ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, December 7, 2020

တတိယဘုရားသခင် Bitcoin အပိုင်းဆက်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"တတိယဘုရားသခင် Bitcoin ၁"
(တတိယဘုရားသခင် Bitcoin နဲ့ PayPal)

            ၂ဝ၂ဝ ဒီဇင်ဘာလရဲ့ဈေးကွက်အရပြောရရင် အွန်လိုင်းငွေကြေးလို့ပဲခေါ်ခေါ် အင်တာနက်ပိုက်ဆံလို့ပဲဆိုဆို Bitcoin ရဲ့တစ်ယူနစ်စျေးနှုန်းဟာ ၁၉ဝဝဝ  ဒေါ်လာစျေးဖြစ်လာတာကြောင့်ရင်းနှီးမြှုပ်နှံသူအများစုကိုအံ့အားသင့်စေပါတယ်။ ဒီဈေးဟာပြည်တော်ပြန်တက်လာတဲ့ဈေးပါ။ ဆိုလိုတာက ဒီလို ဒေါ်လာ ၁၆၅ဝဝ ကျော်အထိရောက်လာခဲ့တာဟာ ၂ဝ၁၇ ခုနှစ်အပြီးမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

Bitcoin ဆိုတာ ဘာလဲ?           

          ၂ဝဝ၉  ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း၊ ဆင့်ဂဏန်း-Less than Tenth of A Cent ရှိရာကနေအခုလိုအဆပေါင်းများစွာတန်ဖိုးတက်လာတာကအမှောင်ထဲကရင်းနှီးမြှုပ်နှံသူတွေကြောင့်လို့အများကပြောကြတယ်။

          ရာဇဝင်ကိုလှန်ကြည့်ရင် Bitcoin ဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ငွေ၊ လက်နက်ဝယ်ဖို့ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို့ငွေ၊ အခွန်ရှောင်ချင်တဲ့ငွေ၊ ခဝါချလျှော်ဖွတ်ချင်တဲ့ငွေ . . စတဲ့ ငွေလွှဲပြောင်းမှုအစုစုကိုချိတ်ဆက်နေတဲ့တိုင်းပြည်တွေရဲ့အစိုးရတွေကိုမသိစေချင်တဲ့ မြေအောက်ဝယ်ယူရောင်းချခြင်း လွှဲပြောင်းမှုတွေကိုကနဦးလုပ်ဆောင်ပေးပါတယ်။

 

        ဆိုလိုတာက မိတ်ဆွေက မေးစီကုန်တိုက်မှာ ရှနဲလ်ရေမွှေးတစ်ပုလင်းဝယ်လို့ ၁၂၅ ဒေါ်လာကိုဘဏ်ကဒ်နဲ့ဆွဲလိုက်ရင် အကြောင်းရင်း ၁။ ဘဏ်မှာမှတ်တမ်းကျန်မယ်  အကြောင်းရင်း ၂။ မိတ်ဆွေဈေးဝယ်ခဲ့တဲ့နေရာ-Location ကိုသိတယ်  အကြောင်းရင်း ၃။ ဘယ်လောက်ငွေသုံးသွားပြီးဘယ်အချိန်ပြန်ဆပ်သွားတယ်ဆိုတဲ့အကြွေးဆပ်မှုသမိုင်း-Credit History ကိုသိတယ်  အကြောင်းရင်း ၄။ အချိန်တန်လို့ ရင်းနှီးမြှုပ်နှံမှုလုပ်တာမျိုး၊ အိမ်ဝယ်တာမျိုးမှာအစိုးရကိုအမြတ်ခွန်ဆောင်ထားကြောင်းကိုအမြဲထောက်လှမ်းနေတဲ့ပြည်တွင်းအခွန်-IRS ကသိတယ်  အကြောင်းရင်း ၅။ ဘာလုပ်လုပ်သိနေတယ် ဘာသုံးသုံးသိနေတယ်ဆိုတဲ့ နေရာတစ်ခုခုကိုအမြဲအသိပေးနေတဲ့ Notification ရှိနေပါတယ်။ 




          တကယ်လို့သာ မေးစီကုန်တိုက်က ရှနဲလ်ရေမွှေးဖိုးကို Bitcoin နဲ့ပေးချေတာကိုလက်ခံမယ်ဆိုရင်တော့ .ဝဝ၆၅ Bitcoin ပေးလိုက်ရမှာပါ (ဥပမာဖြစ်ပါတယ် မေးစီကုန်တိုက်က Bitcoin လက်မခံပါ) ထပ်ရှင်းအောင်ပြောရရင် ဒသမသုံညသုံညခြောက်ငါးရှိတဲ့ Bitcoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ဒေါ်လာ ၁၂၅ ဒေါ်လာနဲ့ညီမျှနေတာကိုတွေ့ရမှာပါ။ ဒါက Dec 17th, 2020 ရဲ့ 1 Bitcoin to US Dollars လဲလှယ်မှုပေါက်ဈေး ၁၉ဝဝဝ ဒေါ်လာနဲ့တွက်ထားတာပါ။

 

          မပြောကောင်းမဆိုကောင်း နောက်တစ်ရက်မှာ 1 Bitcoin က ဒေါ်လာ ၁၂ဝဝဝ ဈေးဖြစ်သွားရင် မေးစီက သူရောင်းလိုက်တဲ့ရေမွှေးရဲ့တန်ဖိုးဟာ .ဝဝ၆၅x၁၂ဝဝဝ=၇၈ ဒေါ်လာသာတန်ပါတော့မယ်။ ဒါပေမဲ့ 1 Bitcoin က ဒေါ်လာ ၃ဝ၇ဝဝ ဖြစ်သွားခဲ့ရင်တော့ .ဝဝ၆၅x၃ဝ၇ဝဝ=၂ဝဝ ဒေါ်လာရသွားတဲ့သဘောပါ။ ထပ်ရှင်းအောင်ပြောရရင် ၁၂၅ တန်ရေမွှေးပုလင်းတစ်ခုမှာ ကုန်ထုတ်လုပ်ပေးလိုက်တဲ့အလုပ်သမားခကနေ ကုန်တိုက်ပိုင်ရှင်၊ ဘဏ်ကဒ်ကုမ္ပဏီအပြင် အခွန်ဝန်ထောက်ကနေ နိုင်ငံတော်အထိ နောက်ပြောင်းပြန်နိုင်မှု-Traceability ရှိပါတယ်။ Bitcoin မှာတော့ မိတ်ဆွေ=ဝယ်သူ နဲ့ မေးစီ=ရောင်းသူတို့သာရှိပါတယ်။

 

        ဒါပေမဲ့ အစိုးရနဲ့ပတ်သက်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရားရုံးခွင့်ပြုချက်ကလွဲလို့ဘယ်သူကမှဝင်ကြည့်လို့မရပါဘူး အားလုံးကိုထိန်းထားပါတယ်။ Bitcoin မှာတော့ လယ်ဂျာလို့ခေါ်တဲ့အများဝင်ကြည့်လို့ရတဲ့စံနစ်တစ်ခုရှိနေပေမဲ့ .ဝဝ၆၅ Bitcoin သုံးသွားသူဟာ မိတ်ဆွေဆိုတာသိအောင်လုပ်ဖို့မလွယ်ကူပါဘူး။ ဒါကြောင့် Bitcoin ဟာ အမှောင်ထဲကအစွမ်းထက်တဲ့ဓါးတစ်ချောင်းလို့တင်စားကြတဲ့အထိရင်းနှီးမြှုပ်နှံလာကြပါတယ်။ 

 

        သို့သော်လည်းလက်ဆုတ်လက်ကိုင်ပြလို့ရတဲ့ငွေအကြွေ၊ ငွေစက္ကူ၊ ရွှေတုံး၊ ငွေတုံးတွေလို Bitcoin မှာ ရုပ်ပြငွေကြေး-Physical Currency ဂုဏ်သတ္တိမရှိပါဘူး။ ဒါကြောင့် Bitcoin နဲ့ပတ်သက်မိရင်မမြင်ရတဲ့စွန့်စားမှုက နောက်ကကပ်လျက်လိုက်ပါလာနိုင်ပါတယ်။

 

        ဒါကြောင့်လည်းအင်တာနက်ငွေကြေးတည်ထောင်သူတွေက အမေရိကန်ရဲ့ဘဏ်ငွေကြေးအာမခံကော်ပိုရေးရှင်း-FDIC (Federal Deposit Insurance Corporation) လိုမျိုးမှာ မှတ်ပုံတင် (ငွေပေါင်၊ ရွှေပေါင်) ပြီး အာမခံချက်ရှိအောင်လုပ်နေကြနေတုန်းမှာပဲအကြမ်းဖက်မှုတိုက်ဖျက်မှုအစီအစဉ်နဲ့အမေရိကားကမူလတီထွင်သူနဲ့ စတော့ရှယ်ယာပိုင်ရှင်တွေကိုအပြင်းအထန်နှိပ်ကွပ်ခဲ့တာကိုပြန်လည်သတိရမိတယ်။

 

          မိတ်ဆွေဘာဝယ်ဝယ်ဘယ်သူမှမသိသလို ဘယ်အစိုးရဆီမှသတင်းမပို့ဘူးဆိုပေမဲ့ Blockchain လို့ခေါ်တဲ့ Database မှာ Bitcoin လွှဲပြောင်းမှုမှတ်တမ်း-List ထဲကအပြည်ပြည်ဆိုင်ရာစာရင်းစာအုပ်ကြီး-Universal Ledger ထဲမှာမှတ်တမ်းသွင်းကျန်ရှိနေဦးမှာဖြစ်ပါတယ်။

 

          သို့သော်လည်းတွင်ကျယ်လာတဲ့စျေးကွက်နဲ့အညီဝယ်ယူသုံးစွဲသူများလာတဲ့အကျိုးဆက်အနေနဲ့အခုဆိုရင် သာမန်ဝဘ်ဆိုဒ်တွေမှာဝယ်လို့မရတဲ့ဆေးဝါးတွေ၊ လူကုန်ကူးမှုတွေ၊ လက်နက်ရောင်းဝယ်မှုတွေ၊ ဖောက်ခွဲရေးဆက်စပ်ဓာတုဗေဒပစ္စည်းတွေအပြင် ဘဏ္ဍာရေးခိုးယူမှုတွေနဲ့နောက်ဆုံးရွေးကောက်ပွဲမဲပေးခွင့်ရှိတဲ့အထိ Bitcoin ကလွှမ်းမိုးလာတာသိရတယ်။

 

          ဒါကြောင့် Bitcoin  မှာရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေသူတစ်ဦးကိုအရင်ကသတိပေးခဲ့သလို ဝဘ်ဆိုဒ်ထဲဝင်ဖို့ ရှားပါးသင်္ကေတ-Unique Code လို့ခေါ်တဲ့ ကိုယ်ပိုင်နံပါတ်-Private Key ပျောက်သွားတယ်ဆိုရင်တော့အသံမကြားရဘဲနှုတ်ဆက်သွားပြီလို့ကံသေကံမပြောလို့မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ PayPal ရဲ့ကြေငြာချက်က Bitcoin ဈေးကို ၃ဝ% ထက်မနည်းတက်စေခဲ့လို့ပါ။

PayPal ဆိုတာဘာလဲ?

          PayPal ဆိုတာမသိရင် အီလွန်မတ်စ်ကိုသိလိမ့်မယ်။ အီလွန်မတ်စ်ကိုမသိရင် Space X ကိုသိလိမ့်မယ်။ Space X ဂြိုဟ်တုကိုမသိရင် Tesla ကားကိုသိလမ့်မယ်။ အီလွန်မတ်စ်ဟာ သူ့ရဲ့ကနဦးတီထွင်မှုကုမ္ပဏီသစ်တွေကနေငွေရင်းငွေနှီးတွေရပြီးတဲ့နောက် PayPal ကိုတည်ထောင်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်မှာ eBay ကိုရောင်းချလိုက်ပြီး အခုလူသိများနေတဲ့ ဓာတ်ခဲကား၊ ဒုံးပျံ၊ မြေအောက်ပိုက်လုံးရထား နဲ့ ဆိုလာခေါင်မိုးတွေလုပ်တဲ့ကုမ္ပဏီအင်ပါယာကြီးကိုထူထောင်ဖို့ပိုင်ဆိုင်သမျှအကုန်လုံးရင်းနှီးထည့်ဝင်ခဲ့သူပါ။ အခုပြောမှာက PayPal အကြောင်းဆိုတော့ အီလွန်မတ်စ်အကြောင်းရပ်ထားလိုက်ရအောင်။

 

          PayPal မှာ ရုပ်ကြီးပြကြီးနဲ့ဖွင့်ထားတဲ့ဘဏ်မရှိပါဘူး။ အွန်လိုင်းသုံးပြီးသန်းနဲ့ချီတဲ့ငွေသွင်းငွေထုတ်တွေကိုလုပ်ဆောင်နေတဲ့အပြည်ပြည်ဆိုင်ရာဘဏ်ဖြစ်ပါတယ်။ သူ့ဘဏ်ရဲ့အကောင့်ဖွင့်ဖို့ဆိုရင် အကောင့်ပိုင်ရှင်ဖြစ်ကြောင်းသက်သေခံနိုင်ဖို့ဖုန်းနံပါတ်တစ်ခုလိုပါတယ်။ (စိတ်မကောင်းတာတစ်ခုက မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်ကိုရွေးလို့ရအောင်လုပ်မပေးထားတာပါ) 

 

          နောက်ထပ် အီးမေးလ်နဲ့နေရပ်လိပ်စာတို့ကိုပြီးပြည့်စုံအောင်ထည့်ရပါတယ်။ နိုင်ငံသားဆိုရင် ID ၊ အမြဲတမ်းနေထိုင်ခွင့်သမားဆိုရင် ဂရင်းကဒ် နဲ့ ဆိုရှယ်နံပါတ်တွေကတော့မပါမဖြစ်ဆိုတာပြီးသားဖြစ်မှာပေါ့နော်။နောက်ဆုံးမှာ PayPal နဲ့ချိတ်ဆက်ငွေသွင်းငွေထုတ်လုပ်ဖို့ဘဏ်အကောင့်တစ်ခုထည့်ခိုင်းပါတယ်။ မိမိအကောင့်ထဲကိုငွေပြန်လွှဲတာမျိုးလုပ်ရင်အခမဲ့ဖြစ်ပြီးတစ်ခြားဘဏ်ကိုလွှဲချင်ရင်လွှဲခတစ်ချို့ပေးရမှာပါ။ ကဲ PayPal နဲ့ Bitcoin ဘယ်လိုဆက်စပ်သလဲပြန်ကြည့်ရအောင်။

 

        တစ်ချိန်တုန်းက အတိအကျပြောရရင် Bitcoin တစ်ယူနစ်ကို ဒေါ်လာ ၅ဝဝ ပြည့်ရာကနေစပြီး ရွှေတစ်အောင်စတန်ဖိုး ဒေါ်လာ ၁၃ဝဝ တန်းရောက်လာတဲ့အထိ ဘယ်တရားဝင်အမေရိကန်ဘဏ်မှ Bitcoin ကို ငွေကြေးတစ်ခုအနေနဲ့လက်မခံကြပါ။ ဘဏ်တွေချည်းလားဆိုတော့ဘယ်ဟုတ်သေးလဲ။ ရင်းနှီးမြှုပ်နှံမှုစတော့ရှယ်ယာရောင်းဝယ်ကြတဲ့သူဌေးကြီးတွေကြားမှာ Bitcoin ဟာ အပယ်ခံဖြစ်ခဲ့တယ်။ ဒါကြောင့် သွေးတိုးစမ်းရောင်းဝယ်သူတွေနဲ့မူလဆုပ်ကိုင်ထားသူတွေကလွဲပြီး ဒေါ်လာငွေနဲ့လဲလှယ်သူတွေနည်းပါးခဲ့တယ်။ သူ့ရဲ့ဈေးတန်းဟာလည်း 1 Bitcoin ကို ဒေါ်လာ ၃ဝဝဝ ပတ်ဝန်းကျင်မှာရွာလည်နေခဲ့တယ်။

 

          ဒီလိုနဲ့သူဌေးတစ်ယောက်ကမယုံဘူးပြောလိုက် ဈေးကျသွားလိုက်၊ Bitcoin မိုင်းတူးသူတွေကဘယ်လိုအလုပ်ဖြစ်တယ်လို့အုပ်စုလိုက်ကြွေးကြော်လိုက် ဈေးတက်သွားလိုက်နဲ့ နောက်ဆုံးမှာအများမမျှော်လင့်တဲ့ 1 Bitcoin ကို ဒေါ်လာ ၁၇ဝဝဝ ဈေးဟာ ၂ဝ၁၇ ခုနှစ်မှာရောက်ခဲ့ပါတယ်။ Bitcoin ကြောင့်ချက်ချင်းသူဌေးဖြစ်သွားသူတွေရှိခဲ့သလို တရားဝင်အခွန်တွေဆောင်ထားတဲ့ငွေတွေကိုပုံအောလိုက်လို့ ဖွဲပြာဖြစ်သွားကြသူတွေအများကြီးရှိခဲ့တယ်။ 

 

        ရင်းနှီးမြှုပ်နှုံမှုဈေးကွက်ရဲ့မာယာအတိုင်း အတက်မှာစုသမျှ အကျမှာကုန် ကြပြန်တော့ Bitcoin ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၃ဝဝဝ ပတ်ဝန်းကျင်မှာပြန်လည်ငြိမ်သက်ခဲ့တာ လပေါင်းများစွာကြာခဲ့တယ်။ ဒီလို လေးလေးပင်ပင်နဲ့ဈေးတက်လာရင်း သောင်းဂဏန်းဈေးအလွန်လောက်မှာ PayPal လိုအွန်လိုင်းဘဏ်ကနေတစ်ဆင့် Bitcoin ကို ဝယ်နိုင် ရောင်းနိုင် ရင်းနှီးမြှုပ်နှံနိုင်တော့မယ်လို့ကြေငြာလိုက်တဲ့အခါ Bitcoin ကိုမြင်တဲ့အမြင်တွေတစ်မျိုးပြောင်းကုန်ပြီး အုတ်မြစ်ဟာပိုမိုခိုင်မာလာပါတယ်။ 




          အရင်ကဆိုရင် Bitcoin ကိုဝယ်ဖို့ Coinbase ဒါမှမဟုတ် Kraken အကောင့်ဖွင့်ရတယ်။ နောက်ပိုင်း Robinhood မှာ ပုံမှန်နယူးယောက်စတော့အိပ်ချိန်းမှာကုမ္ပဏီကြီးတွေရဲ့စတော့တွေရောင်းဝယ်နေနိုင်တာကနေ Crypto ငွေကြေး တစ်နည်းအားဖြင့်  Bitcoin ကို ဝယ်နိုင် ရောင်းနိုင်ဖို့ကြိုးပမ်းအောင်မြင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင် Bitcoin ငွေကြေးကိုသိမ်းထားဖို့ Wallet ဆိုတာတီထွင်ရောင်းစားလာတယ်။ ဈေးဝယ်စင်တာတွေမှာ Bitcoin ATM Machine တွေထားပြီး Bitcoin ရဲ့ တွင်ကျယ်မှုကိုအားပေးလာကြတယ်။ (Amazon မှာ တန်ဖိုးသင့်  Wallet တစ်ခုကို ဒေါ်လာ ၆ဝ နဲ့ ၁၅ဝ ကြားမှာဝယ်ယူနိုင်ပြီး လုံခြုံရေးသိပ်သည်းမှုနဲ့နာမည်ကြီးကုမ္ပဏီအပေါ်မူတည်ပြီးဈေးကွာပါတယ်)

 

          ဟမ်ဘာဂါတစ်လုံးအတွက် .၇၅ ဒေါ်လာ၊ ရုပ်ရှင်တစ်ခါကြည့်ဖို့ ၁၁.၅ဝ ဒေါ်လာ၊ လက်ကိုင်ဖုန်းတစ်လုံးဝယ်ဖို့ ဒေါ်လာ ၄ဝဝ၊ ဂိမ်းမင်းကွန်ပျူတာတစ်လုံးအတွက်ဒေါ်လာ ၂၂ဝဝ၊ ကားသစ်တစ်စီးငွေလက်ငင်းချဝယ်စီးနိုင်ဖို့  ဒေါ်လာ ၁၈ဝဝဝ ရှိရင်ဝယ်လို့မရပါဘူး။ ဒါပေမဲ့ Bitcoin ကိုအရောင်းအဝယ်လုပ်နိုင်ဖို့ 1 Bitcoin ဖိုး ‌‌ဒေါ်လာ ၁၉ဝဝဝ အပြည့်အဝရှိစရာမလိုပါဘူး (၂ဝ၂ဝ ဒီဇင်ဘာလပေါက်ဈေး)

 

          PayPal က လတ်တလောမှာ  Crypto ငွေကြေး မျိုးကိုအရောင်းအဝယ်လုပ်ခွင့်ပေးထားပါတယ်။ အဲဒါတွေက Bitcoin (BTC) Ethereum (ETH) Bitcoin Cash (BCH) နဲ့ Litecoin (LTC) တို့ဖြစ်ပါတယ်။ ငွေပမာဏအနည်းဆုံး ဒေါ်လာကနေ အများဆုံး ဒေါ်လာ ၅ဝဝ အထိ ငွေပြောင်းငွေလွှဲလုပ်နိုင်တာပါ။ လက်ရှိအမေရိကားမှာတည်ရှိပြီးကိုယ်ပိုင်ပစ္စည်းတွေနဲ့ Bitcoin Mining လုပ်နေတဲ့ကုမ္ပဏီက MGT Capital Investments, Inc. (MGTI) ဖြစ်ပါတယ်။

 

          ဒီဆောင်းပါးရဲ့လိုရင်းက Bitcoin ဆိုတာကို ပညာရှင်တွေ၊ ကျောင်းတက်ထားသူတွေကပညာရှင်ဆန်ဆန်ရေးပြတာထက် အရပ်ထဲ ရွာထဲ ကိုယ့်ဘဝထဲမှာ Bitcoin နဲ့ ဘယ်လိုပတ်သက်နိုင်သလဲဆိုတာကို အရပ်သားဆန်ဆန် သုံးစွဲသူ-Consumer နေရာကရေးပြခြင်းသက်သက်သာဖြစ်ပါတယ်။ 

 

        ကျွန်တော့ထက်နားလည်တတ်ကျွမ်းသူတွေ၊ လက်ရှိမှာ Bitcoin ဒါမှမဟုတ် အလားတူငွေကြေးတစ်ခုခုကိုအောက်ဈေးနဲ့ဝယ်ထားပြီးအဆင်ပြေနေသူတွေရှိတာကိုသိပါတယ်။ တစ်ခြားသူရေးထားတာတွေကို မြန်မာလိုရော အင်္ဂလိပ်သတင်းတွေပါအမြဲဖတ်နေရင်း စာဖတ်သူတွေအတွက် Bitcoin/Cryto Currency ဆိုတာ မထိရ မတွေ့ရလေလေ ပိုကောင်းလေ ဆိုတဲ့စိတ်ကိုပျယ်ဖျက်နိုင်အောင်ရေးသားပြခြင်းသာဖြစ်ပါတယ်။ 

 

ကွန်တော့ရဲ့ကိုယ်ပိုင်အတွေးကရှင်းရှင်းလေးပါ။‌ 

 

          Bitcoin ကိုတရားမဝင်ဘူးလို့ပြောလို့ Bitcoin ဟာပျောက်ကွယ်သွားမှာမဟုတ်ဘူး။ Bitcoin ကိုအားပေးအားမြှောက်ပြုလို့ Bitcoin ဟာမတရားကြီးဦးဆောင်လာမှာမဟုတ်ဘူး။ Bitcoin ဟာကြားခံကော်မရှင်ခကင်းမဲ့တဲ့လွတ်လပ်တဲ့ငွေပေးချေမှုဖြစ်တယ်။ Bitcoin ဟာလွတ်လပ်မှုကိုငွေကြေးထက်တန်ဖိုးထားတဲ့စံနစ်ဖြစ်တယ်။ Bitcoin ဟာနည်းပညာထဲမှာချန်လှပ်ဖို့မသင့်တဲ့အနာဂတ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ 

 

          ဆောင်းပါးအထက်ပိုင်းမှာတော့ PayPal နဲ့ Bitcoin တို့ရဲ့နောက်ဆုံးဆက်နွယ်မှုကိုရေးပြပြီးပါပြီ။ အောက်မှာတော့ ဈေးကွက်ဦးဆောင်မှုနဲ့ဈေးကွက်ထဲမှာလည်ပတ်နေတဲ့ငွေကြေးပမာဏတွေအရ Crypto Currency ၁၂ မျိုးကို သူတို့ရဲ့ငွေကြေးနာမည်၊ တိုကင်နာမည်တို့အပြင် Ticker သင်္ကေတတို့ကိုပါစာရင်းပြုစုပေးလိုက်ပါတယ်။ 

 

Bitcoin (BTC)          ၃၉ဝဝ သန်း

Ethereum (ETH)     ၁၄ဝဝ သန်း

Ripple (XRP)          ၁၁ဝဝ သန်း

Litecoin (LTC)           ၄၆၆ သန်း

Bitcoin Cash (BCH)  ၁၆၅ သန်း

ChainLink (LINK)      ၁၅၁ သန်း

EOS (EOS)              ၁၄၇ သန်း

Monero (XMR)         ၁၁ဝ သန်း

TRON (TRX)            ၁ဝ၁ သန်း

Yearn.finance (YFI) ၁ဝဝ သန်း

BitcoinSV (BSV)        ၉၃ သန်း

Stellar (XLM)             ၈၈ သန်း

 

ခင်လျက်

ကိုညီညီ (တောင်ကြီး)

12-07-2020


“တတိယဘုရားသခင် Bitcoin ၂။”
(တုန်ခါလှိုင်းတို့ရဲ့အရင်းအမြစ်ကဘယ်မှာလဲ)


ပင်လယ်မှန်ရင် လှိုင်းရှိတယ်။ ရေလှိုင်းမှန်ရင် ရိုက်ခတ်စမြဲ။ ဒီလိုဆိုရင် ငွေကြေးလှိုင်းကရော၊ ရိုက်ခတ်တာပါပဲ။ ရေလှိုင်းက ကမ်းစပ်ထံက မခွာနိုင်ဖြစ်ဦးမယ်။ ငွေ‌ကြေးလှိုင်းကတော့ တခါတလေ အမာခံဆိုတဲ့ကမ်းခြေကို ဆူနာမီလိုရိုက်ခတ်ဝါးမျိုလိုက်တတ်တာကြောင့် လူတွေက စိုးရိမ်ကြတယ်။

အမှန်တကယ်လည်း တတိယဘုရားသခင်လို့ပြောနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေး-Bitcoin ဟာ ငြိမ်နေရင်ကောင်းတယ်။ လှိုင်းကြက်ခွပ်လေးလောက်သာ လှုပ်နေရင်ကောင်းတယ်။ ကြမ်းလာပြီဆိုတဲ့အခါ အမေရိကန်ရင်းနှီးမြှုပ်နှံမှုဈေးကွက်မှာ အဖြေမရတဲ့မေးခွန်းတွေနဲ့ ပွဲစားတွေ၊ ကုမ္ပဏီတွေအလုပ်ရှုတ်ကြရတယ်။

Bitcoin ရဲ့ ၂ဝ၂ဝ ဒီဇင်ဘာရဲ့အမြီးခတ်မှု (အမြီးတောင်မှ ထောင်နေတဲ့အမြီး-Upward Trend Curve) ဟာ ၂ဝ၂၁ ဇန်နဝါရီရဲ့နဂါးမျက်နှာကျက်ကိုတက်ဆောင့်တယ်။ နဂါးမျက်နှာကျက်လို့ပြောရတာအကြောင်းရှိတယ်။ ကမ္ဘာ့စီးပွားရေးမှာ အမေရိကားထိပ်ဆုံးလို့ ပြောပေမဲ့ ကမ္ဘာ့ကုန်လှောင်ရုံ၊ ကမ္ဘာ့စက်ရုံ၊ ကမ္ဘာ့ကုန်သွယ်မှုတွေရှိတဲ့ တရုတ်နိုင်ငံကိုချန်လှပ်ထားလို့မရပေဘူး။

အနောက်နိုင်ငံကဘာလုပ်လုပ် သူ သိနေတယ်။ အနောက်နိုင်ငံကဘာထွင်ထွင် သူ နည်းပညာရတယ်။ သူတို့ထက်အိန္ဒြေရတာက ဂျပန်၊ တောင်ကိုးရီးယား စတဲ့ စီးပွားရေးကျားကြီးတွေကိုပါထည့်တွက်ပြီး ဗီယက်နမ်၊ ထိုင်ဝမ်၊ မကာအို နဲ့ ဟောင်ကောင်းတို့အပါအဝင် အားလုံးကို နဂါးလို့တင်စားလိုက်တာဖြစ်တယ်။ ဒါဆိုရင် မြေထဲပင်လယ်ထဲကနိုင်ငံတွေရော၊ ဆာဟာရသဲကန္တာရအနီးတဝိုက်က ရေနံနဲ့ချမ်းသာတဲ့နိုင်ငံတွေရော မပါဘူးလားလို့ မေးခွန်းတွေမေးကြလိမ့်မယ်။

NYSE, FTSE, TSE တို့မှာသာ စ‌တော့ဈေးကွက်တွေရှိကြတာမဟုတ်ဘူး။ အာရှမှာလည်း အာရှအလျောက်ရှိကြတယ်။ ဒါပေမဲ့ အရှေ့ကမ္ဘာမှာဈေးဖွင့်ချိန်ဟာ အနောက်ကမ္ဘာက အိပ်နေတယ်။ အနောက်ကမ္ဘာမှာရောင်းဝယ်နေချိန်မှာ အရှေ့ကမ္ဘာက အိပ်စက်အနားယူနေတယ်။ ဒါ့အပြင် တစ်ပတ်မှာ ငါးရက်၊ တစ်ရက်ကို ရှစ်နာရီ၊ စနေ တနင်္ဂနွေကိုအလုပ်ပိတ်၊ အရောင်းအဝယ်မလုပ်ဘဲ နားကြရသေးတယ်။ ဒီလို စည်းနဲ့ကမ်းနဲ့လမ်းညွှန်ချက်တွေ၊ လိုက်နာဖို့ ရှောင်ကျဉ်ဖို့ကိစ္စတွေကို ဆူနာမီတိုက်လိုက်တာက‌တော့ Bitcoin Wave ဖြစ်ပါတယ်။

အမှန်တကယ်ပါပဲ။ အခုနောက်ပိုင်းမှာ Bitcoin ဈေးပြောင်းတာကို နေ့ရက်‌နဲ့ပြောလို့မရတော့ဘူး။ အပေါ်ကရှင်းပြခဲ့သလို နေ့နဲ့ညလွဲနေတာကြောင့် အချိန်နဲ့ပြောကြရတယ်။ ဇယားကွက်နဲ့ ပြောကြရတယ်။ ၂ဝ၂၁ ထဲလည်း ဝင်လာရော Bitcoin ရဲ့ဈေးက အမြဲတမ်းလိုလို အနောက်နိုင်ငံသားတွေအိပ်တဲ့အချိန်မှာတက်တာကို သတိထားမိတယ်။ ကျတယ်ဆိုရင်လည်း စိတ်ဆင်းရဲကြရတယ်။

ဆိုလိုတာက အမေရိကားက ပွဲစားတစ်ယောက်၊ ငွေပိုငွေလျှံရှိလို့ အမြတ်ရချင်တဲ့သာမန်လူတစ်ယောက်ဟာ လှပတဲ့ညနေခင်းတစ်ခုမှာ Bitcoin တစ်ယူနစ်ကို ၂၈ဝဝဝ ဒေါ်လာနဲ့ဝယ်ပြီးအိပ်‌ပျော်သွားတယ်ဆိုပါစို့။ နောက်တစ်မနက်အိပ်ယာထတဲ့အခါ မျက်နှာမသစ်ရသေး၊ အိမ်သာမတက်‌ရသေး Bitcoin ဈေးက ၃၃ဝဝဝ ဖြစ်နေပြီ။ အိပ်နေရင်းနဲ့မြတ်နေတာက Bitcoin ။

အမြဲတမ်းမြတ်နေတာလားဆိုတော့ မဟုတ်သေးဘူး။ အေးအေးဆေးဆေး ရေခဲတုံးပေါ်မှာထိုင်နေတာ၊ ‌‌ရွှေအိုးကြီးကိုင်ထားတာ၊ တက်ရိပ်ရှိလို့ ဝင်ကစားတာလို့ မိန်းမကိုပြောပြီး လှပတဲ့ညနေခင်းတစ်ခုမှာ Bitcoin တစ်ယူနစ်ကို ၂၈ဝဝဝ ဒေါ်လာနဲ့ဝယ်ပြီး မနက်ကျတော့ ၂၃၅ဝဝ ပဲကျန်တာလည်း ဖြစ်ကြတာပါပဲ။ ဒါကြောင့် အိပ်နေရင်းနဲ့ရှုံးတာက Bitcoin ။

ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့စည်းမျဉ်းစည်းကမ်းနဲ့လုပ်ရတဲ့ Institution တွေက Bitcoin သုံးစွဲသူတွေကိုခြေရာမခံနိုင်တာ၊ ဝန်ဆောင်ခပေးရသေး သတင်းပို့ရသေး ဗဟိုချုပ်ကိုင်မှုဒဏ်ကိုခံရသေး စတဲ့ဒဏ်တွေကနေ ကင်းလွတ်တာ၊ ယုံကြည်မှုမရှိလေလေ လုပ်ရကိုင်ရတာလွတ်လပ်လေလေဖြစ်နေတာတွေက အခြေခံအကြောင်းတရားတွေပါ။

၂ဝ၂ဝ ခုနှစ်ရဲ့ Bitcoin တုန်ခါမှုအရင်းအမြစ်တွေကိုစဉ်းစားကြည့်ရင် Fed လို့ခေါ်တဲ့ မြေပေါ်ရင်းနှီးမြှုပ်နှံမှုသူဌေးကြီးတွေက မြေအောက်မှာလှုပ်ရှားဖို့အခြေတည်ခဲ့တဲ့ Bitcoin ကို မသိမသာရင်းနှီးမြှုပ်နှံရာကနေစလို့ ဒေါ်လာငွေ သန်းရာနဲ့ချီတဲ့ ပေါ်ပေါ်တင်တင်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာခဲ့တာကြောင့် သိသူဖော်စားသမျှ မသိသူတွေကျော်သွားခဲ့ကြတဲ့ ပွပေါက်တိုးပွဲကြီးတစ်ခုဖြစ်ခဲ့တာပါ။ ဒီကြားထဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား Day Trader တွေကပါ တပျော်တပါးကြီးပါဝင်ဆင်နွဲကြတယ်။

နေဗယ်ရာဗစ်ခန့် ပြောတဲ့စကားတွေက ခေတ်နဲ့လျော်ညီသလို အမှောင်နဲ့အလင်း၊ နေ့နဲ့ည၊ နေဝင်ချိန်နဲ့နေထွက်ချိန်အားလုံးတို့ရဲ့ တစ်ရက် ၂၄ နာရီ၊ တစ်သီတင်းပတ်မှာ ၇ ရက်၊ ပေးသူနဲ့ယူသူ၊ ယုံကြည်သူနဲ့မယုံကြည်သူ၊ ရောင်းသူနဲ့ဝယ်သူတို့ ကမ္ဘာမခြား အင်တာနက်ရဲ့အားနဲ့ နေ့မအားညမအား 24/7 စီးပွားရှာကြတာကတော့ တုန်ခါလှိုင်းတို့ရဲ့အရင်းအမြစ်ကိုဖြစ်ပေါ်စေခဲ့တဲ့ Bitcoin သာ တရားခံဖြစ်ပါတယ်။

သူပြောထားတာက
*.. Bitcoin ဟာ ဘဏ်လိုငွေရှင်ကြေးရှင်တို့ရဲ့ထွက်ပေါက်ဖြစ်တယ်

*.. ဗဟိုထိန်းချုပ်မှုကင်းမဲ့တာဟာ ဝေါစထရိရဲ့ထွက်ပေါက်ဖြစ်တယ်

*.. လူမှုကွန်ယက်ဟာ သတင်းမီဒီယာရဲ့ထွက်ပေါက်ဖြစ်တယ်

*.. အိမ်ကနေကျောင်းတက်တာဟာ သင်နေကျပညာရေးရဲ့ထွက်ပေါက်ဖြစ်တယ်

*.. အဝေးကလှမ်းအလုပ်လုပ်တာဟာ မနက် ၉ နာရီသွား၊ ညနေ ၅ နာရီပြန်တဲ့အလုပ်ရဲ့ထွက်ပေါက်ဖြစ်တယ်

*.. တီထွင်တတ်တဲ့စီးပွားရေးဟာ ဝန်ထမ်းဖြစ်ခြင်းရဲ့ထွက်ပေါက်ဖြစ်တယ်

*.. လူတွေဟာ စည်းကမ်းသတ်မှတ်ချက်တွေကို စွန့်ခွာနေကြတယ်



"Bitcoin is an exit from the Fed.

DeFi is an exit from Wall Street.

Social media is an exit from mass media.

Homeschooling is an exit from industrial education.

Remote work is an exit from 9-5.

Creator economy is an exit from employment.

Individuals are leaving institutions."

― Naval Ravikant


ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-04-2021


No comments: