ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 30, 2021

"ကျွန်တော် အောင်ပြီ" "ယုံကြည်စွာ ခိုလှုံရာ" အပြီးသတ် အပိုင်း ၁ဝ။

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော် မင်းပိုင်ထွန်းပါ ဦးညီရေ
__________________________ ကျွန်တော် Asylum အောင်ပြီဗျ။ ကျွန်တော် ဒီကို အလည်ဗီဇာနဲ့ ၂ဝ၂ဝ၊ __ လပိုင်းမှာရောက်ပါတယ်။ ရောက်ပြီး ၉ လ ကျော်မှ ရှေ့နေနဲ့တွေ့ပြီး Asylum အတွက် အမှုအပ်ခဲ့တယ်။ ကံကောင်းချင်တော့ အမှုလက်ခံကြောင်းစာကို ၁ ပတ်အတွင်း ရတယ် ဦးညီ။

နောက် ၁ လ အကြာမှာ
___________________ လက်ဗွေနှိပ်ရတယ်။ ၂ဝ၂၁၊ ၁ လပိုင်း အလယ်လောက်မှာ အင်တာဗျူးရက်ချိန်း ရတယ်။ အင်တာဗျူးရက်က ၂ လ ပိုင်းဆိုတော့ ကျန်တဲ့ ၂ ပတ်ထဲမှာ စာရွက်စာတမ်းတင်ဖို့ အသင့်မဖြစ်သေးတာကြောင့် ‌ရှေ့နေနဲ့တိုင်ပင်ပြီး ရက်ချိန်းကို နောက် ၁ လ ပြန်‌‌‌ရွှေ့လိုက်တယ် ဦးညီ။

၃ လ ပိုင်း ပထမအပတ် USCIS
___________________________ မှာ အင်တာဗျူး သွားဖြေတယ်။ မေးတဲ့အရာရှိက အတော်လေးစိတ်ရှည်ပြီး အတွင်းကျကျ မေးတယ်။ မေးတဲ့အချိန် ၃ နာရီ ကြာတယ်။
အဖြေကို ၂ ပတ်ကနေ ၂ လအတွင်း ပို့ပေးမယ် ပြောလိုက်တာကို ဦးညီကို ဒီစာရေးပြတဲ့အချိန် မနေ့က လက်ခံကြောင်း စာပို့တယ်ဗျ။

အိမ်လိပ်စာက
____________ သူငယ်ချင်းအိမ်သုံးထားတော့ စာတွေကရောက်နေပြီ၊ သွားမယူရသေးလို့ လက်ထဲတော့ မရောက်သေးဘူး ဦးညီ။ တချို့ကတ်တွေလည်း ရှေ့နေဆီ ရောက်နေပြီးသား ရှိနေတယ်။

ကျွန်တော်အလုပ်အပ်ခဲ့တာက နယူးယောက်က ဒေါ်စန္ဒီခိုင် ပါ။ မိသားစုကို ဒေါ်လာ ၃၅ဝဝ ပေးရပါတယ်။ ကျွန်တော်က နားမလည်တော့ ကိုယ်တိုင်မလျှောက်ရဲလို့ ရှေ့နေအပ်တာပါ။

NYC ကို ရောက်ရောက်ချင်းတော့ ဘာကတ်မှ မရှိပါဘူး။ City ID လုပ်လိုက်တယ်။ ကျန်းမာရေး အာမခံကတ်တွေ လုပ်တယ် ဒီလောက်ပါပဲ။ DMV Learner Permit ရှိတယ်
အဲဒီကတ်တွေနဲ့ပဲ နေရတာ။



အလုပ်ကတော့ NYC
__________________ မှာ လူမျိုးလည်းစုံ၊ ကိုယ်လိုသူလို လူတွေများပြီး Cash အလုပ်တွေပေါတော့ အဆင်ပြေပါတယ်။ အစတော့ တော်တော့ကို ရုန်းကန်ခဲ့ရတယ်။ ကျောက်တန်းမှာဝင်လုပ်တာ လစာ နှိမ်ပြီးပေးတော့ ထွက်ပြီး တခြားအလုပ် ပြောင်းလိုက်တယ်။ အခုအလုပ်က အဆင်ပြေတယ် Casher အလုပ်။ ၁ နာရီ ၁၈ ဒေါ်လာ ငွေသား ပေးတယ်။ အခုအချိန်ဟာ အဆင်ပြေမယ့် လမ်းကြောင်းပေါ် ရောက်လာပြီလို့ ခံစားရလို့ ဦးညီရဲ့ စာဖတ်ပရိသတ်သိအောင် မျှဝေချင်လို့ ပြောပြတာ ဖြစ်ပါတယ်။


တစ်ကြိမ်ထဲနဲ့ ဗီဇာရပါတယ် ဦးညီ
_____________________________ အလည်ဗီဆာကို လျှောက်ပေးတာက ရန်ကုန်မြို့ _____ မှာနေတဲ့ ကို _____ လျှောက်ပေးတာပါ။ မိသားစုလိုက် လျှောက်ပေးခ ______ ကျပ် ပေးရပါတယ်။ ကျွန်တော်ကိုယ်တိုင် လျှောက်တတ်ပေမဲ့ သူက အတွေ့အကြုံများလို့ သူ့ဆီကအကြံဉာဏ် တချို့ယူချင်လို့ သူနဲ့ လျှောက်လွှာတင်တာပါ။

ဗီဇာအင်တာဗျူးမှာ
_________________ သိပ်ဆိုးပါတယ်လို့ နာမည်ကြီးတဲ့ ကိုရီးယား အမျိုးသမီးအရာရှိနဲ့တွေ့ပါတယ်။ အဆင်ပြေခဲ့တယ်။ ကျွန်တော်က အမေရိကားအကြောင်းကို သေသေချာချာ လေ့လာထားပါတယ်။

ဦးညီရေးတဲ့ "ဒါဖတ်ပြီးမှသွားသင့်တဲ့ အမေရိကားစာအုပ်" ဆို
_________________________ ဖတ်တာ ဘယ်နှကြိမ်မှန်းတောင် မမှတ်မိအောင်ပါပဲ။ Group တွေမှာ ရေးသမျှစာတွေလည်း ဖတ်တယ်။ မလာခင်ကတည်းက Asylum အကြောင်း၊ ရှေ့နေတွေအကြောင်း၊ အားလုံးလေ့လာပြီး ဒီမှာနေတဲ့သူလောက်နီးနီး ဗဟုသုတရရှိပြီးမှ ထွက်လာခဲ့တာပါ။

ဒီဘက် လေဆိပ်ရောက်တော့ အကြီးအကျယ် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ် ဦးညီရေ။ လေဆိပ်ကို အဝင်မခံဘဲ အပေါက်ဝကနေ ပြန်လွှတ်တယ် ဆိုတာတွေ မလာခင်တုန်းက ကြားဖူးထားတော့ လန့်တာပေါ့။

ကျွန်တော် စိတ်အပူလွန်ပြီး မိသားစု ၃ ယောက်မှာ အဝတ်အိတ် ၃ လုံးပဲ ယူခဲ့တယ်။ အစားအသောက် ၁ အိတ်ကတော့ မေ့လို့မရဘူး။ အားလုံး ၄ အိတ်ပဲ ပါတယ်။ ကိုယ်က အလည်ဗီဇာနဲ့ လာတာဆိုတော့ လေဆိပ် လဝက မျက်စိနောက်မှာကြောက်ပြီး မသယ်ရဲဘူး။

အလည်ဗီဇာက ၆ လ ရတယ်
_________________________ (ပါ့စပို့သက်တမ်းက ၄ နှစ် ကျန်သေးတယ်။ ပါ့စပို့ကအဟောင်းသက်တမ်း မကုန်သေးဘဲ အသစ်ထပ်လုပ်ခဲ့တာ။ ဗီဇာရပြီးလို့ အမေရိကားကိုလာရင် Green Card ရဖို့က ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမသိနိုင်တော့ ကြားထဲမှာ သက်တမ်းကုန်သွားမှာစိုးလို့ပါ)

ဗီဇာသက်တမ်း ကုန်ခါနီးမှာ
_______________________ ရှေ့နေကို ခိုလှုံခွင့် လျှောက်ရတော့မလားဆိုပြီး ဖုန်းဆက်လှမ်းမေးတယ်။ ရှေ့နေက ဗီဆာသက်တမ်းကုန်ဖို့ ၁ နှစ် ပြည့်ခါနီးမှ တင်ပေးမယ် ပြောတယ်။ ၉ လ ပြည့်တော့ ရှေ့နေဆီကို ဖုန်းထပ်ဆက်တယ်။ အဲဒီအချိန်မှာ သူက "အမှုလာအပ်တော့ တင်တော့မယ်" လို့ ပြောတယ်။ အဲဒါနဲ့ပဲ ၉ လ ကျော်မှာ စပြီး လျှောက်လွှာတင်ဖြစ်ခဲ့တယ်။

ဒီမှာရှိတဲ့ ရှေ့နေတွေအကြောင်းကို မြန်မာပြည်မှာကတည်းက ကျွန်တော်အသေအချာစုံစမ်းခဲ့ပါတယ်။ ဒီရောက်တော့ ထပ်ပြီး လေ့လာတယ်။ တစ်ခုသိလာတာက လုပ်ပေးတဲ့သူတိုင်းဟာ ရှေ့နေမဟုတ်ကြဘူး။ တချို့က စကားပြန်၊ တချို့က အမှုပွဲစား၊ တချို့က ရှေ့နေဆိုပေမဲ့ လဝက ရှေ့နေမဟုတ်ဘူး။


ဒေါ်စန္ဒီခိုင်ကတော့ လဝက ရှေ့နေ
____________________________ အဲဒါကြောင့်သူနဲ့ အပ်ခဲ့တာပါ။ သူ့မှာ သူများတွေရဲ့ဝေဖန်မှုတချို့ ရှိပေမဲ့ အလုပ်လုပ်တာ တိကျသေချာပါတယ်။ ဟာကွက်မရှိအောင် လိုအပ်သမျှ ပြင်ဆင်ပေးတယ်။ စတိုရီက သူရေးပေးတာပါ။ အမျိုးသမီးက အစ္စလာမ်ဖြစ်ပြီး ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အပေါ်မှာ အခြေခံပြီး ရေးတာပါ။ အင်တာဗျူးအတွက်လည်း ဒေါ်စန္ဒီခိုင်က ကျကျနန သင်ပေးပါတယ်။

အရာရှိက ဘာမေးလို့ ဘာပြန်ဖြေရမယ်၊ ဘယ်လိုပုံစံ မေးလိမ့်မယ်၊ ဘယ်လိုပုံစံ ပြန်ဖြေရမယ် ဆိုတာ ခရေစေ့တွင်းကျ သင်ပေးပါတယ်။ အင်တာဗျူးအတွက် ကျွန်တော်တို့ကို ၁ ရက်ကို ၃ ကြိမ်၊ ၃ ရက်ဆက်တိုက် လေ့ကျင့်ပေးတယ်။ သူကမေး ကျွန်တော်က ဖြေ၊ မိသားစုက ဖြေနဲ့ တကယ်လည်း အင်တာဗျူးနေ့မှာ သူနဲ့လေ့ကျင့်ထားတဲ့အတိုင်း အမေးခံရတယ်။ ခက်ခက်ခဲခဲ မကျက်ခဲ့ရပါဘူး။

စတိုရီထဲကဟာကို တကယ်ပဲ ကိုယ်တိုင်ဖြစ်ခဲ့တယ်လို့ မျက်လုံးထဲမြင်၊ စိတ်ထဲမှာခံစားပြီး နေ့စွဲတွေ သေချာမှတ်ရင်း ဖြေခဲ့တာပါ။ မေးတာတော့ သေသေချာချာ မေးတယ်။ အကြောင်းအရာတစ်ခုကို ၃-၄ ခေါက် လှည့်ပတ် မေးတယ်။ သူတို့ ဘယ်လိုမေးမေး လည်မထွက်သွားဘဲ သေချာဖြေနိုင်ခဲ့ပါတယ်။

_________________________
_________________________
ကိုမင်းပိုင်ထွန်းက ဖောင်တင်ပြီးတာနဲ့ WP တန်းရတာလား ။ အခု ၂ လ ကျော်မှရတာက WP နဲ့ SSN မဟုတ်လား။ အင်တာဗျူးက တကြိမ်ပဲ ဖြေရသေးတာ မဟုတ်ဘူးလား။ ဒါဆိုရင် Green Card လျှောက်ခွင့် ပေးပြီလား။ တချို့လူတွေက လျှောက်လိုက်ပေမဲ့ အင်တာဗျူးမရ၊ ဘာကတ်မှ မရတာ ဘာကြောင့်များလဲ။
_________________________
_________________________


ဖောင်တင်ပြီးရက် ၁၅၀ ကျော်အထိ
______________________________ အင်တာဗျူးမရရင် SSN နဲ့ Work Permit လျှောက်လို့ရပါတယ်။ ကျွန်တော်က လျှောက်ပြီး ၃ လ မှာ တင်တာကို အင်တာဗျူးရက် တန်းရခဲ့တာပါ။ ထပ်ပြီးတော့ အင်တာဗျူး ၁ ကြိမ်တည်းနဲ့ USCIS က အအောင်ပေးလိုက်ပါတယ်။ ထပ်ဖြေဖို့ မလိုတော့ပါဘူး။

ကျွန်တော်က SSN နဲ့ Work Permit မလျှောက်ထားပါဘူး။ အင်တာဗျူးအောင်တဲ့အတွက် တခါထဲ USCIS က ပို့လိုက်တာပါ။ Green Card စလျှောက်ခွင့်ရမယ့်ရက်က မေလလယ် ထဲမှာပါ။

၂ လ ကျော်မှာ ရတာက
____________________ အင်တာဗျူးအဖြေပါ။ အင်တာဗျူး အဖြေနဲ့အတူ ကတ်တွေပို့လိုက်တာပါ။ ကျွန်တော့အသိတွေ Asylum လျှောက်ထားပြီး ၅-၆ နှစ်ရှိပြီ အခုထိ အင်တာဗျူးရက် မရကြသေးပါဘူး။ ကံပဲ လို့ထင်ပါတယ်။ ကျွန်တော်က Asylum လျှောက်ပြီးတာနဲ့ လက်ဗွေနှိပ်-အင်တာဗျူးရက်ရ-ဖြေ- ၂ လ နေတော့အဖြေရ- SSN နဲ့ Work Permit မလျှောက်ခဲ့ရပါဘူး။

ဒီ ၂ ခု လျှောက်ဖို့ကို
________________ လျှောက်ခက တစ်ယောက်ကို ဒေါ်လာ ၂၅ဝ ပေးရတာ ရှိတယ်။ ၄၅ဝ ပေးရတာလည်း ရှိတယ်လို့ သူများ‌ပြောသံ ကြားပါတယ်။ ကျွန်တော့ ရှေ့နေက အင်တာဗျူးအဖြေ ခဏစောင့်ပါ၊ အောင်ရင်တခါတည်း ရမယ်ပြောလို့ အဖြေကိုစောင့်လိုက်တာ မှန်သွားတာပေါ့ ဦးညီ။

ဒေါ်စန္ဒီခိုင်က Asylum တင်ပြီး ရက်ပေါင်း ၁၅ဝ ကျော်ရင် SSN နဲ့ Work Permit ကို ASAP Member ဝင်ပြီး လျှောက်ပေးပါတယ်။ ပုံမှန်ဆိုရင် ရက်ပေါင်း ၃၆ဝ စောင့်ရတယ်လို့ ပြောကြတယ်။

ASAP Member က ရက် ၁၅၀ နဲ့ လျှောက်လို့ ရပါတယ်။ အဲဒါကလဲလျှောက်ပြီး ချက်ချင်း မရတတ်ကြပါဘူး။ တချို့က ၂ ပတ်နဲ့ ရပြီး တချို့ကျတော့ ၂-၃ လ ကြာတယ်လို့ ပြောကြတယ်။

ရှေ့နေရဲ့ သင်ပြမှုတွေနဲ့ သူရဲ့ကျွမ်းကျင်မှု အတွေ့အကြုံ ရင့်ကျက်မှုတွေ အများကြီးအရေးပါတယ်လို့ ကျွန်တော်ထင်တယ်။ နောက်ဆုံးတော့ ကံ၊ ကံ​၏အကျိုး ပါပဲ။

ဒီကာလတလျှောက်လုံး အလိမ်မခံရအောင်၊ မလိုအပ်ဘဲ ငွေမဆုံးရှုံးအောင်၊ ရှေ့နေရွေးမမှားအောင်၊ စာတွေဖတ်တယ်၊ လေ့လာတယ်၊ မှတ်သားတယ်၊ ဘယ်သူဘာပြောပြော မတွေဝေပါဘူး။




အမေရိကား လာချင်နေတဲ့သူတွေ
_______________________________ အခု သိပ်များတယ်။ စာလည်း မဖတ်ကြဘူး။ Group တွေမှာ ပို့စ်တွေတင်ကြ၊ မေးကြ၊ သူ့တို့ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပေမဲ့ စာဖတ်ပြီး ကိုယ်တိုင်လေ့လာကြရင် သိပ်ကောင်းမှာပဲ။

ကျွန်တော့တုန်းက
________________ ဘယ်သူ့မှ လိုက်မမေးဘူး။ ကို့ယ်ဟာကိုယ် တယောက်တည်း လေ့လာပြီး ကိုယ့်ရဲ့စိတ်အားထက်သန်မှုနဲ့ ရောက်လာခဲ့တာပါ။ မလာခင်တုန်းက ဘာသာစကားမတူတဲ့တိုင်းပြည်သွားရမှာဆိုတော့ မတတ်ပေမဲ့ အင်္ဂလိပ်စာကို မရအရ လုပ်ခဲ့တယ်။

သူများတွေက ကြည့်ရင် သိပ်ရူးတာပဲ လို့ ထင်ချင်ထင် ကျွန်တော်ကတော့ စာအော်ဖတ်လည်း မရှက်ဘူး။ အင်္ဂလိပ်စာနဲ့ပတ်သက်ရင် လုံးဝ မရှက်တတ်ဘူး။ ထစ်အထစ်အ ဖြစ်လည်း ဘာအရေးလဲ။ ကိုယ်ပြောတာ သူသိ၊ သူ‌ခိုင်းတာ ကိုယ်လုပ်တတ်ရင် အမေရိကားမှာ အဆင်ပြေတယ်လို့ ‌ဦးညီရေးထားတာတွေက အခု လက်တွေ့လေ။

ဒီရောက်တော့ Covid-19 ရဲ့ဒဏ်ကို အလူးအလဲ ခံလိုက်ရတယ်။

Covid-19 ရယ်၊ ဆောင်းရာသီရယ်
____________________________ ပေါင်းပြီး ၃ လ အလုပ်မရှိ။ ပါလာသမျှ ထိုင်စားခဲ့ရတာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ နောက်လအတွက် အိမ်လခပေးစရာ မရှိတော့လို့ မြန်မာပြည်ကို ငွေပြန်မှာရတဲ့အထိကို ကြုံခဲ့တယ်။

စိတ်ဓါတ်တွေ ကျတာလည်း
________________________ အခါခါ။ အဆိုးဆုံးတွေ ရင်ဆိုင်ခဲ့ရပြီးပြီ။ အခု မြန်မာပြည်သူတွေ စစ်အုပ်ချုပ်ရေးအောက်မှာ အဆိုးဆုံး ရင်ဆိုင်နေရပြီ။ အဝေးကမြန်မာတွေနဲ့ ကျွန်တော်တို့ မိသားစု အတူတူတိုက်ပွဲဝင်သွားမယ်။ တကယ်လို့ ဖြစ်နိုင်ရင် ကျွန်တော်ကမြန်မာတစ်နိုင်ငံလုံး အမေရိကားခေါ်ချင်တာပါ ဦးညီ။

ကိုမင်းပိုင်ထွန်းရဲ့ ဖြူစင်ရိုးသားတဲ့စိတ်နဲ့ ဖြတ်သန်းခဲ့သမျှကို နောက်လူတွေသိအောင် ချန်ထားပေးခဲ့တာက မြန်မာတွေရဲ့ပြည်ဝင်ခွင့်တံခါးချပ်တွေကို ဆွဲဖွင့်သွားပေးတာပါ။ အထူးကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ မကြာမီ မုချ အောင်မည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-30-2021

1 comment:

Unknown said...

အရမ်းကျေးဇူးတင်ပါတယ် ဆရာ