ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, November 11, 2014

ပြန်မပြောချင်တဲ့ သံယောဇဉ်မြန်မာအကြောင်းတွေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ပြော မပြောချင်ပါဘူး။  အမေရိကားရောက်တော့ နေကောင်းလား အဆင်ပြေလားဆိုပြီး နှုတ်ဆက်မိပါတယ် ပေးလိုက်တဲ့ ကတိတွေ များလွန်းလို့ ဘယ်နားသွားသိမ်းမှန်းမသိအောင် ဖြစ်ရတဲ့ " ကြိုရောက် " မြန်မာတွေရဲ့ အကြောင်း။
.
ဒီမြေကိုမနင်းခင်က အခုလို Facetime တို့၊ Viber တို့၊ Facebook Messenger တို့ဆိုတာ ပေါ်သေးတာ မဟုတ်ဘူး .. GTalk ခေတ်လေ အင်တာနက်ကဖေးမှာ တစ်နာရီ ( ၄ဝဝ ) နဲ့ သုံးရတဲ့အချိန်တွေ မှတ်မိကြတယ်မဟုတ်လား? ကိုယ်က တစ်ခုခုသိချင်တဲ့အခါ GTalk မှာ မီးစိမ်းလေးတွေ့လို့ခေါ်လိုက်ရင် ဖြေရမှာ စိုးလို့ပြေးရော .. လူမရှိတဲ့ပုံစံချိုးပြီး Profile ကို Idle လုပ်ထားလိုက်ကြတယ်။ ကိုယ်ကတော့ ရိုးရိုးဆိုတော့ ဘယ်သိပါ့မလဲ ကွန်ပျူတာနားမှာ လူတစ်ကယ်မရှိဘူးထင်တာပေါ့။
.
မအားရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ လူမှုရေးနာလည်ပါတယ်၊ အရှေ့ နဲ့ အနောက် နိုင်ငံခြားတော့ အချိန်ကွာတာလည်း သိပါတယ်။ ဒါပေမယ့် တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်လည်းမဟုတ်ဆိုတော့ သတိထားမိလာတာပေါ့။ တစ်ခါကဆို ပိုဆိုးသေးတယ် .. ကွန်ပျူတာဖွင့်ဖွင့်ခြင်း GTalk လည်းဝင်လိုက်ရော မီးအစိမ်းကနေ Offline ချက်ချင်းကြီး ဖြစ်သွားတယ်။
.
ဒီမြေနင်းပြီင်္းတော့ အထက်က ပုဂ္ဂိုလ်နဲ့ ထပ်တွေ့ပါတယ်။ လူချင်တော့မဟုတ်ဘူး .. GTalk ပေါ်မှာပဲ ဆုံဖြစ်ပြန်တယ်။ သူကလှမ်းနှုတ်ဆက်တယ် " How're you doing ?" တဲ့။ ကျွန်တော်လည်း " Good " လို့ တစ်လုံးတည်း ဖြေလိုက်တော့ ဘာပြောတယ်မှတ်လဲ .. " အဲ .. လဲ .. မဆိုးဘူးပဲ အမေရိကန်လိုတောင် နှုတ်ဆက်တတ်နေပြီ " တဲ့။ အမှန်က ကျွန်တော်က အစောကြီးကတည်းက ဒီလိုဖြေရတာ သိတယ်။ မြန်မာနိုင်ငံကျောင်းတွေမှာတော့ " I'm fine. Thank you. " လို့ သင်ခဲ့ရတာမဟုတ်လား။ ကိုယ်သိတဲ့ အင်္ဂလိပ်စာကို ဘယ်နေရာမှာသုံးရမယ်ဆိုတာ သိရင် အဆင်ပြေပါတယ်။ ဒါကို သူက ရေးကြီးခွင်ကျယ်လုပ်ပြီး အမေရိကားကို တော်တော်အထင်ကြီးနေတဲ့ တောသားကျွန်တော် စာတော်တော် တတ်လာပြီပေါ့ဆိုတဲ့ အချိုးမျိုး ချိုးတာ ကျွန်တော် သိတယ်။
.
.

.
.
အွန်လိုင်းမှာ ကူညီမလိုလိုနဲ့ အဆိုပါပုဂ္ဂိုလ်က ဒီသီတင်းပတ် သူခရီးထွက်ရမှာမို့လို့ နို့မို့ဆို အခု လာတွေ့တယ် .. ခရီးကလည်း မကြာပါဘူး တစ်ပတ်လောက်ပဲဆိုတော့ သူပြန်လာရင် ကျွန်တော့်ကို လာတွေ့မယ်လို့ ဆိုပြန်တယ်။ ကျွန်တော့်နေရာကလည်း ဝင်စဉ်းစားကြည့်ပါဦ်း၊ နေရာသစ်ကိုရောက်တာ ( ၁ ) ပတ်ကျော်ပဲ ရှိသေးတော့ ဘာမဆို အားငယ်နေတဲ့အချိန်လေ။ ကိုယ့်ကို ဘယ်သူက အပြင်ခေါ်သွားမလဲ၊ ဘယ်သူက စူပါမားကက်လိုက်ပို့မလဲ အမြဲတွေးတောနေတဲ့အချိန်ဖြစ်တာကတစ်ကြောင်း၊ ဘယ်သူအားမလဲ ဘယ်ကိုသွားမလဲဆိုတာ စောင့်နေရတဲ့ သိမ်ငယ်တဲ့အချိန်၊ အားနာနေရတဲ့အချိန်ကိုက်ပဲ သူလာခေါ်မယ် .. လာတွေ့မယ်ဆိုတော့ ပျော်တာပေါ့ .. မဟုတ်ဘူးလား။ ကျွန်တော် အဲဒီအချိန်ကနေ သူ့ကိုစောင့်လိုက်တာ စုစုပေါင်း ( ၄ ) နှစ်သာကြာသွားတယ်။ သူ မပေါ်လာဘူး။
.
သူနဲ့ နောက်ထပ် ( ၂ ) ကြိမ်ထပ်တွေ့တယ်။ ဒါကလည်း သူက ရှာလို့တွေ့တာမဟုတ်ဘူး။ တစ်ခေါက်က လေဆိပ်မှာ ဧည့်သည်သွားကြိုရင်း သူကလည်း သူ့ယောက်ခမကို လာကြိုတာနဲ့ ဆုံတာ။ နောက်တစ်ကြိမ်က မင်္ဂလာဆောင်မှာ။ သူ့ကိုတွေ့တိုင်း ကျွန်တော် ကိစ္စတစ်ခုကို အမြဲသတိရတယ်။ သူအခုအထိ ကျွန်တော့်ကို ပေးထားတဲ့ ကတိကို မေ့နေသေးပါလားဆိုတာကိုပါ။ ပြီးခဲ့တဲ့ ( ၄ ) နှစ်က ချိန်းထားတာ သတိရပြီး ကျွန်တော့်ကို အချိန်ပေးလည်း ကျွန်တော် အခု ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ပြီ .. မလိုတော့ပါဘူး။ ဒါဆို ကိုည်ီညီရယ် .. ဘာလို့ဗွေယူနေသေးလဲ? ဒီလိုလူကို မေ့ထားလိုက်ပေါ့၊ ခင်များလည်း ဘာမှထိခိုက်တာမှမဟုတ်တာ။ သူလိုလူ လောကကြီးမှာအများကြီး လို့ အရပ်က ပြောချင်ပြောမယ်။ ဒါပေမယ့် ဒီခံစားချက်ကို ကျွန်တော်သိတယ်။ မပြီးသေးဘူး ထပ်ရှိသေးတယ် သူ့အကြောင်း။
.
( ၂ဝ၁၃ ) ကျွန်တော့်စာမူတွေ ဂျာနယ်တိုက်ကို ပို့နေတဲ့ကာလတုန်းက သိပ်မရှင်းတဲ့အကြောင်းအရာတစ်ခုကိုမေးဖို့ သူ့ကို ဖုန်းဆက်ဖူးတယ်။ ကောင်းကောင်းမွန်မွန်ပြောပါတယ်။ ဒုက္ခသည် - Refugee အကြောင်း မသိလို့မေးတာ။ ဒါနဲ့ သူက “ ဦးညီ ဘလော့ဂ် ကို တွေ့တယ်။ သူလည်းပဲ သိတာတွေ မျှဝေပေးချင်တယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး လို့ ” ပြောပြန်တယ်။ ဒါနဲ့ ကျွန်တော်လည်း နည်းလမ်းရှိရင် ပြန်ပြောပြပေးမယ်လို့ ပြောထားခဲ့တာ မှတ်မိနေတယ်။ နောက်ပိုင်း ဖေ့ဘွတ်ခ် ပေါ် Group လေး ထောင်မိတဲ့အခါ သူ့ကို ပြေးပြီးသတိရမိတော့ သူလည်းကြိုက်မှာပဲထင်ပြီး အဖွဲ့ဝင်အဖြစ် ထည့်ထားမိတယ်။ နောက်ရက်ပိုင်းကျတော့ သူ့ကို မတွေ့ပြန်ဘူး။
.
တစ်ရက်မှာ ဖုန်းဆက်ပြီး " တစ်ချိန်က မင်းလုပ်ချင်တဲ့ အသိပညာမျှဝေဖို့ အခွင့်အရေးရပြီ၊ ဒါကြောင့် အဖွဲ့ထဲမင်းပါဝင်ပြီးတော့ .. အော့အော့ " လို့ပြောတုန်း ဘေးက သူ့မိန်းမအသံကြားတယ်။ သူက ကလေးထမင်းကျွေးနေတယ်လို့လည်းပြောတယ်။ စက္ကန့်ပိုင်းလေးသာခြားမယ် .. “ ဦးညီ ကျွန်တော့်ကိုပြောစရာရှိရင် စာပို့ထားပေးပါ။ ဒါဆို ကျွန်တော်စာပြန်လို့ရတယ်၊ အခု ကလေးအစားကျွေးနေလို့ မအားလို့ " ပြောပြီး ဖုန်းချသွားတယ်။ သူ့မိန်းမက အပြင်လူတွေနဲ့ စကားပေးမပြောဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်သိနေတယ်။
.
.
ကျွန်တော့်မှာ သူ့ကိုပြောချင်တဲ့စကားတွေက အများကြီးပါ။ အထက်ပါတင်ပြတာတွေကို ကျွန်တော်ခံရတယ်လို့ မယူဆပါဘူး။ မသိသေးတာကို သိအောင်သင်ပေးလို့တောင် ကျွန်တော် ကျေးဇူးတွေ တင်မိပါတယ် .. တစ်ကယ်ပါ။ မြန်မာနိုင်ငံကို စွန့်ခွာဖူးသူတိုင်း နယ်ခြား မြေခြားမှာ ဘာသာစကားမတတ်တာ နှုတ်ခမ်းပဲ့နေတာနဲ့ မကွာပါဘူး။ မလုပ်တတ် မကိုင်တတ်ဖြစ်တာကလည်း အတောင်ပံကျိုးတာနဲ့ မခြားပါ။ အမေရိကားမှာ ကားမမောင်းတတ်သေးတာကတော့ အထူးပြောစရာမလိုပါဘူး .. ခြေထောက်မရှိတဲ့အဖြစ်ဆိုးပါ။
.
ပိုဆိုးတာ နားခိုရာမရှိတဲ့ မိုးရွာထဲကငှက်သူငယ်လိုဘဝကို သူသိတယ်ဆိုရင် သူမလုပ်နိုင်တာ၊ အချိန်မပေးနိုင်တာကို လွယ်လွယ် ကတိမပေးသင့်ဘူးလို့ ကျွန်တော် ရိုးသားစွာသုံးသပ်မိပါတယ်။ မဖြစ်နိုင်တာကို အထာလေး မျှော်လင့်ချက်လေးပေးလို့ အသည်းကွဲဇာတ်လမ်းကို ဖြတ်သန်းခဲ့ကြတာ လူတွေအတွက် သိပ်မခက်ခဲ့ဘူး ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့မှလည်းမသိ၊ ဘယ်မှလည်းမသွားတတ်၊ ဘယ်မှာနေရာမှန်းမသိတဲ့ လတ်လတ်ဆတ်ဆတ် နိုင်ငံခြားရောက်လာသူတွေကိုပေးတဲ့ မျှော်လင့်ချက်က တော်တော်ဆိုးပါတယ်။ မလုပ်နိုင်ရင် မပြောပါနဲ့ အဆင်ပြေပါတယ်။ မတွေ့ချင်ရင် မချိန်းနဲ့ ပေါ်တင်ပြောလို့ နားလည်ပါတယ်။
.
.
ဒါနဲ့ မဆီမဆိုင် " ဆယ်တန်းမအောင်ရင်နေ .. လူမှုရေးနားလည်ရင်တော်ပြီ၊ ကတိတည်ရင် ရပြီ " ဆိုတဲ့ ကျွန်တော့်ဆိုင်က ကျွန်တော်ချစ်တဲ့ အလုပ်သမားကောင်လေးတစ်ယောက်ပြောခဲ့တဲ့စကား မှန်နေတာကို ကျွန်တော် အခုထိ အမှတ်ရနေမိပါတယ်။
.
.
ဓါတ်ပုံ - အင်တာနက်

"  ပြန်မပြောချင်တဲ့ သံယောဇဉ်မြန်မာအကြောင်းတွေ " စာမူသည် ၂ဝ၁၅ မတ်လ ( ၂၈ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၇၉ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/5sf33kmwiz4hmca/NetGuide+Vol+3%2C+Issue+79.pdf




No comments: