွက် အင်မတန်အရေးကြီးပါတယ်။
Refugees should receive at least the same rights and basic help as any other foreigner who is a legal resident, including freedom of thought, of movement, and freedom from torture and degrading treatment.

"ခိုလှုံသူတစ်ယောက်သည် အခြား အမြဲတမ်းနေထိုင်ခွင့်ရထားသူ-PR များကဲ့သို့ အ‌ခြေခံအခွင့်အရေးနှင့် အကူအညီများ တန်းတူရရှိစေပြီး လွတ်လပ်စွာတွေးခေါ်ခြင်း၊ လွတ်လပ်စွာလှုပ်ရှားသွားလာခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းမှ ကင်းလွတ်ခြင်းနှင့် နှိမ့်ချဆက်ဆံခြင်းမှကင်းလွတ်ခြင်းများကို ရရှိခံစားစေရမည်" တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။

ခိုလှုံသူဟု ယူဆရသူ Refugee တစ်ယောက်ဟာ အမေရိကန် လဝကမူအရ ၅ ချက် https://cutt.ly/KbLcBGb နဲ့ ကိုက်ညီရပါမယ်။

၁.. နိုင်ငံအပြင်ဘက်မှာ ရှိနေရမယ်

၂.. အမေရိကန်ပြည်ထောင်စုအတွက် လူသားချင်း စိုးရိမ်စာနာမှု သက်ရောက်ရမယ်

၃.. လူမျိုး၊ ဘာသာ၊ နိုင်ငံသား တစ်ခုခုကြောင့် (သို့) နိုင်ငံရေးအသင်းအဖွဲ့၊ လူမှုအသင်းအဖွဲ့ဝင် တစ်ခုခုကနေ အသက်ရန် ခြိမ်းခြောက်မှု ရှိနေရမယ်

၄.. တခြားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားသူ မဖြစ်ရဘူး

၅.. နောက်ကြောင်းစစ်ဆေးခံနိုင်ပြီး အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်နိုင်တဲ့ အရည်အချင်း ပြည့်မှီရမယ်- ဒါတွေပါပါတယ်။

Refugee တစ်ယောက်ရဲ့ ပထမဦးဆုံး မပါမဖြစ်က USRAP ရဲ့ ထောက်ခံချက်-Referral ဖြစ်တယ်။ ဟုတ်ပြီ အမေရိကန်ရုံးဌာနက အသိအမှတ်ပြု စာရင်းပေါက်ပြီဆိုရင် ဝမ်းသာလို့ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်ရောက်ဖို့ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်စခန်းတွေမှာ ထောင်သောင်းနဲ့ချီတဲ့လူတွေ မရောက်လှမ်းနိုင်သေးတဲ့ အဖန်ဖန်အလှန်လှန် စစ်ဆေးမှုတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ပြီးလို့ပါပဲ။

Referral ရထားပြီးတဲ့ ခိုလှုံသူကို ဖောင်ဖြည့်ဖို့နဲ့ ပြည်ပရောက် အထူးကျွမ်းကျင် အမေရိကန် လဝက ရုံးဝန်ထမ်းက အင်တာဗျူးပြီး ကိုယ်ရေးအချက်အလက်စုဆောင်းခြင်းတွေကို လုပ်ပေးခြင်းဟာ ပထမဦးဆုံးရတဲ့ အကူအညီဖြစ်ပါတယ်။ ဒီ‌အချိန်ကျမှ ခိုလှုံသူအဖြစ် လက်ခံ လက်မခံကို အဖြေထွက်မှာပါ။

Refugee တစ်ယောက်ဟာ မိန်းမ (သို့) ယောက်ျားနဲ့ ၂၁ နှစ်အောက်ကလေးတွေကို ခိုလှုံသူစာရင်းထဲ တပါတည်းထည့်သွင်းနိုင်ပြီး အင်မတန်နည်းပါးတဲ့ ကန့်သတ်ချက်ဖြစ်နိုင်ခြေတွေနဲ့ တခြားမိသားစုဝင်တွေကို အတူခေါ်သွားနိုင်ပါတယ်။ လိင်တူထိမ်းမြားခွင့်ကို ဥ‌ပေဒေနဲ့ ခွင့်ပြုထားတဲ့တိုင်းပြည်က Refugee တွေဟာလည်း ဒီခိုလှုံခွင့်ကို လျှောက်ထားနိုင်ပါတယ်။

ဒီထိမ်းမြားထားသူ Refugee ၂ ယောက်ဟာ တစ်နေရာထဲမှာ မရှိနေပေမဲ့ တရားဝင်ထိမ်းမြားမှုကို တိတိကျကျ သက်သေပြနိုင်ရင် တချိန်တည်း အမှုတွဲတင်၊ တချိန်တည်း အင်တာဗျူးထိုင်ပြီး အမေရိကားက တစ်နေရာတည်းမှာ အတူတူ အ‌ခြေချနိုင်အောင် ဆောင်ရွက်ပေးတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Refugee လျှောက်ဖို့ ဘာအခကြေးငွေမှ မကုန်ကျပါ။ လျှောက်ထားသူရဲ့ အချက်အလက်တွေကို အမေရိကန်အစိုးရက ခိုလုံသူ မူလထွက်လာခဲ့တဲ့ တိုင်းပြည်ကို ဘယ်တော့မှ အသိပေး မျှဝေသွားမှာ မဟုတ်လို့ ဆိုထားပါတယ်။ ကိုယ့်အလှည့်ရောက်ပြီဆိုရင်တော့ ဘာနောက်ကြောင်းမှ ပြန်မကြည့်ဘဲ စိတ်ချလက်ချ လျှောက်ကြပါ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-22-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၅။ (Refugee တစ်ယောက်၏ပထမဦးဆုံးနေ့များ) #Refugee




ခိုလှုံသူ Refugee တစ်ယောက်အနေနဲ့ အမေရိကန်အစိုးရက အသိအမှတ်ပြုပြီဆိုရင် ကျန်းမာရေးစစ်ပေးပါမယ်၊ မတူညီတဲ့ယဉ်ကျေးမှုကို မိတ်‌ဆက်ပေး၊ သင်တန်းပေးပါမယ်၊ ခရီးသွားဖို့ ခရီးစဉ်ဆွဲပေးပါမယ်၊ အမေရိကားကိုသွားဖို့ ခရီးစားရိတ်ကို ငွေချေးပေးပါမယ်၊ ဒီဘက်မြေကို ခြေချတဲ့အခါ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ ငွေအထောက်အပံ့ကို ပေးပါလိမ့်မယ်။

Security အဆင့်
______________ ဒီအဆင့်မှာ ခိုလှုံရေးစခန်းမှာရှိတဲ့ လူပုဂ္ဂိုလ်ကို ကနဦးစစ်ဆေးခြင်း-Pre-Screening လုပ်ပါမယ်။ ပြီးရင် အဲဒီလူရှိတဲ့ အမေရိကန်ပြင်ပနေရာမှာပဲ အမေရိကန် လဝက ဝန်ထမ်းက လူတွေ့စစ်ဆေးပါမယ်။ နောက်ဆုံးမှာတော့ လုံခြုံရေးနဲ့ စာရိတ္တနောက်ကြောင်း ရှင်းမရှင်း စစ်ဆေးပြီး လက်ဗွေနှိပ်တာပြီးရင် အမေရိကားကို ခရီးစထွက်နိုင်ပါပြီ။


Placement အဆင့်
_________________ ဒီအဆင့်ကို ကိုင်တာကျတော့ အမေရိကန်နိုင်ငံရဲ့ ဝန်ကြီးဌာန‌ဖြစ်တဲ့ လူဦးရေ၊ ခိုလှုံသူနဲ့ ပြည်ဝင်ပြောင်း‌ရွှေ့ခွင့်တွေကိုကိုင်တဲ့ Bureau of Population, Refugees, and Migration နဲ့ တိုက်ရိုက်ပတ်သက်လာပါပြီ။ လေဆိပ်တွေကနေ ကြိုပေးပြီး သူတို့ဟာ ခိုလှုံသူတွေကို ကြားက ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီ ၉ ခုထဲက တစ်ခုခုနဲ့ ချိတ်ဆက်ပေးတယ်။ သူတို့ဟာ ပြည်နယ် ၅ဝ အတွင်းမှာ နားခိုရာဌာနေ ၂၅ဝ ‌‌ကျော်ကို စီမံခန့်ခွဲလေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။

အဲဒီနေရာတွေမှာ ၁-၃ လ လောက်နေရတတ်ပြီး ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ခိုလှုံသူနောက်ဆုံးသွားချင်တဲ့ ပြည်နယ်နဲ့မြို့တွေကို ထွက်ခွာခရီးနှင်ဖို့ လမ်းကြောင်းတွေကို သင်ပေးပါတယ်။ ဒါကတော့ ပြည်တွင်းကို ရောက်လာမယ့် ခိုလှုံသူ၊ ခိုလှုံသူမိသားစုရဲ့ အမေရိကားရဲ့ နွေးထွေးစွာ ဆက်ဆံခံရခြင်း တစိတ်တဒေသ ဖြစ်ပါတယ်။


Transition အဆင့်
________________ လူ့ဘဝထဲကို အ‌ခြေချရင် ကျန်းမာရေးကောင်းဖို့လိုသလို အမေရိကားကို အ‌ခြေချရင် ငွေလိုပါတယ်။ ဒီ ၂ မျိုးလုံးကို အမေရိကန်ကျန်းမာရေးဌာနရဲ့ ဒုက္ခသည်နေရာချ‌ထားရေးဌာနက ထောက်ပံ့ပေးပါတယ်။

ကျန်းမာရေးစစ်တာကစလို့ အလုပ်ခွင်ဝင်ပုံဝင်နည်းတွေကို သင်ပေးတယ်။ အင်္ဂလိပ်စာမတတ်သူတွေကို အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအနေနဲ့ သင်ပေးတဲ့ ESL သင်တန်းတွေမှာ တက်စေတယ်။ အရင်တတ်လာသူတွေကိုလည်း ပိုမိုခိုင်မာအောင် ဘာသာစကားပေါင်းကူးစံနစ်နဲ့ စစ်ဆေးပေးတယ်။

မိုက်ခရိုစီးပွားရေး (အိမ်တွင်းမှု) လုပ်တတ်အောင် နည်းလမ်းပေးတယ်။ ပြန်လည်ထူထောင်ရေးကို သင်ကြားပေးတယ်။ ငွေရေးကြေးရေး စီမံခန့်ခွဲမှုသင်တန်းပေးတယ်။ တိုင်းရင်းသားအချင်းချင်း ဘယ်လို ပေါင်းစည်းနေထိုင်ရမယ်ဆိုတာ သင်ပေးတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အခြေခံကျကျ ဘယ်လိုရပ်တည်ရမလဲဆိုတာ သင်ပြပေးတယ်။

IDA-Individual Development Accounts လို့ခေါ်တဲ့ ဘဏ်စာရင်းဖွင့်နည်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်နည်းနဲ့ မိမိရဲ့ကိုယ်ပိုင်‌ငွေကို ဘယ်လိုကိုင်တွယ်ထိန်းသိမ်းရမယ်ဆိုတာတို့ကိုပါ တပါတည်း သင်ပေးလိုက်ပါတယ်။

ဒီ‌အဆင့်မှာ နောက်ထပ်အရေးကြီးတာတစ်ခုကို သင်ပေးလိုက်တာက ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်နည်းနဲ့ဆိုင်တဲ့ အသိတရားကို ဘယ်လိုမွေးထားရမယ်ဆိုတာက သိပ်ကောင်းတယ်။

ဒုက္ခသည်တစ်ယောက်ရဲ့ သူ့နိုင်ငံက မထွက်ပြေးခင် ခံစားခဲ့ရသမျှ အမေရိကန်အိပ်မက်မှာ အရိပ်မည်းကြီး နောက်ကလိုက်မနေအောင် စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးလိုက်တာကြောင့် သိပ်လိုက်ဖက်တဲ့ လူသားဆန်မှုလို့ မြင်မိပါတယ်။

လူကို လူလို ဆက်ဆံတဲ့ အမေရိကားဟာ ဘေးပေါင်းစုံ၊ ဒုက္ခပေါင်းစုံ၊ အန္တရာယ်ပေါင်းစုံကရှောင်လာတဲ့ ခိုလှုံသူတွေရဲ့ ယုံကြည်ရတဲ့ နားခိုရာ တစ်ခုပါ။ ဒါကြောင့်လည်း UNHCR ရဲ့ တတိယနိုင်ငံကို ခိုလှုံခွင့်ပေးထားတဲ့စာရင်းမှာ အမေရိကားကိုသွားရောက် အခြေချနိုင်ရေးဟာ လူတော်တော်များများရဲ့ နားကျည်းမှုတွေကနေ ပေါက်ဖွားလာတဲ့ လွတ်မြောက်နယ်မြေ ဖြစ်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-23-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၆။ (Refugee တစ်ယောက်၏အတွင်းပိုင်းနေ့များ) #Refugee




ခိုလှုံသူ Refugee တွေဟာ လူတစ်ဦးတစ်ယောက်တည်း ထွက်ပြေးရတာမျိုး၊ စစ်ရှောင်ရတာမျိုး မဟုတ်ပါ။ ဇနီးနဲ့ သမီးသားနဲ့ ကလေး‌ငယ်တွေပါတဲ့အခါ အမေရိကန်ဒုက္ခသည်ကယ်ဆယ်ရေးအလုပ်မှာ ORR-Office of Refugee Resettlement ဌာနကို လူကြီးမပါလာတဲ့ ကလေးအရွယ်ခိုလှုံသူတွေကို သီးသန့် ကိုင်တွယ်စေပါတယ်။

ORR ရဲ့ စာရင်းအရ ၂ဝဝ၃ ခုနှစ်ကနေ စကယ်တင်လိုက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးသီးသန့် ၄ဝ၉၅၅ဝ ဦး ရှိလာတယ်။ ORR ဟာ ကလေးတွေကို ကိုယ်တိုင်ဒဏ်ရာရအောင်လုပ်ခြင်းမှ၄င်း၊ တပါးသူက ဒဏ်ရာရအောင်လုပ်ခြင်းမှ၄င်း၊ လူမှုအသိုင်းအဝိုင်းကို ဒဏ်ရာရအောင်လုပ်ခြင်းမှ၄င်း၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းမှ၄င်း ကင်း‌ဝေးအောင် ထိန်းသိမ်းပျိုးထောင်တယ်လို့ ‌ဆိုပါတယ်။

ဒီလို အစီအစဉ်တွေရှိနေလို့ သမ္မတဒေါ်နယ်ထရမ့် လက်ထက်မှာ ကလေးတွေကိုသာခေါ်ထားပြီး မိဘတွေ၊ အုပ်ထိန်းသူတွေကို ပြန်ပို့ရုံမက နယ်စပ်ကခြံကွက်‌တွေထဲမှာ အပူထုတ်လွှတ်ပေးတဲ့ သတ္တုစောင်လေးတွေခြုံထားတဲ့ ကလေးတွေအများကြီးစုနေတဲ့သတင်းကို တီဗီမှာ တွေ့ဖူးကြမှာပေါ့။

ဒါကို ထရမ့်က မောင်းထုတ်ဖို့ လုပ်တာလေ။ မမောင်းထုတ်နိုင်ရင်တောင် နောက်ထပ်မလာဖို့ ‌‌‌ခြိမ်းခြောက်ထားလိုက်တော့ သိန်းနဲ့ချီတဲ့ လူအုပ်ကြီးကို တားလိုက်နိုင်တယ်။ အခု ဂျိုးဘိုင်ဒင်-ဟဲရစ် အစိုးရမှာလည်း ဒီကလေးအုပ်ကြီးကို ရွေးကောက်ပွဲ မဲဆွယ်တုန်းက ပေးခဲ့တဲ့ ကတိအတိုင်း အကုန်ပေးဝင် မပေးဝင်ဆိုတဲ့ အဝေဖန်ကို အကြီးအကျယ်ခံနေလေတယ်။

အမေရိကားမှာ ၁၉၈ဝ က ပြဌာန်းခဲ့တဲ့ Refugee Act က ပေးဖြတ်သန်းသမျှ ခိုလှုံသူဦးရေဟာ ၃၁ သိန်း ရှိပြီးနေပါပြီ။ ပြည်ဝင်ခွင့်ဥ‌ပဒေ- INA-Immigration and Nationality Act မှာကျတော့ အပိုဒ်ခွဲ ၂ဝ၇-under Section 207 of the INA နဲ့ အပိုဒ်ခွဲ ၂ဝ၈-under Section 208 of the INA တို့ ရှိပြန်ပါတယ်။

ဒီဆောင်းပါးအတွဲရဲ့ ထိပ်ပိုင်းမှာ ကနဦးပြောခဲ့သလို အမေရိကန်နိုင်ငံပြင်ပက ခိုလှုံခွင့်တောင်းခံသူဟာ Refugee (207) ဖြစ်ပြီး အကြောင်းရင်းတစ်ခုရှာပြီး အမေရိကန်မြေပေါ်ကိုရောက်မှ ခိုလှုံခွင့်လျှောက်သူဟာ Asylum (208) ဖြစ်တာကို မှတ်မိကြအုံးမှာပေါ့။

သို့သော်လည်း အမေရိကန်နိုင်ငံက စစ်ရေးအရ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့ အီရတ်နဲ့ ဆီးရီးယားတို့က ခိုလှုံသူတွေဟာ ဒုက္ခသည်စာရင်း မဝင်ပါဘူး။ သူတို့ဟာ အထူးပြောင်းရွှေ့ပြည်ဝင်ခွင့်- SIV-Special Immigrant Visa ကိုင်ဆောင်ခွင့် ရှိထားပါတယ်။

ဘယ်နည်းနဲ့လာလာ ခိုလှုံသူဆိုရင်တော့ USRAP ရဲ့ အောက်က ကြိုဆိုလက်ခံရေးနှင့် ပြည်လည်နေရာချထားရေးဌာန- Reception and Placement ရဲ့ ကြီးကြပ်မှုအောက်ကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-25-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၇။ (Refugee နေရာချထားရေးအဆင့်များ) #Refugee




အမေရိကန်အစိုးရ စာမျက်နှာရဲ့ ဖော်ပြချက်အရ ခိုလှုံသူ Refugee အများစုဟာ သူတို့ရဲ့ဆွေတွေ မျိုးတွေက အမေရိကားမှာ ရှိကြတယ်ဆိုတာ သိရတယ်။ ဒီလိုလူအုပ်ကြီးကိုကျတော့ ပြန်လည်နေရာချထားရေး-R&P-Reception and Placement ဌာနက သူတို့အမျိုးရှိတဲ့နေရာတွေနဲ့ ချိတ်ဆက်ပေးလိုက်ရတော့ သက်သာတယ် ပြောရမယ်။

ကျန်တဲ့လူတွေကိုကျတော့ သူတို့တတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ပညာရေးစွမ်းအားတွေအပေါ်မူတည်ပြီး ကြီးမားအောင်မြင်နိုင်ခြေရှိတဲ့ နေရာဒေသတွေကို ပို့ပေးတယ်လို့ ရေးထားပါတယ်။

R&P က Refugee တစ်ယောက်ကို အမေရိကန်‌မြေပေါ်နင်းပြီး ၃ လအတွင်း ပြန်ပေးစရာမလိုတဲ့ ငွေသားအထောက်အကူ ၁ ကြိမ် ပေးပါတယ်။ တချို့စင်တာတွေမှာ အစိုးရအထောက်အပံ့ပေါ်မူတည်ပြီး အသုံးအဆောင်နဲ့ ငွေသားပေးတယ်လို့ သိရတယ်။ ဒီနေရာမှာ ထပ်ခါ ထပ်ခါ ရှင်းအောင် ပြောချင်တာက Asylum သမား Asylees တွေဟာ ဒီမြေကိုရောက်ပြီးသားဖြစ်လို့ ဒီအဆင့်တွေမှာ အကျုံးမဝင်ပါဘူး။ ဒါဟာ Refugee အတွက် ဖြစ်ပါတယ်။ မရှုတ်စေချင်ပါဘူး။

Refugee တစ်ယောက် အမေရိကားရောက်ပြီဆိုရင် R&P က အရာရှိနဲ့ စတွေ့ရမှာပါ။ မိသားစု၊ သူငယ်ချင်းနဲ့တွေ့ဖို့ အခွင့်အရေးလည်း ရှိပါတယ်။ ဒီ့နောက်မှာ သူတို့နေရမယ့် နေရာမှာ အစားအသောက်၊ အဝတ်အထည်နဲ့ အခြေခံလူသုံးကုန်တွေကို ဖြည့်ဆည်းပေးပါတယ်။ ကလေးသူငယ်နဲ့ လူငယ်ဆိုရင် ကျောင်းအပ်ပေးတယ်။ အလုပ်လုပ်နိုင်သူဆိုရင် အလုပ်ဆင်းဖို့ သင်တန်းပေးတယ်။ SSN ကတ် လျှောက်ပေးတယ်။

အင်္ဂလိပ်စကားမရသူဆိုရင် ဘာသာပြန်အဖွဲ့၊ လူမှုအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတယ်။ လိုရင်းကတော့ အမေရိကန်မြေပေါ် ရောက်ပြီးတာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်တည်နိုင်ဖို့ လုပ်ဆောင်ပေးကြပါတယ်။

ဒါကြောင့် အလုပ်လုပ်ပိုင်ခွင့်ကတ်ပြား- ဝေါ့ပါမစ်-Employment Authorization Document ကို ရောက်ရောက်ချင်းထုတ်ပေးပြီး အမေရိကန် ကုမ္ပဏီယန္တရားရဲ့ ခွေးသွားစိတ်ကလေးတွေဖြစ်အောင် အမြန်ဆုံး အလုပ်ဝင်နိုင်ရေး ဆောင်ရွက်ပေးကြပါတယ်။

R&P ဟာ လုပ်ပိုင်ခွင့်က ၃ လ အကန့်အသတ်ရှိတာကြောင့် ဒီ့ထက်ပိုနေရတဲ့ ခိုလှုံသူတွေဟာ နောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘာသာစကားအခက်အခဲဖြေရှင်းရေး၊ အလုပ်ရရေးနဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ရုံးကိစ္စတွေမှာ လုပ်ဆောင်တတ်ရေးတို့ကို အစိုးရဌာနကြီးတွေဆီကို တာဝန်လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီကနေ အောင်နိုင်သွားသူတွေကတော့ မိမိအမျိုးတွေ ရှိရာကို ပြောင်းနေနေ၊ သူငယ်ချင်းတွေ ရှိရာဒေသကို အခြေချချ၊ ဒေါင်ကျ ပြားကျ လှပမယ့်ဘဝကို ပုံဖော်ခွင့်ရကြပြီပေါ့ဗျာ။

တကယ်ပြန်စဉ်းစားကြည့်ရင် အမေရိကားဟာ သူ့အကျိုးသူပဲကြည့်ရင် ဘယ်ဒုက္ခသည်၊ ဘယ်ခိုလှုံသူ‌ကိုမှ "ကယ်တင်စရာမလိုဘူး" လို့ တွေးလို့ရသလို "ကယ်တင်ရမှာပေါ့" လို့ ပြောသူတွေကလည်း ရှိနေပါတယ်။ သူတို့ဟာ ငါတို့နိုင်ငံထဲကို ဘာပညာမှမတတ်၊ ဘာဓနဥစ္စာမှ မယူလာ၊ ဘယ်လိုကောင်းတဲ့ အနာဂတ်ကိုမှ မျှော်လင့်လို့မရ၊ ငါတို့ရဲ့ လုပ်အားနဲ့ရင်းပြီး ဆောင်ထားတဲ့ အခွန်တွေကို လာသဲ့ယူဖို့ ကြိုးစားနေသူတွေ၊ သူတို့ကြီးလာရင်လည်း ပင်စင်တွေ ထိုင်စားတဲ့အထိ အစိုးရက ထောက်ပံ့ရအုံးမှာလို့ တွေးသူတွေရှိကြတယ်။

ဒီလူတွေဟာ ကယ်တင်စရာ မလိုဘူးလို့ ခံယူချက်ရှိသူတွေပေါ့။

နယ်စပ်ကလူ‌တွေက သူတို့ဘဝ တိုးတက်ဖောက်ထွက်ဖို့ အမေရိကားမှာ အလုပ်လုပ်ချင်ကြတယ်။ ဒီလူတွေထက်စာရင် တကယ့်စစ်မျက်နှာပြင်တွေက ကလေးသူငယ်၊ အမျိုးသမီးမိခင်တွေနဲ့ လူငယ် လူရွယ်တွေရဲ့ဘဝဟာ အဆပေါင်းများစွာ ဆိုးရွားကြမ်းတမ်းကြတယ်။ ဒီလူတွေဟာ အမေရိကားရောက်လာရင် ဘာအလုပ်မှ မရွေးကြဘူး။ တူပေ ဒဏ်ပေခံလို့ အခြေခံအလုပ်ကြမ်းက လုပ်သားလိုအပ်ချက်ကို ဖြည့်စွမ်းပြီးသား ဖြစ်သွားတယ်။

ဒါက ကယ်တင်ဖို့လိုတယ်လို့ တွေးသူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း။

တနည်းအားဖြင့် နိုင်ငံရေးအရ လိုအပ်ချက်ကြောင့် ဒီဒုက္ခသည်ကယ်ဆယ်ရေးစင်တာတွေဖွင့်တာကို နားလည်စေချင်တယ်။ တကယ် အခက်အခဲဖြစ်သူတွေအတွက် အမေရိကားဟာ ယုံကြည်စရာ နားခိုရာဖြစ်တယ်။ လက်နက်ရောင်းချင်လို့ စစ်ရေးမှာ ဝင်စွက်။ နောက်ဆုံးမှာ ဒုက္ခသည်တွေကို ပြည်တွင်းမှာ လက်ခံ။ ဒါက အမ်ကယ်ဆမ်။ UNHCR က လက်ခံ လက်မခံက ပြောင်းရွှေ့ပြီး ဘဝဆက်ဖို့ကြိုးစားနေတဲ့ မိတ်ဆွေရဲ့ "ကံ" ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-27-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၈။ (Asylee ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား) #Asylum




Asylum-Seekers တွေဟာ နိုင်ငံတစ်နိုင်ငံက ဒုက္ခသည်လျှောက်ပြီးလာသူ Refugee တွေနဲ့ လာပုံလာနည်းချင်း မတူပါဘူး။ Refugee က လျှောက်ပြီးမှ လာရတယ်။ Asylum က လာပြီးမှ လျှောက်ရတယ်။ ရှုတ်သွားပါသလား။ အပေါ်မှာလည်း အကြိမ်ကြိမ်အခါခါ ရှင်းပြခဲ့ပါတယ်။

ခိုလှုံခွင့်တောင်းခံသူကို Asylum-Seekers လို့ ‌ခေါ်ပါတယ်။ ခိုလှုံခွင့်လျှောက်ထားသူ၊ ခိုလှုံခွင့်ကျဖို့ စောင့်ဆိုင်းနေသူကို ခေါ်တော့ Asylees ပါ။ ဒုက္ခသည်ကိုတော့ Refugees လို့ ခေါ်ပြန်ရော။ တစ်ခုကွာတာက "အမေရိကန်ပြည်ထောင်စုထဲရောက်နေသူက" လျှောက်ထားနိုင်တာက Asylum ပါ။ "အမေရိကန်နိုင်ငံပြင်ပက" ခိုလှုံခွင့်တောင်းခံသူဆိုရင် ဒါ Refugees ဖြစ်သွားပါပြီ။

A Grant of Asylum ကို ဘောင်ဝင်ဖို့ လူပုဂ္ဂိုလ်တစ်ဦး၊ မိသားစုတစ်စုဟာ အမေရိကန်‌‌မြေပေါ်မှာ ခိုကပ်နေဖို့ လိုပါတယ်။ အကြောင်းတစ်ခုနဲ့ ပြန်ထွက်သွားမိရင် ပြန်ဝင်လာလို့ မရတော့ပါဘူး။

Asylum-Seekers တွေဟာ နိုင်ငံထဲကို ကြိုရောက်နေသူတွေ ဖြစ်တာကြောင့် State Department ရဲ့ တရားဝင်ဖော်ပြမှုထဲမှာ ကျောင်းသားဗီဆာနဲ့ ဝင်လာသူ၊ နယ်လှည့်ခရီးသွားဗီဆာနဲ့ ဝင်လာသူ၊ စီးပွားရေး အကြောင်းပြချက်နဲ့ ဝင်လာသူအပြင် ဘာစာရွက်စာတမ်းမှမရှိဘဲ ဝင်လာသူ၊ နယ်စပ်အပေါက်ဝ (လေ‌ဆိပ်/ရေဆိပ်/နယ်စပ်ခိုးဝင်) ကနေ ဝင်လာသူတွေကို ခေါ်ဆိုတဲ့အကြောင်း "Asylees do not enter the United States as refugees. They may enter as students, tourists, businessmen, or even in undocumented status" ဒီလို ရေးထားပါတယ်။

အဆိုပါနေရာတွေရောက်မှ "ငါ Asylum တင်ချင်တယ်" ဆိုတဲ့ ဇာတ်လမ်းကို အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်က စကြရတာပါ။ ဒါကြောင့် Asylum တင်တာ တရားမဝင်ဘူး၊ အလည်နဲ့လာတာဟာ အိုဗာစတေးနေဖို့ လမ်းကြောင်းရှာတာလို့ ဘယ်သူတွေ ဘာပြောပြော အမေရိကန်အစိုးရကိုယ်တိုင်က "ဒီလိုလုပ်ပါလို့ မပြောရုံကလွဲပြီး" ၊ "ဒီလိုလူတွေက Asylum လျှောက်ကြတယ်" လို့ တရားဝင်လက်ခံထားတာကို မြင်အောင်ကြည့်ကြပါ။ ဥပဒေက တရားဝင်ခိုလှုံခွင့်ပေးထားတာကို ဘယ်သူက တရားမဝင်ဘူးလို့ နှိမ်ချင်နေကြတာလဲ။

ဒီ Asylum တင်ဖို့ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာတဲ့အချိန်ရဲ့သက်သေ U.S Custom and Border Protection ဌာနက ထုတ်ပေးတဲ့ကတ်ပြား ဖြစ်တဲ့ Arrival/Departure Record- I-94 လက်မှတ်ကို သိမ်းထားပါ။ တရားဝင် မဖြစ်မချင်း ဒီစာရွက်လေးတစ်ရွက်က ပြည်ဝင်ခွင့်သမိုင်း အချက်အလက်များစွာကို သက်သေခံပါတယ်။

အမှန်ကတော့ အလည်ဗီဆာနဲ့ ဝင်ခဲ့လို့ လူတိုင်းက ခိုလှုံခွင့်လျှောက်ကြမှာမှ မဟုတ်ကြတာ။ တချို့မှာ ဒီ I-94 စာရွက် ဘယ်ရှိပါ့မလဲ။ မပူပါနဲ့။ အမေရိကားရောက်လို့ လည်ချင်ရာလည်ပြီး မပြန်တော့ဘူးဆိုရင် I-94 ကို https://cutt.ly/bb7gmfx ဒီမှာ ပြန်လျှောက်လို့ရပါတယ်။

I-94 ထဲမှာ
___ ဂဏန်း ၁၁ လုံးပါတဲ့ Admission Record Number

___ ဝင်လာတဲ့ရက်စွဲ-Most Recent Date of Entry

___ ဝင်လာတဲ့ဗီဆာအမျိုးအစား-Class of Admission

___ ဗီဆာသက်တမ်း-Admit Until Date

___ နာမည်

___ မွေးနေ့သက္ကရာဇ်

___ ပါ့စပို့နံပါတ်

___ ပါ့စပို့ထုတ်ပေးတဲ့နိုင်ငံ

ဒီအချက်အလက်တွေဟာ အားလုံး စာရွက်တစ်ရွက်ထဲမှာ အကုန်ပါနေတာပါ။ ဒီစာရွက်ကပဲ မိတ်ဆွေ Asylee တစ်ယောက်ရဲ့ အနာဂတ်ကို ပြည်ဝင်ခဲ့တဲ့အထောက်အထားတွေကနေ ကောင်းမွန်တဲ့ တရားဝင် အနာဂတ်ကို ချောချောမွေ့မွေ့ ခေါ်ဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-28-2021


"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၉။ (Asylee တစ်ယောက်ရဲ့လုပ်ငန်းစဉ်) #Asylum



Asylum Process မှာ ထိပ်ဆုံးဖောင်တင်ပြီးရင် အလုပ်လုပ်ခွင့် EAD ကတ် ရပါမယ်။ အများအားဖြင့် Asylum တင်ပြီး ၃ လအတွင်း A နံပါတ် ရနိုင်ပါတယ်။ နောက် ၁ လ မှာ လက်ဗွေနှိပ်နိုင်ပါတယ်။ နောက်များမကြာခင် အင်တာဗျူးဒိတ် ရနိုင်ပါတယ်။ ‌နောက်ဆက်တွဲ လုပ်ဆောင်ရန်တွေကြားမှာ ဒုတိယအင်တာဗျူးပြီးလို့ Asylum အောင်မြင်သွားရင် ၁ နှစ်အတွင်း Green Card လျှောက်ခွင့်ရှိပါတယ်။ ဒါက ၁ နှစ်ကနေ ၃ နှစ်အထိကြာတတ်တဲ့ ကိစ္စကို အားလုံးအဆင်ချောသယောင်ယောင် စာတစ်ကြောင်းထဲနဲ့ အပြီးရေးထားတာ။

အဲဒီ Green Card ဟာ ယာယီကတ်မဟုတ်ပါ။ သက်တမ်း ၁ဝ နှစ်ရှိပြီး ဆက်တိုက်နေထိုင်မှု-Residency ၅ နှစ်ဆက်တိုက်ရှိရင် အမေရိကန်နိုင်ငံသားဖြစ်ဖို့ Neutralization Test ဖြေပြီး ကျမ်းကျိမ်လိုက်တာနဲ့ အများနည်းတူ မဲပေးခွင့်ရတဲ့ နိုင်ငံသားအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အမေရိကားရောက်ပြီး ၁ နှစ်အတွင်း Asylum တင်ရင် မိမိကသာ ရုံးကိစ္စအကုန်လုပ်တတ်ရင်၊ ပြည့်စုံအောင် လုပ်နိုင်ရင် ရှေ့နေမပါဘဲ တင်သူတွေ ရှိပါတယ်။ အမှားအယွင်းရှိရင်လည်း ရုံးက လိုအပ်ချက်ကိုပြင်ဖို့ စာပို့တာကြောင့် စာသွား စာလာတွေကို ဂရုစိုက်ရပါမယ်။ ဒီအမေရိကန်မြေပေါ်ရောက်တဲ့ရက်ကစ ၁ နှစ်ကျော်သွားသူမှာ Asylum လျှောက်လို့ မရတော့ပါဘူး။

ဒီအောက်မှာတော့ လျှောက်ရမယ့်ဖောင်နံပါတ်တွေကို သတ်သတ်စီဖွင့်ဖတ်နိုင်ပါတယ်။

Asylum လျှောက်ဖို့ဖောင်- I-589, Application for Asylum and for Withholding of Removal $50 - https://cutt.ly/Lnimjzl

လက်ဗွေနှိပ်ဖို့ကတ်ပြား- FD-258 Fingerprint Card- https://cutt.ly/SnimbkV

အလုပ်လုပ်ခွင့်ဖောင်- I-765, Application for Employment Authorization $410- https://cutt.ly/9nimITP

Social Security Card လျှောက်ဖို့ဖောင်- https://www.ssa.gov/forms/ss-5.pdf

Green Card လျှောက်ဖို့ဖောင်- I-485, Application to Register Permanent Residence or Adjust Status $1130- https://cutt.ly/9nimJnA

ရောက်ရှိ/ထွက်ခွာ I-94 ကတ်ပြားဖြည့်ဖို့နေရာ- https://cutt.ly/inimXPb

Over Stay အတွက် တင်ရန် ဖောင်- I-601 $1010/$960- https://cutt.ly/Fnim6kH

Refugee Travel Document ခရီးသွားခွင့်ဖောင်- I-131 $590- https://cutt.ly/DniQyEy

အိမ်လိပ်စာပြောင်းတဲ့ဖောင်- AR-11-- https://cutt.ly/SniQoRk


အားနည်းချက် အားသာချက်
________________________ Asylum-Seeker တစ်ယောက်ရဲ့ဘဝဟာ Refugee လောက် မငြိမ့်ပါဘူး။ Refugee က ရေမီးအစုံ၊ အခြေချစရာ၊ အစိုးရအထောက်အပံ့နဲ့ သင်တန်းနဲ့ Status အပါ လာရတာ ဖြစ်ပြီး Asylum-Seeker တစ်ယောက်က ဒီမြေပေါ်ရောက်မှ Status ရဖို့ အစကနေ ပြန်ကြိုးစားရတာ ဖြစ်ပါတယ်။


အားသာချက် အားနည်းချက်
________________________ Asylum-Seeker က ဒီမြေကို အရင်ရောက်ပြီးမှ တရားဝင်မှုကို နောက်မှ ရှာရတာဖြစ်ပြီး Refugee က ပြည်ပမှာကတည်းက တရားဝင်ဖြစ်ခဲ့ပေမဲ့ မိမိအလှည့်ကျဖို့ ကာလ‌ရှည်ကြာ စောင့်ဆိုင်းရလေ့ ရှိပါတယ်။


ဒါပေမဲ့ ဒီ ၂ မျိုးလုံးဟာ ခိုလှုံသူတွေသာဖြစ်ပြီး အစိုးရစာမျက်နှာမှာ "You must meet the definition of a refugee in order to be eligible for asylum" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို အရှိအတိုင်း တင်ပြလိုက်ပါတယ်။

အောင်‌မြေနင်း၍ အောင်ပန်းကိုဆင် စစ်အုပ်စုကို အမြစ်က ဖြတ်ချနိုင်ပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-29-2021








1 comment:

Anonymous said...

ခုလိုတွေဖတ်ရတာ ဝမ်းသာပါတယ်ဆရာ
ဒါပေမဲ့တခုသိချင်တာက အလည်နဲ့ဝင်ပြီး Asylum ​လျှောက်ထားမယ် အဆိုးဆုံးအခြေနေဘာတွေဖြစ်သွားနိုင်သလဲ တချက်လောက်ဖြေကြားပေးပါဗျာ