ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ရဲမင်း ။ ။ မင်း ငါ့ကိုအကူအညီတောင်းစရာရှိတယ်ဆို ဘာများလဲ
ရဲသွေး ရ..။
.
ရဲသွေး ။ ။ အေး .. ဟုတ်တယ်။ ငါက ဒီရောက်တာမကြာသေးတော့
မသွားတတ် မလာတတ်ဖြစ်နေလို့ မင်းကိုကျောင်းအပ်ခိုင်းမလို့ပါ။
.
.
ရဲမင်း ။ ။ ကောလိပ်ကျောင်းလား? တက္ကသိုလ်တစ်ခါတည်းတက်မှာလား?
.
ရဲသွေး ။ ။ ငါ့မိဘတွေကတော့ အကုန်အကျသက်သာအောင် နဲ့
ကျောင်းမြန်မြန်ပြီးအောင် တက္ကသိုလ်တက်ခိုင်းတယ်။ ငါ့အထင် တက္ကသိုလ်တက်ရင် စာနိုင်မယ်မထင်ဘူးကွ။
.
.
ရဲမင်း ။ ။ ဟင် .. ဟုတ်ပါ့မလား။ မင်းက ဒီ အမေရိကားမလာခင်လေးကပဲ
( ၁ဝ ) တန်းမှာ ဂုဏ်ထူး ( ၅ ) ခု ထွက်ခဲ့တာဆို။ မင်းလုပ်နိုင်မှာပါ။
.
ရဲသွေး ။ ။ ဒါက မင်းထင်တာကိုးကွ။ ငါ့အတွက်က ဒီနေရာမှာ
ယဉ်ကျေးမှုအသစ်၊ အမြင်အသစ်၊ ဘာသာစကားအသစ်၊ စာသင်စံနစ်အသစ်နဲ့ အားလုံးအသစ်ချည်းပဲ။ အခုမှ
စသင်နေတုန်းဆိုတော့ မင်းကိုမေးချင်တာလဲပါတယ်။ ဒါကြောင့် မင်းကို စကားပြောဖို့ ခဏခေါ်လိုက်တာ။
မေးချင်တယ်ဆိုရင်တော့ ပိုမှန်ပါတယ်ကွာ။
.
.
ရဲမင်း ။ ။ မြန်မာနိုင်ငံကနေ ဒီနိုင်ငံကိုလိုက်လာတဲ့
ကျောင်းသားတွေကို အကြမ်းအားဖြင့် ( ၄ ) မျိုးခွဲနိုင်တယ်။
.
( ၁ ) ကလေးငယ်
- မူလတန်း ကနေ အလယ်တန်းအထိ
.
( ၂ ) အတန်းကြီးပေမယ့်
( ၁ဝ ) တန်း မအောင်သေးသူ
.
( ၃ ) ( ၁ဝ
) တန်းအောင်ပြီး ဇဝေဇဝါဖြစ်နေသူ
.
( ၄ ) မေဂျာတစ်ခုခုနဲ့ကျောင်းပြီးထားပြီး
ကျောင်းဘယ်လိုစတက်ရမှန်းမသိသူ -
.
ဒီ ( ၄ )
မျိုးထဲမှာမပါတဲ့ကျောင်းသားတွေကတော့ အမေရိကားကျောင်းတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်ပြီး
ကောလိပ် နဲ့ တက္ကသိုလ်လာတက်ဖို့ တစ်ယောက်တည်းကြိုးစားရသူတွေပေါ့ကွာ။
.
ရဲသွေး ။ ။ အဲဒီထဲမှာ ငါက ဘယ်နေရာကနေပါတာလဲကွ။
.
.
ရဲမင်း ။ ။ မင်းက ရှင်းရှင်းလေး ( ၁ဝ ) တန်းအောင်ပြီး
အမေရိကားမှာ ဘယ်ကစတက်ရမှန်းမသိတဲ့ အုပ်စု ( ၃ ) ထဲမှာပါတာပေါ့ကွ။
.
ရဲသွေး ။ ။ အေးပါ မင်းပဲပြောတော့ .. ဆက်ရှင်းစမ်းပါဦး။
.
.
ရဲမင်း ။ ။ ကလေးငယ်တွေရောက်လာရင် မူလတန်း (1-5)၊ အလယ်တန်း
(6-8) နဲ့ အထက်တန်း (9-12) တစ်ဆင့်ပြီးတစ်ဆင့်တက်သွားရုံပဲလေ .. ဒါက နံပါတ် ( ၁ ) အုပ်စုထဲကပေါ့။
.
( ၂ ) သမားတွေကလည်းရှင်းတယ်
.. တစ်ခြားရွေးချယ်စရာမရှိဘူး အထက်တန်းကျောင်းတက်ရုံပဲ။ သူတို့မှာ အခက်အခဲမရှိဘူး။
မိဘတွေအတွက်ပဲ ခက်ခဲတာ။
.
ရဲသွေး ။ ။ မင်းပြောတာနားမလည်ဘူး။ ကျောင်းတက်ရမှာ
ကျောင်းသားတွေမဟုတ်လား။ မိဘတွေက ဘာလို့ခက်ရမှာလဲ။
.
.
ရဲမင်း ။ ။ အဲဒါကို ငါပြောတာပေါ့ကွ။ နည်းနည်းပါးပါးလေ့လာပါ။
သင်ယူပါ။ မှတ်သားပါလို့ ..။ မင်း ရဲ့ ညီလေး၊ ညီမလေးတို့ ကျောင်းတက်တော့ အစ်ကိုဖြစ်တဲ့မင်းက
ကားမောင်းလိုင်စင်မရသေး။ ကားလည်းမမောင်းနိုင်သေး။ ဝင်ငွေလည်းမရှိသေးနဲ့ဆို ကျောင်းကို
ဘယ်သူက လိုက်ပို့မှာတုန်း။ မိဘတွေပို့မှ ကျောင်းဆိုတာ ရောက်တော့မပေါ့။ ဒါကြောင့် မိဘတွေပဲ
ခက်ခဲတယ်လို့ပြောတာ။ မင်း စဉ်းစားကြည့်..။
.
မိဘ ( ၂
) ယောက်မှာ တစ်ယောက်က ကျောင်းကိစ္စဆောင်ရွက်ရမယ်။ မနက်ပို့ရမယ်၊ နေ့လည် ပြန်ကြိုရမယ်၊
ဒါဆို အလုပ်ဘယ်အချိန် သွားလုပ်မလဲ။ ဒီလိုနဲ့ မိဘတစ်ယောက်ပဲအလုပ်လုပ်တဲ့အခါ ဝင်ငွေက
မလောက်မငနဲ့ ကူမယ့်သူမရှိရင် မလွယ်ဘူး။ အေး .. မြန်မာနိုင်ငံကနေ မင်းတို့ ငွေတော်တော်ပါလာရင်တော့
မပြောတတ်ဘူး။
.
ရဲသွေး ။ ။ ဒါဆို ဘယ်လိုလုပ်ရမှာလဲ။
.
.
ရဲမင်း ။ ။ သိပ်တော့စိတ်မပူပါနဲ့။ စတင်ရွှေ့ပြောင်းလာသူ
- New Immigrant ဆိုရင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုရတယ်။ ဒီမှာတော့ Medical
Care လို့ခေါ်တယ်။ အစိုးရကပေးတာမဟုတ်ပဲ နေထိုင်တဲ့ ပြည်နယ်၊ ဖယ်ဒရယ်က ပေးတာပေါ့။
.
ဒါက ကျောင်းသားနဲ့တော့မဆိုင်ပေမယ့်
ကျန်းမာရေးအာမခံတစ်ခုခုမရှိပဲ ဆေးမစစ်၊ ကာကွယ်ဆေးမထိုးရင် ကျောင်းက ပေးမဝင်ပြန်ဘူး။
အဲဒါကိုအရင် ဖြစ်အောင်လုပ်ထားရမယ်။ ဒါမှ အမေရိကားတိုက်ပွဲကို တစ်ဝက်နိုင်ပြီးသားဖြစ်မှာ။
နောက်သတင်းကောင်းတစ်ခုက အမေရိကားမှာ အခြေခံပညာကျောင်းအားလုံးက အခမဲ့ - Free လေ။ ဒီအားသာချက်က
အရမ်းအဆင်ပြေတယ်။
.
ရဲသွေး ။ ။ ဒါဆိုရင် ငါ့အတွက်ရော ကျောင်းစားရိတ်မကုန်တော့ဘူးပေါ့။
.
.
ရဲမင်း ။ ။ ဒါက မင်း ဘယ်ကျောင်းတက်မလဲပေါ်မှာမူတည်တယ်
နံပါတ် ( ၃ ) သမားကြီးရေ။
.
ရဲသွေး ။ ။ အော် .. မင်းက ငါ့ကို ဇဝေဇဝါဖြစ်နေသူလို့ပြောတာပေါ့။
.
.
ရဲမင်း ။ ။ ဟုတ်တယ်လေကွာ။ ဇဝေဇဝါဖြစ်လို့ မင်းက ငါ့ကိုအခုခေါ်မေးပြီ
မဟုတ်လားကွာ..။
.
ရဲသွေး ။ ။ လုပ်ထားပေါ့ကွာ။ သူ့ အားကိုးပါတယ်ဆိုမှ
ဖြဲခြောက်ပြီး စိတ်အားငယ်အောင် လာလုပ်နေတယ်။
.
.
ရဲမင်း ။ ။ စတာပါကွာ။ ဒီလိုရှိတယ်ကွ။ မင်းရဲ့ပညာရေးအခြေအနေကိုဆက်ပြောရရင်
မြင့်မယ်ဆိုရင် ကောလိပ်တင်မကဘူး တက္ကသိုလ်တောင် တန်းတက်လို့ရတယ်။ အေး .. အောက်သက်ကျေချင်ရင်တော့
ဒီက အထက်တန်းတစ်နေရာရာကနေ ပြန်ကြိုးစားလို့ရတယ်လေ။ ဘာအားငယ်စရာရှိသလဲ။ အားလုံးမင်းလက်ထဲမှာ
ရွေးချယ်စရာချည်းပဲ။
.
ရဲသွေး ။ ။ အေး .. ဒီလို အားပေးစမ်းပါ။ နည်းလမ်းတွေပေးပါကွာ။
ပြောပြမှသိမှာပေါ့ .. အားကိုးပါတယ်ကွာ။
.
.
ရဲမင်း ။ ။ ရပါတယ်။ တစ်ချို့ကျတော့ အတန်းအဓိကမကျဘူး။
အင်္ဂလိပ်စာကို အထက်တန်း အထူးသဖြင့် Grade 11 – Junior တန်း နဲ့ Grade 12 – Senior တန်းတို့ကို
ပြန်တက်ချင်တဲ့လူငယ်တွေပါလာတယ်။ အသက်နဲ့ချိန်ကြည့်ရင်လည်း ( ၁၄ ) နှစ်တို့ ( ၁၅ ) နှစ်တို့ဆိုတော့
ပြသနာမရှိဘူးလေ .. အတော်ပဲ။
.
တစ်ချို့ကျတော့
မြန်မာနိုင်ငံ ( ၁ဝ ) တန်းအောင်ပြီးတဲ့အခါ အသက်က ( ၁၇ ) နဲ့ ( ၁၈ ) နှစ်လောက်ဖြစ်နေပြီ။
အင်္ဂလိပ်စာကလည်းမတော် အရွယ်ကလည်းကြီးဆိုတော့ အထက်တန်းကျောင်းစကေးနဲ့မဝင်တော့ ကောလိပ်မှာ
ကလေးစာသွားသင်နေရသူလည်းရှိတယ်။
.
ရဲသွေး ။ ။ ဘာလဲကွ .. ကောလိပ်က ကလေးစာ ဆိုတာ။
.
.
ရဲမင်း ။ ။ အင်္ဂလိပ်စကားကိုမွေးကတည်းကမပြောတတ်လာသူတွေကိုသင်တဲ့
ESL – English as a Second Language ကိုပြောတာ။ စကားသင်-ယဉ်ကျေး-အလုပ်ခွင်ဝင်-အရေပြင်
အားလုံးပါတယ်လေ။ သချာင်္ဆိုလည်း ကြိုက်တာယူလို့ရတယ်။ မတတ်သေးရင် အယ်ဂျီဘရာ - Algebra
နဲ့ ဂျီသြမေတြီ - Geometry တို့ဆို မင်းတို့ ( ၆ ) တန်းတုန်းကသင်ခဲ့တာတွေတောင် ပါလိုက်သေး။
အခေါ်အဝေါ်၊ အရေးအသားတော့မတူတော့ဘူးပေါ့။ ဆရာရှင်းပြတာကိုလိုက်နားထောင်တတ်ဖို့လည်း လိုသေးတယ်လေ။
.
ရဲသွေး ။ ။ ငါက ဒီလောက်တော့မလိုဘူး ထင်တယ်။ မြန်မာနိုင်ငံက
D ( ၅ ) လုံးထွက်ခဲ့သူပါကွ။ စကားကိုကြည့်လည်းပြောပါဦး။
.
.
ရဲမင်း ။ ။ ဟားဟားဟား .. အဲဒါပြောတာပေါ့ မင်းကို ဇဝေဇဝါဖြစ်နေတယ်လို့ပြောတော့လည်း
မကြိုက်ပြန်ဘူး။ မင်းတို့ရခဲ့တဲ့ ဂုဏ်ထူးက ဒီမြေက စံနှုန်းနဲ့ချိန်ရင် အသုံးဝင်သော်ငြားလည်း
ချက်ချင်းကြီး အတန်းတစ်ခုကိုချိတ်မိဖို့ လုပ်ယူရဦးမယ်လေ။ ဒါဆိုလည်း မင်းကောလိပ်တစ်ခါတည်းတက်ပေါ့။
.
ရဲသွေး ။ ။ အေး ငါလည်း ဒါကိုစဉ်းစားနေတာ။ အဲဒါ ဘယ်ကနေစရမလဲ
ပြောပြဦးလေကွာ။
.
.
ရဲမင်း ။ ။ မင်းက အခုလတ်တလောမှရောက်လို့အားပေမယ့်
ငါက မင်းလောက်မအားဘူးကွ။ တစ်ပတ်လုံးအချိန်ဇယား - Schedule တွေက အပြည့်ပဲ။ စနေ၊ တနင်္ဂနွေဆို
မီးဖိုချောင်ဈေးဝယ်ပေးရတယ်။ အဝတ်လျှော်ပေးရတယ်။ အိမ်သန့်ရှင်းလုပ်ရတယ်။ မိဘတွေသွားချင်တာ၊
လာချင်တာ လိုက်ပို့ပေးရတယ်။ ဟင်းလည်း ချက်ရဦးမယ်။ နောက်တစ်ပါတ်ပေါ့။
.
ရဲသွေး ။ ။ ကြည့် .. ပြောရင်းဆိုရင်း ပြန်ချင်နေပြီမလား။
ငါက နောက်တစ်ပါတ်ထပ်စောင့်ရဦးမှာပေါ့ မောင်မင်းကြီးသားရယ်..။ အေးလေ မင်းအားမှ၊ ရှင်းပြမှ
သိရမယ့်ငါ့ဘဝဆိုတော့ စိတ်ရှည်ရှည်နဲ့စောင့်ရဦးမှာပေါ့။ နောက်တစ်ခါလာရင်တော့ ဒီလောက်မလောနဲ့ကွာ။
အေးအေးဆေးဆေးစကားထိုင်ပြောရအောင်။
.
.
ရဲမင်း ။ ။ ဟုတ်ပြီ သူငယ်ချင်း။ နောက်တစ်ပါတ်တွေ့မယ်နော်။
ငါအခုပြန်လိုက်ဦးမယ်။
.
.
ခင်မင်ခြင်းများစွာဖြင့်
.
06-28-2015
.
.
.
( ရဲမင်း နှင့် ရဲသွေး တို့ စနေနေ့အားလပ်ရက်မှာ ထပ်မံဆုံဖြစ်ကြသောအခါ )
.
.
“ ကောလိပ်တက်မလို့လား .. လိုက်ပို့ပေးမယ်လေ။ ၂ ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး ).
( ရဲမင်း နှင့် ရဲသွေး တို့ စနေနေ့အားလပ်ရက်မှာ ထပ်မံဆုံဖြစ်ကြသောအခါ )
.
ရဲမင်း ။ ။ ရဲသွေး ရေ .. စဉ်းစားပြီးပြီလား။ ကောလိပ်တက်မှာလား
တက္ကသိုလ်တက်မှာလား?
.
ရဲသွေး ။
။ ကောလိပ်ကနေ စတက်မယ်ကွာ။ အဲဒါ မင်းလိုက်အပ်ပေးမယ်မဟုတ်လား။
.
.
ရဲမင်း ။ ။ ရပါတယ်။ ဒါနဲ့ မင်းတို့မိသားစု Green
Card ရောက်လာပြီလား?
.
ရဲသွေး ။ ။ ရောက်ပြီ။ မနေ့ကပဲ ရတယ်။ ဘယ်လိုဖြစ်တာလဲ
( ၁ ) လတောင်ကြာတယ်။ တစ်ချို့အမျိုးတွေဆို ( ၁ ) ပတ်နဲ့တင် ရောက်လာတယ်။
.
.
ရဲမင်း ။ ။ ရောက်လာရင်ပြီးတာပါပဲကွာ။ သူတို့ကွန်ပျူတာစံနစ်မှာ
တစ်ခုခုမှားလို့ဖြစ်မှာပါ။ ကဲ ငါစပြောမယ်။ မင်းကဒီရောက်တာ ( ၁ ) လ ပဲရှိသေးတော့ ကျောင်းအပ်ရင်
ကျူရှင်ခပေးရမယ်နော်။ အဲဒါ သိလား။
.
ရဲသွေး ။ ။ အာ .. မင်းကလဲ။ မြန်မာနိုင်ငံမှာကျူရှင်တက်ခိုင်းတာအားမရသေးလို့ အမေရိကားမှာ ငါ့ကို ကျူရှင်ထပ်တက်ခိုင်းမလို့လား?
အချိန်ကုန်တယ်ကွာ။ ငါက အမေရိကန်ကျောင်းပဲတက်ချင်တာကွ။ ကျူရှင်တော့ အသံကြားတာနဲ့တင်
စိတ်ညစ်နေပါပြီ။ မလုပ်ပါနဲ့တော့ .. တောင်းပန်ပါတယ်။
.
.
ရဲမင်း ။ ။ အမေရိကားမှာ ကောလိပ် နဲ့ တက္ကသိုလ်ကျောင်းတွေမှာ
ပုံမှန်သင်တဲ့ကျောင်းလခကို ကျူရှင်ကြေး - Tuition Fees လို့ခေါ်တယ်။ ဘာအပိုမှသင်တာမဟုတ်ဘူး။
မြန်မာနိုင်ငံက ယူသုံးထားတဲ့ အခေါ်အဝေါ်မှာ အဓိပ္ပာယ်တွေလွဲနေတာပါ။ ကျောင်းအပ်တာက ငွေသိပ်မကုန်ဘူး။
ကျူရှင်ခက ကိုယ့်အိပ်ကပ်ထဲကငွေစပေးရပြီ။
.
တစ်ခုရှင်းပြရဦးမယ်။
ကယ်လီဖိုးနီးယားဖက်မှာ ကျောင်းအပ်ရင် မင်းသူတို့ပြည်နယ်မှာ ( ၁ ) နှစ်နေဖူးထားတဲ့ 1 Year Permanent Residency ရှိမှ ကျောင်းလခလျှော့ပေးတာ။
အဲဒီကြေးတွေပေးတက်ရင်တော့ တစ်နှစ်မပြည့်လဲတက်လို့ရတယ်။ အခု သွားတက်လဲရတယ်။ ကျောင်းသားရေးရာဋ္ဌာနကိုငွေသွင်းပြီးရင်
အတန်းဖွင့်တဲ့အချိန် သွားထိုင်လိုက်ရုံပဲ။
.
ရဲသွေး ။ ။ အဲဒါဆို ငွေဘယ်လောက်သွင်းရမှာလဲ .. ဈေးကြီးလား?
.
.
ရဲမင်း ။ ။ နေထိုင်တဲ့ပြည်နယ် နဲ့ ကျောင်းအမျိုးအစားပေါ်မူတည်တယ်။
အနည်းဆုံး ( ၃၅ ) ဒေါ်လာကနေ ( ၅ဝ ) လောက်အထိရှိတယ်။ အဲဒါ တစ်ယူနစ်အပေါ်မှာပေးရတာနော်။
ကျောင်းသင်ခန်းစာတစ်ခုလုံးပေါ်မှာပေးရတာမဟုတ်ဘူး။
.
ဥပမာ - မင်းက
ကွန်ပျူတာသိပ္ပံ - Computer Science အတွက် ဒီ စာသင်လအပိုင်း - Semester မှာ ( ၁၂ ) ယူနစ်ယူတယ်ဆိုပါတော့။
ကျောင်းလခ က ( ၄၆ ) ဒေါ်လာဈေးဆိုရင် ( ၅၅၂ ) ဒေါ်လာသွင်းရမယ်။ တစ်ခြားကုန်ကျစားရိတ်တွေက
စာပို့ခ ရှိမယ်။ ကားပါကင်ခ ရှိမယ် ဒါလောက်ပဲ။
.
ရဲသွေး ။ ။ စာအုပ်ဖိုး နဲ့ ဗလာစာအုပ်ဖိုးတွေရော?
.
.
ရဲမင်း ။ ။ ဗလာစာအုပ်ကိစ္စက မင်းကိုယ်မင်း အကုန်ခံရမယ်။
ဖတ်စာအုပ်က ကြိုဝယ်ထားလဲရတယ်။ ကျောင်းစဖွင့်တဲ့ရက်မှာ ဆရာပြောတဲ့ ဖတ်စာအုပ်ကို ကျောင်းစာအုပ်ဆိုင်
- Book Store မှာ ဝယ်ရင်ရတယ်။ အသစ် အဟောင်း ( ၂ ) မျိုးလုံးဝယ်လို့ရသလို မဝယ်ပဲ ငှား
- Rent လို့လည်းရတယ်။
.
အဟောင်းဝယ်တာနဲ့
ငှားတာက ကုန်ကျတာခြင်းအတူတူလောက်ပဲ။ နှစ်ကုန်ရင် ဖတ်စာအုပ်ပြန်ဝယ်တဲ့နေ့ - Text
Book Buy Back Day ဆိုတဲ့ ( ၃၊ ၄ ) ရက်အတွင်းမှာ ပြန်သွားရောင်းရင် ( ၅ဝ% ) နဲ့ ပြန်ဝယ်ပေးတယ်။ သိပ်တော့မထူးပါဘူး ကုန်ကျတာချင်းကတော့။
.
ငါကတော့ တကယ်လိုတဲ့စာအုပ်ဆိုမှ
အသစ်စက်စက် အကောင်းဝယ်တယ်။ တစ်ခါလောက်ပဲသုံးမှာဆိုရင် စာအုပ်နမူနာကြည့်ပြီး အွန်လိုင်းမှာ
သက်သာတာလိုက်ရှာတယ်။ eBay ၊ Amazon နဲ့ Half.com တို့မှာ အခွန် - Tax နဲ့ ပို့ခ
- Shipping မပေးရတာတွေ့ရင် ဝယ်လိုက်တာပဲ။ ပြီးသွားလို့မလိုတော့ရင် လျှော့ဈေးနဲ့ အဲဒီပေါ်မှာ
ပြန်ရောင်းလို့ရတယ်လေ။
.
ရဲသွေး ။ ။ ဒါနဲ့ နေပါဦး။ ငါက ကျောင်းကိုဘယ်လိုသွားရမှာလဲ?
.
.
ရဲမင်း ။ ။ နေတဲ့မြို့နဲ့ ကျောင်းတည်နေရာပေါ် မူတည်တယ်။
ဥပမာ - ဆန်ဖရန်မှာနေတဲ့ကျောင်းသားက ကားမောင်းပြီးကျောင်းတက်ဖို့မလွယ်ဘူး။ ရထားစီးမလား၊
ဘတ်စ်ကားစီးမလား၊ လမ်းလည်းလျှောက်ရမှာပေါ့နော်။ နယူးယောက်၊ ဘော့စတွန်လဲ ဒီလိုခပ်ဆင်ဆင်ပဲ။
အဲ .. L.A လိုမျိုးကျတော့ ကားလိုပြန်ရော။ ဒါကလည်း တက္ကသိုလ်တက်ပြီဆိုရင် နှစ်အနည်းငယ်လည်းနေသားကျလာတော့
ပြသနာရှိတော့မှာမဟုတ်ပါဘူး။ အခု ငါလိုက်အပ်ပေးမယ့်ကျောင်းဆိုရင် ဘတ်စ်ကားနဲ့တက်လို့ရတယ်။
.
ကားပိုင်ရင်တော့
ကားရပ်ခကိစ္စ စီစဉ်ရမယ်။ ကျောင်းတွေမှာ ကား တစ်ရက်သွားရပ်ရင် ( ၂ ) ဒေါ်လာလောက်ပေးရတာများတယ်။
ဒါက ကောလိပ်တွေကိုပြောတာနော် .. တက္ကသိုလ်တွေက ဈေးပိုများသလို မြို့နဲ့လှမ်းတယ်။ လပေးကဒ်
- Parking Permit လုပ်ထားပြီး ကားတွင်းနောက်ကြည့်မှန်မှာချိတ်ထားလိုက်ရင် ဘယ်လောက်ရပ်ရပ်
မပေးရတော့ဘူး။ အဲဒီအတွက် တစ်လကို ( ၁၅ ) ဒေါ်လာ နဲ့ ( ၂ဝ ) ဒေါ်လာလောက်ပေးရလိမ့်မယ်ထင်တယ်။
တက္ကသိုလ်တွေကတော့ ဒီလောက်ဈေးနဲ့မရလောက်ဘူး .. ရာကျော်တယ်။
.
ရဲသွေး ။ ။ အဲဒါဆို ငါက ဘာမှကြိုလုပ်စရာမလိုပဲ အပ်ထားတဲ့အတန်းကို
အခန့်သားလေးသွားထိုင်နေရုံပဲလား?
.
.
ရဲမင်း ။ ။ အစကတော့ ဒီလိုပေါ့။ ဒါပေမယ့် မင်းအိမ်မှာ
အင်တာနက်လိုင်း မဖြစ်မနေရှိသင့်တယ်။ ပြီးတော့ ကွန်ပျူတာနဲ့ ပရင်တာတစ်လုံးစီတော့ ရှိထားသင့်တယ်။
ဆရာပေးတဲ့အိမ်စာက စာရွက်ပေါ်မှာဖြည့်ပြီးပြန်တင်ပေးရတာရှိသလို ကျောင်းသား နဲ့ ဆရာချိတ်ဆက်ပေးထားတဲ့
ကျောင်းဝဘ်ဆိုဒ်ကနေ တင်ရတာလည်းရှိတယ်။ တစ်ချို့အိမ်စာတွေက ကိုယ်တိုင်ရေးရရုံမက အတန်းသွားတဲ့အချိန်
အမှီတင်ရတာတွေပါရှိတယ်လေ။
.
ရဲသွေး ။ ။ ဒါဆို ငါ့ကိုကျောင်းလိုက်အပ်ပေးတော့လေ။
လာ .. ထ .. သွားမယ်။
.
.
ရဲမင်း ။ ။ မင်းက အမေရိကားကျောင်းကို မြန်မာနိုင်ငံကလို
ကျောင်းဆရာရှေ့ ကိုယ်တိုင်ကိုယ်ကျသွားအပ်ရတယ်ထင်နေတာကိုး။ အွန်လိုင်းမှာ ကျောင်းသားမှတ်ပုံတင်
အရင်လုပ်ရတယ်။ အဲဒီနံပါတ် နဲ့ မင်းရဲ့ကိုယ်ရေးအချက်အလက်တွေရပြီဆိုတော့မှ ဝင်ခွင့်ကြေး
- Admission Fees သွင်းရတယ်။ လက်ခံတဲ့အခါ ကျောင်းသားမိတ်ဆက်ပွဲ - Orientation ကို သွားတက်ရင်တက်
မဟုတ်ရင် ပေးထားတဲ့ရက်ချိန်းအတိုင်း အတန်းဝင်စာမေးပွဲ - Assessment Test သွားဖြေရင်ဖြေ။
အဲဒီအချိန်တွေကျမှ ကျောင်းသွားဖို့လိုတာ။
.
ကဲ .. ဒီလိုလုပ်
.. မနက်ဖြန် တနင်္ဂနွေနေ့ ဘယ်မှသွားစရာမရှိဘူးမဟုတ်လား? ငါထပ်လာခဲ့မယ်။ မင်းအိမ်မှာပဲစောင့်နေ။
အင်တာနက် နဲ့ ကွန်ပျူတာတစ်လုံးတော့ အဆင်သင့်လုပ်ထား။
.
ရဲသွေး ။ ။ တနင်္ဂနွေနေ့ကြီး ကောလိပ်ကျောင်းက ဖွင့်တာပဲလား?
.
ရဲမင်း ။ ။ အွန်လိုင်းဝဘ်ဆိုဒ်က ပိတ်ရက်မရှိဘူးလေကွာ
.. မင်းကလဲ။ ကဲ ကဲ မနက်ဖြန်မှတွေ့မယ်။
.
.
.
ခင်မင်ခြင်းများစွာဖြင့်
.
.
ရဲမင်း ။ ။ ဟဲလို ရဲသွေးလား .. မင်းအိမ်မှာရှိရင်
ငါလာမလို့။
.
ရဲသွေး ။ ။ ရှိတယ် .. ငါဘယ်မှမသွားဘူး။ ငါ့ကိုကျောင်းအပ်ပေးတော့မယ်ပေါ့
.. ဝမ်းသာလိုက်တာ။ စောင့်နေမယ်နော်။
.
ခဏကြာသောအခါ
ရဲသွေးအိမ်သို့ ရဲမင်းရောက်လာချေပြီ။
.
.
ရဲမင်း ။ ။ ကွန်ပျူတာမှာ မင်းတက်မယ့်ကောလိပ်ဝဘ်ဆိုဒ်ကို
ဝင်ကွာ။
.
ရဲသွေး ။ ။ ငါကိုယ်တိုင်လုပ်ရမှာလား? မင်းလုပ်ပေးလေကွာ။
.
.
ရဲမင်း ။ ။ ဟုတ်တယ် .. မင်းကိုယ်တိုင်လုပ်ရမှာ။ ငါက
မင်းကိုလမ်းပြပေးမယ်။ မသိရင်ပြောပြပေးမယ်။ အမေရိကားမှာ လူတန်းစားမရွေး ကိုယ်တိုင်လုပ်ရတာချည်းပဲ။
ကိုယ့်အားကိုယ်ကိုးစမ်းပါ။
.
ရဲသွေး ။ ။ အေးပါကွာ။ လုပ်ဆိုတော့လည်းလုပ်တာပေါ့။
မင်းကလည်း စိတ်ချည်းပဲ။
.
.
ရဲမင်း ။ ။ မင်းမှာ အီးမေးလိပ်စာတစ်ခုရှိရမယ်။ ဒါမှ
ကျောင်းကဆက်သွယ်လို့ရမှာ။ ကျောင်းစာမျက်နှာကိုရောက်ပြီဆိုရင် Students ကိုသွား။ မင်းက
ကျောင်းသားသစ်ဆိုတော့ ကျောင်းသားအသစ် - New Student အနေနဲ့ စလျှောက်ရမှာပေါ့။
.
ဒါကြောင့်
Apply for Admission ကို ဆက်ဝင်ရမယ်။ မင်းဝင်တဲ့ကျောင်းစာမျက်နှာက ကျောင်းကိုယ်ပိုင်ဖြစ်နိုင်သလို
ဒေသတွင်းဆိုင်ရာကောလိပ်ကျောင်းတွေ စုပေါင်းသုံးတဲ့ စာမျက်နှာလည်း ဖြစ်နိုင်တယ်။ ကဲပါ
.. ဟိုမှာတွေ့တယ်မလား .. အကောင့်အသစ်ဖွင့်ဖို့ Create New Account ကို ဝင်လိုက်။
.
ရဲသွေး ။ ။ ဟုတ်ပြီ .. ဝင်လိုက်ပြီ။ ဘယ်ဆက်သွားရမှာလဲ?
.
.
ရဲမင်း ။ ။ တောင်းတဲ့အချက်အလက်တွေထည့်လိုက်လေကွာ။
လွယ်လွယ်လေးဥစ္စာကို။
.
ရဲသွေး ။ ။ နာမည်၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ
နဲ့ လုံခြုံရေးမေးခွန်း - Security Question တွေက ဖြည့်တတ်တယ်။ SSN ဆိုတာ ဘာကိုဖြည့်ရမှာလဲ။
.
.
ရဲမင်း ။ ။ မင်းအိမ်ကို Green Card ရောက်တုန်းက မြန်မာနိုင်ငံက
ဝါဇီငွေစက္ကူလိုစာရွက်အထူလေးနဲ့ ဂဏန်း ( ၉ ) လုံး ပါတဲ့ ကဒ်ပြားလေး ရောက်တယ်မလား။ နံပါတ်က
xxx-xx-xxxx ( 123-45-6789 ) ဒီလိုပုံစံမျိုးလေးနဲ့လေ။
.
ရဲသွေး ။ ။ သြော် ဟုတ်ပြီ .. ရောက်တယ် .. ငါက ဘာမှန်းမသိလို့သိမ်းထားတာ။
အဲဒီကဒ်က ဘာအတွက်လဲ?
.
.
ရဲမင်း ။ ။ SSN ဆိုတာ လူမှုလုံခြုံရေးကဒ်ကိုပြောတာ။
မြန်မာလိုဆိုရင်တော့ မှတ်ပုံတင်နံပါတ် နဲ့ ခပ်ဆင်ဆင်တူတယ်။ နံပါတ်ကိုအဓိကထားသုံးတယ်။
လူတစ်ယောက်မှာ ကိုယ်ပိုင်နံပါတ်တစ်ခုရှိတယ်ဆိုတဲ့ သဘောလည်းပါတယ်။ ဒါပေမယ့် SSN ပေါ်မှာ
ဓါတ်ပုံမကဒ်ဘူး။ Green Card မှ လိုင်စင်ဓါတ်ပုံပါတာလေ။
.
အခုလို ကျောင်းအပ်မယ်၊
အလုပ်သစ်ဝင်မယ်၊ အခွန်ထမ်းဆောင်မယ်၊ ကျန်းမာရေးဆေးကုသခွင့်လျှောက်မယ် စတဲ့ အခြေခံလူမှုဖူလုံရေးလုပ်ငန်းတွေမှာ
လုံခြုံမှုရှိစေဖို့ Social Security Number ကို လူတစ်ယောက်ကို နံပါတ်တစ်ခုစီ မထပ်အောင်ပေးထားပြီး
ဆိုရှယ်ရုံးမှာ ကွန်ပျူတာနဲ့ထိန်းထားတဲ့စံနစ်ရှိတယ်။ အထူးသဖြင့် အစိုးရရုံး နဲ့ ကုမ္ပဏီတွေက
လူတွေရဲ့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ Identity ကို ခွဲခြားတဲ့နေရာမှာ သုံးတယ်။
.
တစ်ချို့မြန်မာတွေကြားမှာတော့
အလုပ်သမားကဒ်လို့ခေါ်တယ်။ ဟုတ်တယ်လေ .. ဒီကဒ်မရှိရင် အလုပ်လုပ်လို့မရဘူး။ အခု မင်း ကျောင်းတက်တော့လည်း
SSN တောင်းနေပြီမဟုတ်လား?
.
.
ရဲသွေး ။ ။ ငါက မသိလို့ မထည့်လိုက်ဘူး ဆိုရင်ကော?
.
.
ရဲမင်း ။ ။ SSN မထည့်ရင်လည်းရတယ်။ ရှိတာကို မရှိဘူးလုပ်ထားတာပဲဖြစ်ဖြစ်၊
သူများနံပါတ်ကို ကိုယ့်နံပါတ်လုပ်ပြီးထည့်ထားတာပဲဖြစ်ဖြစ်၊ အချက်အလက်လိမ်ထားတာပဲဖြစ်ဖြစ်
ပေါ်ပေါက်ခဲ့ရင် တစ်လကို ဒေါ်လာ ( ၁ဝဝ ) ဒဏ်ရိုက်မယ်။ အမှန်ကို မင်းမပြင်မချင်းပေးရမယ်
ဆက်တိုက် မပြတ်တမ်းပေးနေရမယ်လို့ ဒီမှာ ရေးထားတယ်လေ။ စာကို သေချာဖတ် ရဲသွေး ..ရဲ့။
.
ရဲသွေး ။ ။ အေးပါ။ မင်းကလည်း ငါ့ကို ဟောက်ဖို့ပဲ
ချောင်းနေတော့တာပဲ။ အခုမှ အမေရိကားရောက်လို့ သူ့ကို အားကိုးပါတယ်ဆိုမှ .. တစ်ရက်ထက်တစ်ရက်
ပိုဆိုးလာတယ် .. တစ်ကတည်းမှပဲ။
.
.
ရဲမင်း ။ ။ မဟုတ်ပါဘူးကွာ။ ငါက မင်းကို တတ်စေချင်လွန်းလို့
စေတနာနဲ့ပြောတာ။ အစဆိုတော့ ငါက အားမလို အားမရဖြစ်နေတာပါ။ ဒါပေမယ့် အမေရိကားမှာ မင်း
ဒီထက်အများကြီးလေ့လာရဦးမယ်။ ငါ ကြမ်းတယ်ဆိုတာ စကားပဲဆိုးတာ။ ရုန်းကန်ရတဲ့ဘဝက တစ်ကယ်မချောခဲ့ပါဘူးကွာ။
စေတနာကို တည့်တည့်မြင်စမ်းပါ။
.
ရဲသွေး ။ ။ အေးပါ .. ငါကလည်း သဘောပြောတာပါ။ ကဲ
.. အကောင့်ဖွင့်ပြီးသွားပြီ။ သုံးစွဲသူနံမည် - Username နဲ့ လျို့ဝှက်နံပါတ် -
Password တောင်းတယ်။ နောက်ပြီး ပင်နံပါတ် - Pin Number ( ၄ ) လုံး တောင်းတယ်။ အဲဒါက
ဘာလုပ်ဖို့လဲ?
.
.
ရဲမင်း ။ ။ အဲဒါက သူတို့လိုအပ်တဲ့အခါမှာ Password
မသုံးချင်လို့ တစ်ခြား သော့နံပါတ်တစ်ခုတောင်းတဲ့ ပုံစံပါ။ အခု မင်းရေးသွင်းထားတာတွေအားလုံး
စာရွက်တစ်ရွက်မှာ မှတ်ထားနော်။ နောက်ဆိုရင် မင်းမေ့သွားမှာစိုးလို့။
.
ရဲသွေး ။ ။ ဟာကွာ .. မင်းကလည်း ကျောင်းတက်ချင်လို့
မိဘနဲ့ အမေရိကားလိုက်လာပါတယ်ဆိုမှ ကျောင်းဝင်နံပါတ်တွေက မေ့စရာလားကွ။ ကဲကဲ .. ဒီမှာ
Start Application တဲ့ ဘာဆက်လုပ်ရမလဲ?
.
.
ရဲမင်း ။ ။ ဒီလိုလွယ်လွယ်နဲ့တော့မရဘူးလေ။ ငါ့ကို လိမ္မော်ရည်လေး
ဘာလေး တိုက်ဦးမှာပေါ့ကွ..။
.
ရဲသွေး ။ ။ အေး အေး ဟုတ်သားပဲ။ မင်းကို ဧည့်ခံနေဖို့မေ့နေလိုက်တာ။
ဆောရီးကွာ သူငယ်ချင်း။ ဒါဆို ငါတို့ ခဏနားရအောင်။
.
.
( ၄ ) ဆက်ပါမည်။
မပျင်းမရိဖတ်ကြပါကုန်။
.
.
ခင်မင်ခြင်းများစွာဖြင့်
.
“ ကောလိပ်တက်မလို့လား .. လိုက်ပို့ပေးမယ်လေ။ ၄ ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
ရဲမင်း ။ ။ ဒီတစ်ခါတော့မင်းကျောင်းတကယ်တက်ရပါပြီကွာ။
.
ရဲသွေး ။ ။ မင်းပဲအပြောကောင်း..။ အချိန်ဆွဲနေတာဘယ်သူလည်း
.. အခုပဲ တစ်လပြည့်နေပြီ .. ကျောင်းက ဘယ်ဆီနေမှန်းမသိသေးဘူး။
.
.
ရဲမင်း ။ ။ စိတ်ရှည်မှပေါ့ကွ။ ကဲ ပြန်စမယ်။ Start
Application ကိုဝင်လိုက်ကွာ .. ဘာတွေ့ရလဲ?
.
ရဲသွေး ။ ။ Enrollment Information တဲ့ .. အဲဒါဘာကိုပြောတာလဲ?
.
.
ရဲမင်း ။ ။ လျှောက်ထားသူရဲ့အချက်အလက်ဆိုတော့ မင်းအကြောင်းရိုက်ထည့်ရမှာပေါ့။
အပေါ်ဆုံးက Term Apply For ကိုဝင်။ အဲဒီမှာ စာသင်ကာလ - Semester ဘယ်နှစ်ခုတွေ့သလဲ?
.
ရဲသွေး ။ ။ Fall တဲ့ ၊ Summer တဲ့ ၊ အဲဒါတွေကဘာလဲ?
.
.
ရဲမင်း ။ ။ Summer ဆိုတာတော့ မင်းသိပြီးသားဖြစ်တဲ့နွေရာသီပေါ့။
ကျောင်းဖွင့်ရက်က ( ၆ ) လပိုင်းကနေ ( ၈ ) လပိုင်း Fall မဖွင့်ခင်အထိ။ Fall ဆိုတာ အမေရိကားမှာ
သစ်ရွက်ကြွေတဲ့ရာသီကိုပြောတာ။ မြန်မာနိုင်ငံက မိုးရာသီနဲ့ဆင်တူတယ်။ သူကျတော့ ( ၈ )
လပိုင်းကနေ ခရစ်စမတ်မတိုင်ခင်အထိ။
.
Spring ဆိုတာလည်းရှိသေးတယ်
.. ဆောင်းဦးရာသီလို့ပြောလို့ရသလို ဆောင်းရာသီလို့လွယ်လွယ်မှတ်ထားလို့ရတယ်။ သူ့စာသင်လက
( ၄ ) လပဲ ရှိတယ်။ နှစ်ဆန်း ပထမပတ်လောက်ကနေစပြီး မြန်မာနိုင်ငံကျောင်းတွေစဖွင့်တဲ့အချိန်
( ၅ ) လပိုင်းအကုန်မှာကျောင်းပြန်ပိတ်တယ်လေ။
.
တစ်ချို့အတန်းတွေက
တက်သူနည်းတဲ့အခါကျတော့ Summer မှာ မဖွင့်နိုင်ဘူး။ စာသင်ရက်ကလည်း ( ၂ ) လတည်းဆိုတော့
နည်းနေတယ်။ ဒါကြောင့် အရေးကြီးတဲ့မေဂျာဆိုရင် Summer မှာတက်ရင် သူက ( ၂ ) ဆ အမြန်သင်တယ်။
အခု မင်းယူရမှာက Fall လေ။ အဲဒါကိုရွေးလိုက်။ အောက်ကအကွက်မှာတော့ မေဂျာရွေးရတော့မယ်။
မင်းက ဘာမေဂျာယူမှာလဲ?
.
ရဲသွေး ။ ။ ကွန်ပျူတာသိပ္ပံ - Computer Science ယူရင်ကောင်းမလားလို့။
ငါက မြန်မာနိုင်ငံကတည်းက ကွန်ပျူတာကို စိတ်ဝင်စားတာ။ အောက်ကအကွက်မှာ Educational
Goal ကျတော့ ဘာကိုမေးတာလဲ?
.
.
ရဲမင်း ။ ။ Educational Goal က မင်းရဲ့ပညာရေးရည်မှန်းချက်ပေါ့ကွာ။
အဲဒါ ကျောင်းကို မင်းဘယ်လောက်ကြာကြာတက်မလဲဆိုတဲ့အပေါ်မူတည်ပြီး ကျောင်းသားအတွက်လိုအပ်တဲ့ဘာသာတွေ
အနည်းအများကွာသွားလိမ့်မယ်။
.
ဆိုလိုတာက
မင်းက ( ၂ ) နှစ်ပဲတက်ပြီး AA – Associate in Art ယူမလား၊ AS – Associate in
Science ပဲ ယူမလား၊ ဒါဆိုရင် ကျောင်းက မင်းကို ( ၂ ) နှစ်စာသင်ရိုးညွှန်းတမ်း - Curriculum
နဲ့ပဲ တက်ခိုင်းမှာကိုပြောတာ။
.
ဒါပေမယ့်
( ၄ ) နှစ်တက်ပြီး AS မယူဘူးဆိုတာမျိုးလည်းရှိတယ်။ စာတွေက ဘယ်တူတော့မလဲ။ တက္ကသိုလ်ဆက်တက်ဖို့
ရွှေ့ပြောင်းသယ်ယူသွားနိုင်တဲ့မေဂျာတွေရွေးသင်ပေးလိမ့်မယ်။
.
ဒီနေရာမှာကျတော့
ကောလိပ်ဆိုတာ တက္ကသိုလ်တက်ဖို့ စာမနိုင်သေးသူတွေ တစ်ထောက်ကွန်းခိုပြီး ခုန်ဖို့အားပြုတဲ့နေရာလို့ပြောလို့ရတယ်။
ဒါကြောင့် မင်းကိုငါ အစကတည်းကမေးတာပေါ့ .. ကောလိပ်တက်မှာလား .. တက္ကသိုလ်တက်မှာလားဆိုတာ
ဆုံးဖြတ်ခိုင်းခဲ့တယ်လေ။
.
ရဲသွေး ။ ။ ဒါကြောင့် ကောလိပ်ကနေ တစ်ဆင့်ချင်းတက်မယ်လို့
မင်းကိုငါ ပြောခဲ့သားပဲ။ ငါက အခုမှရောက်တာ အင်္ဂလိပ်စာအကျွမ်းဝင်ဖို့အချိန်လည်းပေးချင်သေးတာကြောင့်
တက္ကသိုလ်တော့ တစ်ခါတည်းမတက်ချင်သေးဘူးကွာ။ ပြီးတော့ ဝင်ဝင်ချင်းဆောက်နဲ့ထွင်းဆိုသလို
အတင်းကြီးမလုပ်ချင်ဘူး။
.
.
ရဲမင်း ။ ။ အေး .. ငါလည်း ဒီလိုပဲသဘောရပါတယ်။ ကဲ
.. ဆက်ဖြည့်ဦး။ မပြီးပဲနေဦးမယ်။ အောက်မှာတွေ့လား .. မင်းမိဘရဲ့ပညာအရည်အချင်း၊ အခုပြည်နယ်မှာအမှန်အကန်နေထိုင်ကြောင်း
Residency အထောက်အထား ၊ တစ်ခြားပြည်နယ်တွေမှာမနေဖူးကြောင်းဝန်ခံချက် နဲ့ ပညာသင်စားရိတ်လက်ခံလိုခြင်းရှိမရှိ
စတာတွေဖြေပြီးရင် မင်းက အဲဒီကောလိပ်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီပေါ့ကွာ။
.
ရဲသွေး ။ ။ ဖြစ်ပြီပဲဆိုပါတော့။ ဘယ်နေ့ကျောင်းသွားတက်ရမှာတုန်းကွ။
.
.
ရဲမင်း ။ ။ မင်းကိုပြောပြီးပြီလေ။ ကျောင်းကပေးမယ့်
အရည်အချင်းစစ်စာမေးပွဲ - Assessment Test နောက်တစ်ပတ်သွားဖြေမယ်။ စာလေး ဘာလေးတော့ နွှေးထားဦး။
.
ရဲသွေး ။ ။ ဘာစာနွှေးရမှာတုန်း? အခုမှရောက်တဲ့လူကို
စာလာကျက်ခိုင်းနေတယ်။ ဘယ်မှာစာရှိရမှာလဲ မင်းကလဲ..။
.
.
ရဲမင်း ။ ။ ဟုတ်ပါတယ်။ မင်းမှာ ဘာစာမှမရှိဘူး .. ငါသိတယ်။
ဒါပေမယ့် ရန်ကုန်မှာတုန်းက မင်းကြည့်နေတဲ့ အမေရိကန် TV Series စာတန်းထိုး DVD တွေရှိတယ်မလား?
အဲဒါတွေကို မပြတ်ကြည့်ထား။
.
Grammar စာအုပ်လေးဘာလေး
ရှာဖတ်ထား။ ကျောင်းက မင်းကို Grammar ပြန်ဖြေခိုင်းမှာ။ ပြီးတော့ Local TV ကလာတဲ့သတင်းတွေနားထောင်။
ကာတွန်းကားကြည့် .. အဲဒါတွေလုပ်ထားဖို့ပြောတာ။
.
ရဲသွေး ။ ။ မင်းက ငါ့ကို မကြီးမငယ်နဲ့ ကားတွန်းကားကြည့်ခိုင်းနေတယ်။
အထင်သေးတာလား .. မောင်။
.
.
ရဲမင်း ။ ။ မဟုတ်ရပါဘူး။ ဘယ်သူမဆို အမေရိကားရောက်စမှာ
ငါက ဒီလိုပဲအကြံပေးတယ်။ တွေ့တဲ့အင်္ဂလိပ်စာအကုန်ဖတ်၊ အကုန်နားထောင်၊ အကုန်နားလည်အောင်လုပ်။
မင်းမှာရှူံးစရာ ဘာမှမရှိဘူး။
.
ရဲသွေး ။ ။ ကောင်းပါပြီ ဆရာကြီးရယ်။ နောက်တစ်ပတ်တော့
ငါ့ကိုစောစောသာလာခေါ်၊ နောက်မကျစေနဲ့။
.
.
အပိုင်း (
၅ ) မှာ ရဲမင်း နဲ့ ရဲသွေးတို့ ကောလိပ်ကျောင်းမှာ စာမေးပွဲဘယ်လိုသွားဖြေတယ်ဆိုတာ ပြောပြပါဦးမယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
07-25-2015
No comments:
Post a Comment