ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ကျွန်တော်က
ပေါင်းစပ်ရေးသမားခင်ဗျ။ ပေါင်းစပ်ရေးဆိုလို့ အလုပ်မဖြစ်တဲ့နိုင်ငံရေးဆွေးနွေးမှုကြီးလို၊
မဟုတ်ကိုအဟုတ်လုပ်တဲ့ဟောလီဝုဒ်လို ဟိုပေါင်းဒီပေါင်းမလုပ်ပါဘူး။ ကျွန်တော်ပေါင်းလိုက်တာကို
လူကြိုက်ရမယ် .. နားဝင်ချိုရမယ် .. မျက်စိပသာဒကျ
လှပရမယ်။ ပြီးသွားရင် နှလုံးသားထဲမှာ စွဲငြိသွားရမယ် .. ကောင်မလေးတွေရော ကောင်လေးတွေရော
အားလုံးပေါ့..။ ပြီးတော့ တစ်နှစ်ကုန်လို့ နှစ်သစ်ကူးပြီဆိုတာနဲ့ ကျွန်တော့ရဲ့ပြန်ပေါင်းထုတ်ဆိုလို
ကို စောင့်နေသူတွေ စောင့်ရကြိုးနှပ်စေရမယ်။ ဖြစ်ရမယ်လေ .. ဒါတွေက ကျွန်တော့နှလုံးသားထဲကလာတာပဲ။
Heart ထိတဲ့သီချင်းလေးတွေတော့ဖြစ်ရမှာပေါ့။
.
Pop
Danthology တစ်ခုဖြစ်လာဖို့ ကျွန်တော် နာရီ ( ၁၈ဝ ) ကျော် အလုပ်လုပ်ရပါတယ်။ သီချင်းစစုဖို့ဆို
ဇန္နဝါရီလမှာ လုပ်ရပြီ။ တစ်နှစ်ပတ်လုံး ကျွန်တော်ဘယ်ရောက်ရောက် သီချင်းတစ်ပုဒ်ကောင်းတာကြားပြီဆို
စာအုပ်ထုတ်ပြီးမှတ်ရပြီ .. လိုက်နားထောင်ရပြီ။ ပန်းကန်ဆေးနေရင်း၊ ကားမောင်းနေရင်း၊
တစ်ခုခုလုပ်နေရင်း လက်ကိုင်ဖုန်းထုတ်ပြီး အသံသွင်းထားရပြီ။ တစ်ခါများကဆို ကျွန်တော့ချစ်သူကိုနမ်းနေတုန်း
ဘေ့စ်ကောင်းကောင်းလေးသီချင်းလေးကြားတော့ “ အချစ်ရေ .. ဒီနားမှာခဏစောင့် ” ဆိုပြီး သီချင်းသံကို
ဖုန်းနဲ့အသံသွားသွင်းလိုက်တာ ကောင်မလေးက မိုးရွာထဲမှာ ကျန်ခဲ့လို့ဗျာ .. ဒုက္ခရောက်တော့မလို့။
ဒါအဆင့်ကတော့ သီချင်းရှာတယ်ပေါ့ဗျာ။
.
.
ဒုတိယအဆင့်မှာတော့
သီချင်းစု - Gathering လုပ်တဲ့အလုပ်ကိုလုပ်ရတယ်။ စက်တင်ဘာလရောက်ပြီဆိုရင် ရှာထားတဲ့သီချင်းအားလုံးကို
စာရင်းလုပ်ပြီး ဒေါင်းလော့ဒ်လုပ်ဖို့ရှာရတယ်။ အဲဒီမှာ ခြေဆင်းသီဆိုမှု ( တီးလုံးမပါဆိုသံချည်း
) – Acapella နဲ့ တူရိယာသံ - Instrumentals တွေဆိုပြီး ခွဲရှာရတယ်။ ဒီကိစ္စတွေပြီးမြောက်ဖို့
နာရီ ( ၃ဝ ) ထိုင်လုပ်ရတယ်။ ဒီအဆင့်ကို ကျွန်တော်မကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲသိလား
.. ပြောပြီးပြီလေ .. ကျွန်တော်ကျွမ်းကျင်တာက ပေါင်းစပ်တာလို့ .. အခုဟာက သီချင်းသံ၊
အဆိုသံ၊ Chorus အပိုဒ်ဆိုသံတွေ အရည်အသွေးမကောင်းမချင်း ကျွန်တော့ရဲ့ ဝါသနာက ဆွဲယူခွင့်မပြုဘူးလေ။
.
အဲ
.. ကျွန်တော်လိုချင်တဲ့ Quality ရပြီဆိုရင်တော့ အစိတ်အပိုင်းတွေကို ပြန်စုစည်း -
Organizing လုပ်ဖို့အချိန်ကျပြီ။ Tempo ၊ PPM နဲ့ခွဲပြီး မတူညီတဲ့သီချင်းတွေကို စည်းသံဝါးချက်မပျက်ပေါင်းစပ်လို့ရမယ့်သီချင်းတွေကို
စာရင်းလုပ်ပါတယ်။ Pop Danthology တစ်ခုဖြစ်လာဖို့ စည်း-ဝါး သာမက အသံနေအသံထားဟာမိုနီ
- Harmony ပါ ကိုက်အောင် ရှာရပြန်တယ်။ တစ်ကယ်လို့ဗျာ .. သီချင်း ( ၂ ) ပုဒ်က ကီး -
Key မတူပဲရောလိုက်ရင် တော်တော်နားကလောမယ့်ကိစ္စပဲလေ။