ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, June 21, 2014

" ထင်းရူးမြေမှသည် ဗန်ကျူးရာသို့ " ( ဖြစ်ရပ်မှန် )

ဆောင်းပါးရှင် - ကလောင်စေတနာ

        ရာသီဥတုက ခပ်အေးအေး လေက တဟူးဟူးနဲ့တိုက်နေတာ ကျမ ရင်ကို မအေးစေနိုင်ပါဘူးရှင် ။ ကျမ က ဒီနိုင်ငံရောက်တာလည်းမကြာသေးဘူး ၊ ကား က လည်း မမောင်းတတ် မောင်းတတ် နဲ့ ရောက်ခါစ မြို့ Daly City မှာ အမျိုးသားဖက်က အမျိုးတွေ ကူညီလို့ တော်ပါသေးတယ် ။ ဆေးရုံလည်းရောက်ရော ဆရာဝန် နဲ့ မတွေ့ရသေးဘူး ၊ ကောင်တာ - Front Desk က ဝန်ထမ်းက ဘာကျန်းမာရေးအာမခံ - Health Insurance လဲ မေးတာနဲ့ ဖေါင်ဖြည်င့်္ရတာတွေ အကြာကြီး ။ ဒီမှာ ကလေးက သတိလစ်နေတာလေ ၊ ပြောသာ ပြောရတာ သိပ်တော့မစောင့်လိုက်ရပါဘူး ၊ အရေးပေါ်ဋ္ဌာန က ကျမ သားလေး ဘာဖြစ်လဲဆိုတာ ရောဂါရှာဖွေဖို့ သွေး စဖောက်တယ် ။ အချိန်သာကုန်သွားတယ် သူတို့ရောဂါ မတွေ့ပါ ။ ဒါနဲ့ ကလေး ကို သူတို့တတ်နိုင်တာလေးတွေ ပြုစုပေးလိုက်ပြီး ကျမ နဲ့ အမျိုးသားတို့ အိမ်ပြန်ခဲ့ကြတယ် ။


         နောက် ( ၂ ) နာရီကြာတော့ ကလေး က သတိလစ်သွားပြန်ရော ။ အမလေး ပြေးရပြန်ပြီ ။ ဒီတခါတော့ ကပ်လျက်မြို့ ဆန်ဖရန်စစ္စကို က ဆေးရုံကြီးကို သွားခဲ့တယ် ။ အဲဒီမှာလည်း ထိုနည်းနှင်နှင် ပဲ ၊ ရောဂါရှာမတွေ့ပြန်ဘူး ။ အသက် က ( ၁၂ ) နှစ်ဆိုတော့ သတိတော်တော်ရှိပါသေးတယ် ။ ဟိုလူလာ သွေးဖောက်လိုက် ဒီလူလာသွေးဖောက်လိုက် နဲ့ ဘာရာထူးတွေလဲတော့မသိဘူး လာတဲ့ အပ်ကိုင်ထားသူတွေက အများကြီးပဲ ၊ ဆရာဝန်တွေ ရော သူနာပြုတွေရော စုံလှပါတယ် ။ ကလေးရဲ့စိတ် က ဘယ်လောက်တောင်ဖြစ်သွားသလဲဆိုရင် အမှိုက်သိမ်းတဲ့ အလုပ်သမား - Janitor လာပြီး အမှိုက်သိမ်း သန့်ရှင်းရေးလုပ်တာကို သွေးဖောက်ဖို့ထင်ပြီး သူ့လက်ကလေးကို ဆန့်ထုတ်ပေးပါသတဲ့လေ ။ ခက်တော့ နေပါပြီ ၊ ဒီ " လူခဲ " တွေလဲ ကလေးရောဂါရှာမတွေ့ပြန်ဘူး ။ ဒုက္ခတော့ရောက်ပြီထင်တယ် ။ ကျမ တောင်ပေါ်သူပါ ၊ ဓနု သံ နဲ့ ပြောတာ နားလည်ပါတယ်နော် ။





                   စတင်းဖို့ကလေးအထူးကုဆေးရုံ - Stanford Children Hospital ကို ရောက်တော့ အမှန်အတိုင်းပြောရရင် ကျမ ဘာပဲ လုပ်ပေးရပါစေ ၊ ကလေး နေကောင်းရင်တော်ပါပြီလို့ ရင်နင့်အောင် စိတ်ပိုင်းဖြတ်ထားပြီးပြီ ။ အခုရောက်တဲ့နေရာကလည်း သိပ်မထူးဘူးထင်ပါတယ် ။ ဆေးရုံတက်တာ ( ၁ ) လကျော်လာတော့ စိတ်မလျှော့ပေမယ့် သိပ်အားမရှိဘူး ။ ဆရာဝန်တွေက သူတို့လုပ်ရမယ့်အလုပ်တော့ လုပ်နေကြတာပဲ ။ တစ်ခါအဖျားတက်လိုက်ရင် ( ၁ဝ၄ံ ) ၊ ဘယ်ခံနိုင်မလဲ ။ ကလေး မညည်းအောင်လို့ သူနာပြုတွေက တီဗွီဂိမ်း ကို လှည်းပေါ်တင်ပြီး လာပို့ပေးတယ် ။ သံပုရာရည် လည်း ခဏ ခဏ တိုက်တယ် ။ သား ရဲ့ ကံပေါ့ ၊ ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူးဆိုတာ နားလည်ပါတယ် ။ သွေး ခဏ ခဏ ဖောက်ခံရတဲ့ သားလေး က မျော့မျော့လေးပဲ ကျန်တော့တယ်လေ ။ ဘယ်လိုကံတွေကြောင့် ဒီလိုဖြစ်နေရတာလဲ ။


တစ်နေ့သောမနက် ( ၉ ) နာရီမှာ ဆရာဝန်တွေ အစည်းအဝေးထိုင်တယ် ။ ကျမ ရင်တွေအရမ်းခုန်နေမိတယ် ။ ဒီထက်ပိုပြီင်္းတော့မခံစားပါရစေနဲ့ ။ ဘယ်လိုမှ မထူးခြားတော့ဘူးဆိုရင် ကျမ သားလေးကို အိမ်ပြန်ခေါ်သွားပါရစေ ။ ကျမတို့ကို အေးအေးဆေးဆေး အိမ်ပြန်ခွင့်ပြုပါတော့လို့ ဆရာဝန် ကို စိတ်ထဲကနေ ခွင့်တောင်းနေမိတယ် ။ ထင်တဲ့အတိုင်းပါပဲ ဆရာဝန် က " ခင်များတို့ အိမ်ပြန်လို့ရပြီ ၊ ကလေးကို ပါ ခေါ်သွားမယ်ဆို ခေါ်သွားလို့ရပါပြီ " တဲ့ ။ ထင်သားပဲ ၊ မှန်းထားတဲ့အတိုင်းပါပဲလား ။ သားလေး ရေ မေမေ နဲ့ အိမ်ပြန်နားကြရအောင်နော် ၊ သားလေး သိပ်ပင်ပန်းနေပြီ ၊ မျက်နှာမှာ သွေးမရှိတော့တဲ့ သူခန္ဓာကိုယ်ပေါ့ပေါ့လေးကို ချီလိုက်တဲ့အချိန် လုံးဝ မမျှော်လင့်တဲ့စကားကို ဆရာဝန် က ထပ်ပြောပါတယ် ။ " ကလေး ရဲ့ ရောဂါကို ကျွန်တော်ရှာတွေ့ပြီ ၊ ဆေးဆက်ကုဖို့ ရက်ချိန်းယူသွားပါ " တဲ့ ။ အမလေး - ဒါ ဘုရားကယ်တာ ၊ တကယ် ဘုရား မ, တာ ပါရှင် ။ သားလေး မျက်လုံးမှာ အရောင်တွေ လင်းလက်သွားတာ ကျမ မြင်လိုက်တယ် ။ ကျမ မပျော်နိုင်သလိုကြီး ဖြစ်နေတယ် ။ သူတို့ကုနိုင်မယ်ဆိုတာ ဟုတ်ပါ့မလား ။ သူဖြစ်နေတာက အသက်ကြီး ( ၄ဝ ) ကျော် ( ၆ဝ ) တွေမှာ အဖြစ်များတဲ့ Arthritis ရောဂါတစ်မျိုးဖြစ်တယ်လို့ ဆရာဝန် က ဆက်ပြောတယ် ။ သားလေး ရေ … အားတင်းထားနော် ၊ သား ရဲ့ ရောဂါကို ကုလို့ရတော့မယ် တဲ့ ။ ကျေးဇူးတင်လိုက်တာရှင် ။


မြန်မာနိုင်ငံမှာကတည်းက မာသာကျောင်းကပေးတဲ့ နာမယ် “ လောရင့်အောင် ”  Laurance Ng ကိုပဲ ကျောင်းမှတ်ပုံတင်မှာ စာရင်းပေးသွင်းခဲ့တယ် ။ ကျောင်းစထားတဲ့ ( ၅ ) တန်း မှာ ဘာမှမဖြစ်သေးဘူး ၊ ( ၆ ) တန်းမှ ( ၂ ) နာရီ တစ်ကြိမ် သတိလစ်ပြီး ထူးဆန်းတဲ့ ရောဂါရဲ့ ခြောက်လှန့်မှုကို ခံခဲ့ရတာ ။ သူငယ်ချင်းတွေရလာတဲ့အခါမှာ သူ့တွန်းလှည်းလေးကို ဝိုင်းတွန်းပေးကြတယ် ။ မသန်မစွမ်း အထူးအရေးပေးခံရတဲ့နိုင်ငံဖြစ်နေလို့ သားလေး အတော်ကံကောင်းပါတယ် ။ သူ့မှာ အားနည်းချက်ရှိပေမယ့် အမြဲ A ရနေတာက သချာင်္ ဘာသာရပ်ပါ ။ သူငယ်ချင်းတွေက စာကူးပေးတယ် ။ အိမ်ကို စာအုပ်လာပို့ပေးတယ် ။ သူ့ကျောပိုးအိပ် သယ်ပေးတယ် ။ သူ့ကို ဝိုင်းချီမ, အောက်ချပေးတယ် ။ သား က စကားနည်းပြီး တစ်ခါ တစ်ခါ စိတ်ကြီးတာ က လွဲရင် သူ့သူငယ်ချင်းတွေကို ချစ်ပါတယ် ။ သူငယ်ချင်းတွေကလည်း သူ့အပေါ်ပြန်ပြီးအနွံတာ ခံသလောက် အရမ်းကို ချစ်စရာကောင်းတဲ့ နိုင်ငံသားလေးတွေပါရှင် ။ 




           ဆရာဝန် ရဲ့ ညွှန်ကြားမှုနဲ့ တစိုက်မတ်မတ်ကုလာလိုက်တာ လောရင့် ဟာ သူ့ပေါင်ကို သူ ဆေးထိုးနိုင်လာတဲ့အချိန် Wheel Chair မလိုတော့ပါဘူး ။ သူ သာမန်လူဖြစ်လာပြီ ၊ လူတောတိုးလာပြီ ။ လူပျိုဖော်ဝင်လာတဲ့အချိန်အထိ ဆေးထိုးဖို့ ကျမ ရုန်းကန်ရတာပေါ့ရှင် ။ အမျိုးသား က အလုပ်ကောင်းလို့ သိပ်တော့မပူရပေမယ့် သိတယ်မလား ၊ အမေရိကားလေ ၊ ဘာမဆိုအကြွေးဝယ်လို့ရတဲ့နောက် သိပ်မစဉ်းစားတော့ပဲ ဆေးဖိုးကို အမိအရပေးနိုင်အောင် ကျမကြိုးစားရပါတော့တယ် ။ ထိုးဆေးက ( ၄ ) လုံးကို ဒေါ်လာ ( ၁၂ဝဝ ) ၊ အဲဒါ ၁၉၉၈ - ၂ဝဝဝ ပတ်လည် က နော် ။ အဲဒီ ( ၄ ) လုံး ထိုးပေးထားရင် ကလေး က နေလို့အရမ်းကောင်းတယ် ၊ သက်လဲ သက်သာတယ် ။ အဲဒီ Dosage က ( ၂ ) ပတ် ပဲ ခံတာ ၊ စုစုပေါင်း ထိုးပေးလိုက်ရတာ ( ၆ ) နှစ် ။ ကျမ ရိုးသားစွာပြောခဲ့သလိုပါပဲ သူ အသက်ရှင်ပျော်ရွှင်နေရင် ကျမ ဘာပဲလုပ်ပေးရ လုပ်ပေးရ မမောပန်းပါဘူးရှင် ။

  
          ( ၁၂ ) တန်း - Senior ရောက်တော့ သူအတန်း ရွေးရတော့မယ့်အချိန် သူက ထူးထူးဆန်းဆန်း ရုပ်ရှင်တက္ကသိုလ် တက်ချင်တယ်လို့ပြောတယ် ။ စုံစမ်းကြည့်လိုက်တော့ ဆန်ဖရန်ဖက်မှာရှိတဲ့ ကျောင်းထက် ဟောလီဝုဒ် ဖက်ကကျောင်းတွေက ပိုကောင်းတာ သိလိုက်ရတော့ - အင်း …. ကျမသားကို ကျမ ထပ်ခွဲရတော့မှာပါလား ဆိုပြီး ဝမ်းနည်ရပြန်ပါတယ် ။ ဒါပေမယ့် မိခင်ပဲရှင် ဘယ်တတ်နိုင်မလဲ ။ သူ့ကိုမွေးမွေးပြီးချင်း တောင်ကြီး အမျိုးသမီးဆေးရုံကြီးကနေ ကလောအိမ်ကို ကားနဲ့ စီးလာခဲ့တဲ့ ကျမ အရာရာကို စွန့်စားရဲပါတယ် ။ ကျမ က ကလောသူ ၊ ရှမ်း - ဓနုလူမျိုး ၊ မွေးတော့ကလောမှာ ၊ ကြီးတော့ လွိုင်လင်မှာတော့ သိပ်ကြာကြာမနေလိုက်ရဘူး ။ အိမ်ထောင်ကျတော့ ကလောမှာ ဘယ်လောက်လွမ်းမောအေးမြစရာကောင်းလိုက်သလဲနော် ။ အမျိုးသားက တရုတ်စပ်ဆိုတော့ အမေရိကားလည်းရောက်ရော နာမည်နောက်ဆုံးစာလုံးယူရင် ကျမ နာမည်လည်း တရုတ်နာမယ်ဖြစ်လို့ ဘဝတစ်လျှောက် အခြေအနေ အဖုံဖုံ ကြုံရတဲ့ ကျမ , အားလုံးကို ခံနိုင်ရည်ရှိနေပါပြီ ။ သားလေးသာ ပျော်မယ်ဆို သူတက်ချက်တဲ့ကျောင်းတက်ပါစေ ၊ သူရွှေ့ပြောင်းချင်တဲ့နေရာပြောင်းပါစေ ၊ ကျမ လိုက်စီစဉ်မယ် ။ သူကိုယ်သူ ရပ်တည်ချင်တဲ့ ကလေးရဲ့စိတ်ဓါတ်ကို ရအောင်ပျိုးထောင်ပေးမှဖြစ်မယ်လေ ။        




           အမေရိကားမှာ အနုပညာကျောင်းတွေက ဈေးအကြီးသား ၊ အထူးသဖြင့် ဟောလီဝုဒ် နဲ့ နီးတဲ့နေရာတွေမှာပေါ့ ။ တက်ချင်တဲ့ကျောင်းကို သား ပဲ အွန်လိုင်းက ရှာပါတယ် ။ နောက်တော့ပြောတယ် ၊ သား ဒီကျောင်းတက်ချင်တယ် ဆိုပြီး Brooks Institute ကျောင်းကို ပြရှာတယ် ။ L.A နားက မိုက်ကယ်ဂျက်ဆင်နေသွားတဲ့ ဆန်တာ ဘားဘရာ - Santa Barbara နဲ့ နီးတဲ့ ဗန်ကျူးရာ - Ventura ဒေသမှာ မြန်ရင် ( ၃ ) နှစ် ၊ အေးအေးဆေးဆေးဆိုရင် ( ၄ ) နှစ် သွားတက်ရမယ် ။ ကျောင်းဝင်ခွင့်ဖြေတော့ သူ ပညာသင်ဆုရသေးတယ် ။ အဲဒါတွေအကုန်လုံး အမြီးနှုတ် ခေါင်းနှုတ်ပြီး ကျမမှာရှိသလောက် ခြစ်ချုပ်ပြီး ဒေါ်လာ ( ၇ဝဝဝဝ ) သွင်းပေးလိုက်တယ် ။ စုစုပေါင်း ကုန်ကျမှာ က တစ်နှစ် ( ၆ဝဝဝဝ ) နဲ့ ( ၃ ) နှစ်ဆိုတော့ ( ၁၈ဝဝဝဝ ) လေ ။ အစိုးရကျောင်းတက်ထောက်ပံ့စားရိတ်ရတဲ့ Financial Aid ဒေါ်လာ ( ၁၈ဝဝဝ ) ကိုနှုတ်ပြီး လိုတဲ့ ( ၉ဝဝဝဝ ) ကို ကျောင်းသားချေးငွေ - Student Loan ယူလိုက်ရတယ် ။ ကျောင်းပြီးသွားတဲ့အခါ တစ်လကို ဒေါ်လာ ( ၆ဝဝ ) ပတ်ဝန်းကျင်လောက်တော့ ဆပ်ရမှာပေါ့ ။ ကျောင်းစားရိတ်က ဈေးမကြီးဘူး ၊ တစ်ခါတစ်ခါဖြေရတဲ့ စာမေးပွဲကြေး က ဈေးကြီးတာ မေမေရဲ့ လို့ သားလေး က ပြောပြတယ် ။ မေမေ မပူနဲ့ ၊ သား ကျောင်းပြီးသွားရင် ကိုယ့်ဟာကိုယ်ဆပ်မယ်လို့ ပြောတဲ့ သားကို ဘယ်မိဘ က မလုပ်ပေးပဲ ရှိပါ့မတုန်း ။


          အခု သားလေး ကျောင်းပြီးသွားပြီ ၊ တစ်နှစ်ကို ဒေါ်လာ ( ၅ဝဝဝဝ ) ဝင်နေပြီ ။ သူ့ကို အရမ်းနားလည်နဲ့ ဒေသခံကောင်မလေး နဲ့ ချစ်ကြိုးသွယ်နေပါတယ်လို့ ပြောရှာတယ် ၊ ဆံပင်အဝါလေးနဲ့တဲ့ ။ ကျမ အရိုးများ ချေးမခါးနိုင်တော့ပါဘူး ၊ မြန်မာဖြစ်ရမယ် ၊ တရုတ်ဖြစ်ရမယ် ၊ ဘယ် ဘာသာဖြစ်ရမယ် လို့ ကျမ စောတက မတက်လိုတော့ပါဘူး ။ သူ့ကိုနားလည်နိုင်သူသာ ကျမ ချွေးမဖြစ်ထိုက်သူပေါ့ရှင် ။ အခုတော့ သူတို့နှစ်ယောက်အိမ်ထောင်ပြုလိုက်ကြပါပြီ ။ အဆောင်ကနေ ကမ်းခြေနဲ့နီးတဲ့ ဆန်တာမော်နီကာ Santa Monica ဘက် အိမ်ပြောင်းသွားနေကြတယ် ။
          



            သူယူထားတာက “ မီး ဒါရိုက်တာ “ မေဂျာပါ ။ ရုပ်ရှင်ဘာသာရပ်ထဲမှာ အခက်အခဲဆုံးလို့လည်းပြောကြတယ် ။ လောရင့် က စက်အဖွဲ့သားတွေပေါ်မှာလည်း ငဲ့ညှာတယ် ။ အခုတစ်လောတော့ ပညာရအောင် ဟောလီဝုဒ် ဒါရိုက်တာ အကျော်အမော်တွေနောက်လိုက်ပြီး ပညာသင်နေတယ်လို့ ဖုန်းဆက်ပြောပြတယ် ။ အဲဒီလို ပညာလိုက်ယူနေတာ ( ၁ ) နှစ်ရှိပြီ ။ နောက်ထပ် ( ၁ ) နှစ်လောက် ပညာရည် ဒါရိုက်တာရည် ဝ , သွားမှ ကိုယ်ပိုင် ဆက်လုပ်မယ်လို့ပြောတယ် ။ အဲဒီ ဒါရိုက်တာတွေရိုက်သမျှကို တည်းဖြတ် Editing လုပ်ပေးရတာ အရမ်းပညာရတယ် လို့ ပြောတယ် ၊ အားတဲ့ စနေ တနင်္ဂနွေမှာ ကိုယ်ပိုင် DVD ရိုက်တယ် ၊ အသစ်အဆန်းတွေ  စဉ်းစားတယ်လို့ ပြောပြတယ် ။ ကျမ က စိတ်ချပြီးသားပါ ၊ စာမေးပွဲမှာ သူတင်လိုက်တဲ့ ဗွီဒီယို အဆိုင်းမင့် ခဏ ခဏ ပထမ ရထားတာ ကျမ မှတ်မိနေတယ်လေ ။


             ထူးတော့ထူးဆန်းတယ် ၊ တောင်ပေါ်ရှမ်းပြည်မှာမွေးပြီး ဟောလီဝုဒ် ဗန်ကျူးရာ အထိရောက်အောင် အသက်ဆက်ပေးနိုင်တဲ့ ကျမ နဲ့ သားလေး လောရင့် ရဲ့ ရေစက်ကို မှန်းတောင် မမှန်းရဲခဲ့ပါဘူး ။ ခန္တာကိုယ်အောက်ပိုင်း မကောင်းခဲ့တဲ့ ကျမ သားလေးကို ဒီလိုနေရာမျိုးမှာ ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကံပါလာတယ် လို့ပဲ နှလုံးသွင်းယုံကြည်လိုက်ပါတယ် ။ သူကိုယ်တိုင်ကလည်း သူ့လိုရောဂါဖြစ်သူတွေကို ကူညီဖို့နဲ့ မြန်မာနိုင်ငံကို ပြန်ပြီး သူတတ်ထားတဲ့ ဒါရိုက်တာ ပညာ ပြန်လည်ပို့ချချင်တယ်ဆိုတာ ကျမ နှလုံးသားမှာ သတင်းစကား အမြဲရောက်နေပါတယ် ။ တစ်ချိန်ချိန်မှာ သူ့ “ မွေးရပ်မြေ ” နဲ့ သူ့ဘဝ ဖြစ်ထွန်းရာ “ အောင်မြေ ” တွေကို ကျေးဇူးဆပ်ဖို့ ကျမ တိုက်တွန်းရဦးမယ် ။  “ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရမယ် ” ဆိုတဲ့  မြန်မာစကားပုံလေးဟာ ကျမ တို့ သားအမိအတွက်တော့ အမှန်ကန်ဆုံးပါပဲ ။ 

( ရင်ဘတ်ဖြင့်ရေးသားခွင့်ပြုခဲ့သော Ma Aye Wu ၏ ဆန္ဒများ အမြန်ဆုံးပြည့်ဝနိုင်ပါစေ ။ )



koko2yeye@gmail.com



" ထင်းရူးမြေမှသည် ဗန်ကျူးရာသို့ " ( ဖြစ်ရပ်မှန် ) 

စာမူသည် ၂ဝ၁၄ ဂျူလှိုင်လ ( ၂၆ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၄ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည်။

Download Link : http://www.mediafire.com/download/py45v1y3g06bkii/Vol.3,_No._44.pdf





No comments: