“အလုပ်ခွင်မှာပျော်ရဲ့လား? ၁”
-အမေရိကားကလုပ်သားဘဝ-
လူတွေဟာစားဝတ်နေရေးအတွက်အလုပ်တစ်ခု ဒါမှမဟုတ် တစ်ခုထက်မနည်းတဲ့အလုပ်တွေကိုလုပ်ကြရတယ်။ အလုပ်ကရတဲ့ဝင်ငွေနဲ့ဘဝရပ်တည်၊ စားစရာသောက်စရာတွေကိုစားပွဲခုံပေါ်အရောက်ပို့၊ သားသမီးတို့ပညာရေးအတွက်အာမခံချက်ယူ၊ နောက်နေ့မနက်ဆက်ရမယ့်ဘဝခရီးအတွက်အစီအစဉ်တွေချ ဒီလိုလှပတဲ့လုပ်ဆောင်ချက်တွေကိုပုံဖော်ကြပါတယ်။
ဒီနေရာမှာ အလုပ်နဲ့ငွေ၊ ငွေနဲ့အလုပ်ခွဲခြားလို့မရတာကလူတွေရဲ့လက်ရှိဘဝကိုတွန်းအားဖြစ်စေပါတယ်။ ဒီတွန်းအားကြာင့်ငွေရဖို့လူတွေအလုပ်သွားကြရသလို အလုပ်ကိုလူတွေလုပ်ပေးကြလို့အလုပ်ရှင်တွေအမြတ်အစွန်းရတဲ့ကော်ပိုရိတ်စံနစ်၊ ကုမ္ပဏီစံနစ်တွေအောင်မြင်ကြတယ်။
ဒီလိုအပြန်အလှန်အကျိုးပြုနေတဲ့အညမညဖြစ်စဉ်ကနေ လူနဲ့သက်ရှိတွေအသက်ရှင်နေထိုင်ဖို့အဖြေတွေကိုပေးပါတယ်။ မပေးနိုင်တဲ့အဖြေကတော့လူတွေအလုပ်သွားကြတဲ့အခါ “အလုပ်ခွင်မှာပျော်ရဲ့လား?” ဆိုတာကိုပါ။
ဒီဘက်မြေပေါ်ကကျောင်းတွေဟာကမ္ဘာမှာနာမည်ကြီးတယ်။ ၁ တန်းကနေ ၁၂ တန်းအထိအစိုးရစားရိတ်နဲ့ကျောင်းတက်ခ အခမဲ့။ မိသားစုကကုန်ကျတာဆိုလို့နှစ်တိုင်းကျောင်းအပ်တဲ့အခါဝယ်ရတဲ့ ၁ နှစ်ပတ်လုံးအတွက်ကျောင်းသားရဲ့အစီအစဉ်တွေကိုချရေးဖို့နဲ့အိမ်စာတွေကိုမှတ်သားဖို့ အချိန်ဇယား-Planner ကိုဝယ်ရတာရယ်၊ ကျောင်းသားလှုပ်ရှားမှုတစ်ချို့အတွက်ကုန်ကျစားရိတ်နည်းနည်းသာရှိပါတယ်။
အဲဒီလောက် ၁၂ နှစ်လုံးလုံးသင်ခဲ့တဲ့ကျောင်းပညာရေးကကျောင်းပြီးသွားရင်အလုပ်ခွင်ကိုဝင်နိုင်ဖို့ကိုဦးတည်ပြီး ဘွဲ့တွေ ဒီဂရီတွေယူဖို့ငွေအကုန်အကျခံပြီးတက်လေပါမှ “အလုပ်ခွင်ကောင်းကောင်း၊ လစာကောင်းကောင်းရကြစေ” ဆိုတဲ့အသိကိုရိုက်ထည့်ပေးလိုက်ကြတယ်။ စာတော်လေလေ၊ လိုင်းကောင်းကောင်းရလေလေ၊ နေရာကောင်းကောင်းမှာငွေများများရနိုင်အောင်ဈေးကြီးတဲ့ကောလိပ်ကျောင်းတွေကိုချေးငွေနဲ့စပြီးတက်ကြရတယ်။
အမေရိကန်နိုင်ငံဟာကမ္ဘာမှာအဆိုးနဲ့နာမည်ကြီးတာ “စစ်ရေးနဲ့အကြွေး” ပါ။ အကောင်းနဲ့နာမည်ကြီးတာကျပြန်တော့ “စီးပွားရေးနဲ့ပညာရေး” လို့သိထားကြပါတယ်။ စီးပွားရေးထိပ်တန်းဆိုတာကအကြွေးမရှိဘူးလို့ပြောတာမဟုတ်ပါဘူး။ အစိုးရကိုယ်တိုင်ကကမ္ဘာမှာအကြွေးအထူဆုံးအစိုးရဆိုတော့သူ့ရဲ့ပြည်သူတွေဟာအကြွေးမကင်းတာအံ့သြစရာမဟုတ်ပါ။
အိမ်ဖိုးအကြွေး၊ ကားအကြွေး၊ အိမ်လခအကြွေး၊ ခရက်ဒစ်ကဒ်အကြွေး၊ ကျောင်းလခအကြွေး စတာတွေထဲကတစ်ခုခုရှိနေမှအမေရိကန်လူမျိုးပီသတယ်လို့ဆိုကြတယ်။ ဒီအကြွေးတွေကိုနောင်တစ်ချိန်ဘယ်လိုဆပ်ရမလဲဆိုတာ ကောလိပ်မတက်ခင်အထက်တန်းဘဝထဲကနေကျောင်းသားတစ်ယောက်ဟာကြိုသိနေပါတယ်။
အစိုးရကပေးတဲ့ထောက်ပံ့ကြေးနဲ့ငွေစီးကြောင်းမှာ ခိုစီးလိုက်၊ ဈေးကြီးတဲ့ဇိမ်ခံပစ္စည်းတွေကို ဝယ်ခြမ်းလိုက်၊ ငွေမလောက်တော့ခရက်ဒစ်ကဒ်နဲ့ အကြွေးထုတ်ဝယ်လိုက်၊ ငွေလိုလာတော့အရင်ကိုယ်ဝယ်ထားတဲ့ပစ္စည်းကိုမတန်တဆနိမ့်တဲ့ဈေးနဲ့ eBay ပေါ်တက်ရောင်းလိုက် နဲ့ အမေရိကန်တို့ရဲ့အကြွေးသံသရာထဲမှာစည်းချက်ညီဝါးချက်မှန် အရုပ်သဏ္ဍန်ထင်ဖို့ ပုံမှန်ပါဝင်လှုပ်ရှားရတယ်။ ဒီအရင်းခံအကြောင်းရင်းတွေကြောင့်ပဲအလုပ်ကိုနေ့တိုင်းသွားကြရတယ်။
ဒါပေမဲ့ အစိုးရကျောင်းအားလုံးဟာ ကလေးငယ်၊ ကျောင်းသားတွေကိုသူဌေးဖြစ်နည်းမသင်ပေးလိုက်ကြသလို ငွေပိုရင်ဘဏ်မှာအပ်၊ ငွေလိုရင်ချေးသုံး၊ အလုပ်လုပ်ပြီးဆပ်လို့သင်ပေးလိုက်တယ်။
ဒါကြောင့် “ကျောင်းပြီးသူအများစု” ဟာ ကျောင်းပြီးသွားရင် ဝန်ထမ်းအများစုဖြစ်သွားကြပြီး အကြံကောင်းတစ်ချက်နဲ့ဖောက်ထွင်းတိုးထွက်ကုမ္ပဏီထောင်ပြီးကြီးပွားချမ်းသာသွားတဲ့သူဆိုတာသိပ်ရှားပါတယ်။ ဒါကြောင့် အမေရိကန်အိပ်မက်မက်ကြမယ်ဆိုပြီး အသစ်ပြောင်းရွှေ့လာတဲ့ New Immigrants တွေထဲမှာသူဌေးဖြစ်အောင်လုပ်နိုင်တဲ့အကြံဉာဏ်တွေပါလာကြတယ်။
နောက်ဆုံးစာရင်းချုပ်လို့အနှစ်ထုတ်လိုက်တော့ သူဌေးဖြစ်တာမဖြစ်တာအသာထား နောက်တစ်ရက်မနက်အိပ်ယာထရင်အလုပ်ကိုမနောက်မကျစေနဲ့ဆိုတာက မကြားချင်မှအဆုံး ကြိမ်ဖန်များစွာရိုက်ခတ်နေတဲ့အမေရိကန်လုပ်သားတစ်ယောက်ရဲ့ရင်တွင်းစကားပဲ့တင်သံတွေသာဖြစ်ပါတယ်။
“အလုပ်ခွင်မှာပျော်ရဲ့လား? ၂”
-အလုပ်နဲ့အလာဂျီ-
အစားအသောက်တစ်ခုခုနဲ့မတည့်လို့အရေပြားယားယံတာ၊ အဖုအကျိတ်တွေထွက်လာတာ၊ မူးရီဝေတာ၊ ဗိုက်နာတာ စတာတွေဟာအစားနဲ့မတည့်တာဖြစ်နိုင်သလိုတစ်ခြားရောဂါတစ်ခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကို Food Allergy လို့ လူသိများကြတယ်။
လူတွေအလုပ်မှာမပျော်တဲ့အခါ အလုပ်နဲ့အလာဂျီဖြစ်တယ်လို့ဟာသအနေနဲ့နောက်ပြောင်ကြတာကိုကြားတာကနေ လူတွေဟာ အမှန်တကယ်အလုပ်ခွင်မှာပျော်ရဲ့လား? ဆိုတဲ့အတွေးအရှည်ကြီးကကျွန်တော့စိတ်တွေကိုသုတေသနလုပ်ဖို့စေခိုင်းနေပါတယ်။
အထူးသဖြင့်လူနဲ့အလုပ်အလာဂျီအဖြစ်ဆုံးနေ့ဟာ တနင်္လာ၊ လူနဲ့အလုပ်သဟဇာတအဖြစ်ဆုံးနေ့ဟာ သောကြာ၊ ဒါကိုတော့ရှင်းပြဖို့မလိုတော့ဘူးထင်ပါတယ်။ ၅ ရက်အလုပ်လုပ် ၂ ရက်နားစံနစ်ဟာလူတွေကိုအနားရစေတယ်။ အားပြည့်စေတယ်။ ဒါပေမဲ့ နားရတာ ဒီ ၂ ရက်နဲ့အားမရတဲ့အခါ တနင်္လာနေ့ကိုငှားသုံးကြတယ်။
မနက်ဆိုရင်အိပ်ယာကမထချင်၊ အလုပ်ထဲမှာအိပ်ငိုက်၊ ဘာလုပ်လုပ်စိတ်မပါ ခက်နေပါရောလား။ ဒါကြောင့်တစ်ချို့ကငေါ့ပြီး တနင်္လာနေ့မနက်ကို Happy Monday လို့ပြောပြီးနှုတ်ဆက်လိုက်တယ်။ ဘယ်သူကတနင်္လာနေ့မနက်အလုပ်တက်တာပျော်ပါ့မလဲ။ အမှန်က နားရတော့မယ့်သောကြာနေ့ရောက်မှ "ငါတို့နားရတော့မယ်ဟေ့" ဆိုပြီး Happy Friday လို့ နှုတ်ဆက်ကြတာမဟုတ်လား?
တကယ်ပြောရရင်ကုမ္ပဏီတွေဟာသူတို့အလုပ်ကိုကုန်ထုတ်လုပ်မှု-Productivity ကောင်းကောင်းပေးနိုင်တဲ့အရည်အသွေးပြည့်လုပ်သား-Skillful Worker ကိုသာငှားလိုကြတယ်။ ကုမ္ပဏီရဲ့ရာထူးအဆင့်ဆင့်သောပညာရှင်တွေစီမံသလို အောက်ကလူတွေကအလုပ်ကိုအသေလုပ်၊ ပစ္စည်းများများထုတ်၊ မားကက်တင်းသမားကဈေးတကာပတ်ရောင်း၊ ငါတို့ကမင်းတို့ကို “ကောင်းကောင်းကြီးအုပ်ချုပ်မယ်” ဆိုတဲ့ စီးပွားရေးဗျူရိုကရေစီဟာ အမေရိကားမှာမျိုးမသုဉ်းသေးပါဘူး။
ကုမ္ပဏီဘက်ကကြည့်ရင်လည်းဟုတ်နေပြန်တယ်။ ၁ နာရီကြာလို့ ဒေါ်လာ ၂ဝ ပေးငှားထားတဲ့ဝန်ထမ်းအယောက် ၁ဝဝ ရဲ့ထွက်ကုန်ဟာ အရောင်းသမား-Promoter တစ်ယောက်ရောင်ပြီးပြန်ဝင်လာတဲ့ငွေ ဒေါ်လာ ၁ဝဝဝဝ မရရင်ရှုံးပါတယ်။ ဟုတ်ပါတယ် ၁ နာရီခရဲ့ ၅ ဆပါ။ ဒီအထဲမှာအပေါ်ကပြောခဲ့တဲ့ရာထူးအလိုက်လခကြီးကြီးယူထားသူတွေရဲ့ရပိုင်ခွင့်တွေ၊ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ လက်ကျန်ကုန်တွေ နဲ့ ကုန်ကြမ်းပစ္စည်းတွေအပြင် ကုမ္ပဏီတစ်ခုလုံးကိုပေးထားရတဲ့အကျိုးခံစားခွင့်-Benefit တွေဟာဈေးကြီးလှပါတယ်။
ဆိုလိုတာက ၁ ဒေါ်လာရင်းလိုက်ရင် ၄ ဒေါ်လာမြတ်မှအရင်းရတာ အမေရိကန်ကုမ္ပဏီတွေပါ။ ဒါကြောင့် အမေရိကားမှာ ဘာထုတ်လုပ်ထုတ်လုပ်ဈေးကြီးတယ် အလုပ်သမားခန့်ပြီးခိုင်းရတာဈေးမြင့်တာကိုး။ ဒီကြားထဲ တနင်္လာနေ့အလုပ်လာသူတွေရဲ့ကုန်ထုတ်လုပ်မှုကအပျင်းကြီးမှုနဲ့သာလွန်ဆွဲနေတဲ့ အလုပ်နဲ့အလာဂျီဖြစ်ထားတဲ့လုပ်သားတွေကြောင့် ကုမ္ပဏီတစ်ခုရဲ့အမှားအလုပ်ဆုံးနေ့ဟာ တနင်္လာနေ့လို့ပြောကြတာကြိမ်ဖန်များစွာကြားဖူးခဲ့တာပေါ့။
“အလုပ်ခွင်မှာပျော်ရဲ့လား? ၃”
-လူချင်းတူပေမဲ့အခွင့်အရေးချင်းမတူ-
ငွေသာရရင်ဘာမဆိုလုပ်တဲ့တရုတ်နိုင်ငံမှာအလုပ်အပ်ကြတဲ့ လူ့အခွင့်အရေးအတွက်အလုပ်လုပ်ပါတယ်ဆိုတဲ့အမေရိကန်နိုင်ငံရဲ့အာမခံချက်ဟာဘယ်လောက်ကြီးကြီးမားမားကျန်နေပါသေးသလဲ? ဒီအဖြေကိုရှာဖို့လေ့လာသုံးသပ်ကြည့်ရအောင်။
သူ့နိုင်ငံမှာလုပ်ခဈေးကြီးလို့တစ်ခြားဈေးသက်သာတဲ့နိုင်ငံမှာကန်ထရိုက်စံနစ်နဲ့အလုပ်အပ်လိုက်ရုံနဲ့အမေရိကားဟာဖြေရှင်းလို့မရတဲ့အလုပ်သမားအခွင့်အရေးနိမ့်ပါးမှုကိုရှောင်ကွင်းနိုင်လိုက်တာမဟုတ်ပါဘူး။ နည်းပညာနဲ့ပတ်သက်တာ၊ မူပိုင်ခွင့်နဲ့ပတ်သက်တာ၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ပတ်သက်တာ၊ လုပ်ခရှင်းခြင်း-Payroll Processing နဲ့သက်ဆိုင်တာအပြင် အခြေခံနာရီစားလုပ်ခ/အနည်းဆုံးလုပ်ခနဲ့ခန့်ထားတဲ့လုပ်သားတွေအပေါ်မှာတော့ မသိကျိုးကျွံချိုးဖောက်နေတုန်းပဲဆိုတာလေ့လာမိတယ်။
ဉပမာ စာဖတ်သူမှာအလုပ်ကုမ္ပဏီတစ်ခုရှိတယ်ဆိုပါစို့။ ကုမ္ပဏီပိုင်ရှင်အောက်မှာ ဒါရိုက်တာ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူး၊ လုပ်သားခေါင်ဆောင်စတာတွေရှိကြမှာပေါ့။ ဒါပေမဲ့ အဲဒီရာထူးအဆင့်ဆင့်ဟာ ဘာပစ္စည်းမှမထုတ်နိုင်ဘူး။ တကယ်ထုတ်လုပ်နိုင်တဲ့လုပ်သား-Product Builder တွေကိုငှားရမ်းရတယ်။ အဲဒီထဲမှာ အမေရိကားကိုရောက်လာပေမဲ့အင်္ဂလိပ်စကား လုံးစေ့ပတ်စေ့မတတ်သူတွေကိုငှားမလား စကားတတ်သူတွေကိုငှားမလား? စကားတတ်သူတွေကိုပဲငှားမှာပေါ့ မဟုတ်ဘူးလား။
ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အင်္ဂလိပ်စကားတတ်သူရော မတတ်ကြသူတွေပါအမေရိကားရောက်ချင်ပေမဲ့ အမေရိကားရောက်လာသူတိုင်းဟာအင်္ဂလိပ်စကားတတ်သူတွေမဟုတ်ဘူးဆိုတာပါပဲ။
ဒါကြောင့် စာဖတ်သူရဲ့ကုမ္ပဏီမှာ အင်္ဂလိပ်စကားတတ်သူခေါင်းဆောင်က အင်္ဂလိပ်စကားမတတ်သူလုပ်သားကိုနှိမ်လို့နှိမ်မှန်းမသိတော့ဘူး။ ဒါမျိုးကအောက်ကခံရသူဆီကသာကြားရတဲ့ဇာတ်လမ်းမျိုးဆိုတော့ စကားမပေါက်သူကအထက်အုပ်ချုပ်သူတွေအထိမပေါက်ရောက်တာမဆန်းတော့ဘူးလေ။
ဒါတင်ဘယ်ကဦးမလဲ တရားမဝင်ရောက်လာပြီးအမေရိကားမှာအလုပ်လုပ်နေကြသူတွေကရှိသေးတယ်။ သူတို့မှာဘာကဒ်ပြားတစ်ခုမှမရှိတာကလွဲရင် လူချင်းလူ လက်နှစ်ဘက်ပါတာချင်းအတူတူဘာမှမကွာခြားဘူး။ တရားဝင်မဟုတ်တာကိုနိုင်ကွက်အနေနဲ့ထစ်ထားပြီးအလုပ်ရှင်က စာရွက်စာတမ်းပြည့်စုံသူလုပ်သားတွေနဲ့တန်းတူလုပ်ခမပေးလည်းလုပ်မှာကိုသိနေတော့ ဒီနေရာမှာအမေရိကားရဲ့လူ့အခွင့်အရေးကကျိုးပေါက်ပြန်တယ်။ ဒါက စာဖတ်သူကိုအလုပ်ရှင်နေရာကစဉ်းစားခိုင်းတာနော်။ အခု လုပ်သားနေရာကနေစဉ်းစားခိုင်းကြည့်မယ်။
စာဖတ်သူက အမေရိကားကိုအလည်လာပြီးမပြန်ချင်တော့တဲ့အခါ ဟိုကိစ္စ ဒီကိစ္စတွေဗန်းပြပြီးခိုလှုံခွင့်တွေလျှောက်ကြတာကတစ်ပိုင်းပေါ့။ ဒါက အနည်းစု။ အများစုကဒီနေ့စားဖို့သောက်ဖို့ ၃ နှပ်မှန်ရေးအတွက်ရရာအလုပ်ဝင်လုပ်တဲ့အခါ တရားဝင်သမားတွေထက်မတရားနှိမ်ပြီးပေးရင်ငြင်းနိုင်ပါ့မလား။ တရားဝင်သမားတွေ ၁ ရက် ၈ နာရီလုပ်ရတဲ့အလုပ်ကို ၁ဝ နာရီလုပ်ရမယ်ဆိုတော့ရော စောတကတက်ရဲလို့လား။ လက်ခံလိုက်ကြရတာပဲမဟုတ်လား။ ဒီနေရာမှာစိန်ခေါ်မှုကလိုက်လာပြီလေ။
ဘယ်အချိန်ရဲနဲ့တွေ့မလဲဆိုတာစိုးရိမ်နေရသူ၊ ဘယ်အချိန် ရေခဲရဲ-ICE တွေအိမ်တံခါးလာခေါက်မလဲတွေးပူနေရသူ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်ရှေ့မှာကူလီငှားမယ့်သူကိုမျှော်နေရသူ၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ကွဲနေတဲ့အားပြိုင်ဂိုဏ်းတွေကြားကအလုပ်ခွင်ကိုဝင်ရမယ့်သူတွေနဲ့စားသောက်ဆိုင်မှာအနှိမ်ခံအောက်ခြေသိမ်းလုပ်ရသူတွေဟာ အလုပ်ကိုသွားတာပျော်ပါးမလားဆိုတာကိုယ်ချင်းစာကြည့်ကြပါ။
နောက်ထပ်အလုပ်ခွင်မှာမပျော်တဲ့အဖြစ်အများဆုံးကိစ္စတစ်ခုက လူတစ်ယောက်ယောက်နဲ့မတည့်တဲ့အလုပ်ကိုနေ့တိုင်းသွားနေရတာပါ။ မတည့်ဘူးဆိုတဲ့နေရာမှာ မိမိကိုအနိုင်ကျင့်နေသူရှိမယ်၊ ကာမအိန္ဒြေထိပါးချင်သူရှိမယ်၊ ဆဲဆိုကြိမ်းမောင်းကောင်းကောင်းမဆက်ဆံသူရှိမယ်၊ အပြစ်အားလုံးကိုပုံချတတ်တဲ့လုပ်ဖော်ကိုင်ဘက်ရှိမယ်၊ ပြောရဆိုရရှင်းပြရခက်တဲ့အထက်လူကြီးရှိမယ်၊ ခက်ခဲကြမ်းတမ်းပြီးညစ်ပတ်နံစော်တဲ့အလုပ်ခွင်ရှိမယ်။
ဒါတွေအပြင် မိမိကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူးတို့ရဲ့အသုံးမကျမှု၊ တဇွတ်ထိုးဆန်မှု နဲ့ ဘက်လိုက်မှုတွေကိုအမြဲတွေ့နေရတာမျိုးကြောင့်လည်းအလုပ်နဲ့လူနဲ့မတည့်တာတွေရှိပါမယ်။
ဒါတွေကိုဖြေရှင်းတတ်ဖို့ ကျောင်းသားဆိုရင်အထက်တန်းမှာအလုပ်ခွင်ဆက်ဆံရေးသင်တန်းတွေပေးတယ်။ အလုပ်ခေါ်ပေးတဲ့အေဂျင်စီဆိုရင်အင်တာဗျူးခေါ်ရင်းနဲ့လက်တွေ့ဖြစ်ဖြစ် ဗီဒီယိုတွေဖွင့်ပြီးဖြစ်ဖြစ်ရှင်းပြတယ်။ လက်တွေ့အလုပ်ခွင်မှာ ဒါမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ လူသားအရင်းအမြစ်ဌာန-HR-Human Resources ရှိတယ်။ တိုင်တန်းပြောဆိုဆွေးနွေးအဖြေရှာရင်းမပျော်တဲ့အလုပ်ခွင်ကိုနေ့တိုင်းသွားလို့ပျော်အောင်အသွင်ပြောင်းပေးနိုင်ပါတယ်။
“အလုပ်ခွင်မှာပျော်ရဲ့လား? အပြီးသတ် အပိုင်း ၄”
-မတူကွဲပြားလူမျိုးခြားနဲ့အလုပ်ခွင်-
အလုပ်ခွင်တစ်ခုရဲ့ခေါင်းဆောင်အတွက်အဝေဖန်ခံရဆုံးနဲ့မှန်ကန်တဲ့လုပ်ရပ်ဖြစ်ဖို့အလိုအပ်ဆုံးက အလုပ်ခွင်မှာရှိတဲ့မတူကွဲပြားတဲ့လုပ်သားတွေရဲ့သဘာဝအမျိုးမျိုးရဲ့ဆတ်ဆတ်ထိမခံတဲ့ခံစားမှုတွေပဲဖြစ်ပါတယ်။ အလုပ်ကိုလာတာပျော်နေတဲ့ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့ဆတ်ဆတ်ထိမခံတဲ့ခံစားမှုတွေကိုချိုးနှိမ်ထားတတ်ကြတယ်။ ဒါ့အပြင် မိမိအောက်ကလုပ်သားတွေရဲ့နိစ္စဓူဝနေသားကျနေတဲ့ဘဝတွေအပြင် သူတို့ရဲ့နောက်ခံမိသားစုအကြောင်းတွေကိုပါလေ့လာထားတတ်ကြတာအတုယူစရာပါ။
ဘာသာမတူတဲ့လုပ်ဖော်ကိုင်ဘက်ကြားမှာ သူကိုးကွယ်တဲ့ဘာသာကဘာဖြစ်လို့၊ သူဝတ်တဲ့ရိုးရာဝတ်စုံကဘာအရောင်ကြီးမှန်းမသိဘူးဆိုတာမျိုးဆတ်ဆတ်ထိတာမခံနိုင်လောက်တဲ့စိတ်မျိုးဝင်မယ့်အစား သူတို့ဘာသာနဲ့ယဉ်ကျေးမှုတွေကထူးခြားတယ်၊ လေ့လာရမယ်ဆိုတဲ့စိတ်နဲ့နေထိုင်တတ်ဖို့ အမေရိကားအလုပ်ခွင်တွေမှာသင်တန်းပေးကြပါတယ်။ ဒီလို “အလုပ်လာရင်ပျော်ရမယ်” ဆိုတဲ့စကားတွေကိုတွင်တွင်ပြောတဲ့သင်တန်းတွေမှာ . .
မတူကွဲပြားပေမဲ့ထူးခြားတာကိုရှာပါ
________________________
ပြဿနာအများစုဟာလုပ်ဖော်ကိုင်ဘက်အချင်းချင်းကြားကချိုးချိုးနှိမ်နှိမ်အကဲဖြတ်မှုတွေကြောင့်ဆိုတာပြောပြတယ်။ မိမိမြင်တဲ့နေရာကြောင့်ရှုထောင့်အမျိုးမျိုးကွဲသွားနိုင်တဲ့အကြောင်းနမူနာပေးပြီးရှင်းပြပါတယ်။ တကယ်လို့ “သူကဘာကြောင့်ငါနဲ့မတူရသလဲ” ဆိုတဲ့မေးခွန်းမမေးခင် မိမိကိုယ်ကိုဆန်းစစ်ကြည့်ဖို့မေးခွန်းတွေကိုချရေးခိုင်းပါတယ်။
၁. ဘာကြောင့်ဒီလိုတွေးမိတာလဲ
၂. မင်းတို့မြင်ထားတဲ့ရှထောင့်ကိုရှာတွေ့နိုင်မယ့်စာအုပ်စာပေဖတ်နိုင်မယ့်နေရာကိုဘာကြောင့်မမေးမိတာလဲ
၃. ငါ့ကိုမျှဝေဖို့ခက်ခဲစေတဲ့အကြောင်းရင်းတစ်ခုခုများငါ့ဆီမှာရှိနေလို့လား ဆိုတာတွေပါပဲ။
ခက်ခဲတဲ့စကားဝိုင်းတွေကိုမရှောင်ပါနဲ့
_________________________
ဒီသင်ပြချက်ရဲ့ဗဟိုချက်မက မတူညီတဲ့ယဉ်ကျေးမှုကိုဂရုမမူစေဘဲအခြေခံတူညီမှုတစ်ခုကိုစတင်ရှာဖွေစေပါတယ်။ ဉပမာ-ကားဘီးတပ်တဲ့အခါ မိမိကဘယ်ဘက်တတ်ပြီးတာနဲ့နောက်တစ်ယောက်ကိုလွှဲပြောင်းပေးလိုက်တာမျိုး၊ သူများကညာဘက်ဘီးတပ်ပြီးလို့မိမိကိုလွှဲပြောင်းပေးလာတဲ့အခါ ကြည်ကြည်သာသာကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေဖို့ပြောပြပါတယ်။
လူဖြူ လူမည်း၊ ခရစ်ယာန် အစ္စလမ်၊ ဆံပင်တို ကျစ်ဆံမြီးဆံပင် ဘာမှမရှိတော့ပါ။ လူတစ်ယောက်ကနောက်လူတစ်ယောက်နဲ့အလုပ်တွဲလုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိတယ်ဆိုတာကစရပါမယ်။
တစ်ဉီးချင်းစီအောင်ပွဲခံပါ
_________________
ခေါင်းဆောင်တစ်ယောက်ရဲ့အလုပ်ကမိမိအောက်မှာရှိတဲ့လုပ်သားတိုင်းကို ဘယ်ဘာသာ၊ ဘာအသားအရောင်၊ ဘယ်လိုအဝတ်အစားဝတ်ထားတာကိုအသိအမှတ်ပြုရင်း မိမိလက်အောက်မှာစည်းစည်းလုံးလုံးအလုပ်လုပ်နိုင်စေဖို့တစ်ယောက်ချင်းစီကိုအားပေးစကားပြောတာဟာရည်မှန်းချက်ဆီရောက်အောင်တစ်လှမ်းချင်းသွားနေတာဖြစ်ပါတယ်။
မိမိ=ခေါင်းဆောင်တစ်ယောက်ရဲ့တန်ဖိုးဟာဘာလဲ လုပ်ဖော်ကိုင်ဘက်=လုပ်သားတွေရဲ့တန်ဖိုးဟာဘာလဲ ဆိုတာ အထက်ကနေအောက်၊ အောက်ကနေအထက် အမြဲသတိပေးနေရမှာဖြစ်တယ်။ ဒီလိုတစ်ဦးချင်းစီကိုတန်ဖိုးထားတတ်တဲ့စိတ်ဟာ မတူညီမှုကိုထပ်ပြီးခွဲခြားသလိုမဖြစ်စေသွားစေဖို့နဲ့နှိမ်ချဆက်ဆံမှုတွေကိုလုံးဝမလုပ်မိဖို့လိုအပ်လှပါတယ်။ ဒါမှသာစက်ရုံအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်မိသားစုတွေရဲ့ဘေးကိုခွဲထွက်ရှောင်ခွာမိနေသူတွေကိုသတိထားမိမှာပါ။
အားလုံးကိုခြုံပြီးပြန်ကောက်ရရင် အလုပ်ခွင်တစ်ခုမှာပထမအရေးကြီးဆုံးကမူဝါဒပါ။ နောက်ကမှ လုပ်ပုံလုပ်နည်း လုပ်ငန်းစဉ်နဲ့လုပ်သားတွေကိုအုပ်ချုပ်တဲ့စံနစ်ကြီးတစ်ခုလုံးဟာမျှမျှတတရှိနေဖို့လိုပါတယ်။ လုပ်ခငွေရတဲ့လုပ်သားဆိုတာက ကုမ္ပဏီကထွက်ကုန်တွေရောင်းရငွေထဲက ကုန်ကျစားရိတ်၊ ကုန်ကျစားရိတ်ငွေထဲက လုပ်ခဆိုတာမျိုးတွက်ချက်ကြရတာ။
ဒါကြောင့် တစ်ရက်တစ်ရက်အလုပ်လာတဲ့လုပ်သားတွေဟာအလုပ်ခွင်မှာမပျော်ဘဲမကျေနပ်မှုတွေကိုရှေ့တန်းတင်၊ ရာထူးတက်ဖို့လူရာဝင်ချင်ရုံလောက်နဲ့သာအလုပ်လုပ်ကြရင် ကုန်ပစ္စည်းအထွက်နှုန်းနည်းနေသမျှကာလပတ်လုံး ဒီအလုပ်မှာမြဲဖို့အာမခံချက်ဟာလည်း ဝေဝါးနေမှာဖြစ်ပါတယ်။ ဒါက လုပ်သားနေရာမှာစာဖတ်သူကိုနေခိုင်းတာ။
ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးနေရာကနေကြည့်ရင် အလုပ်လာတဲ့လုပ်သားတိုင်းဟာကျန်းမာပျော်ရွှင်နေရမယ်။ ကုန်ထုတ်လုပ်မှုမြင့်မားရေးကိုလိုလားတဲ့လုပ်သားတွေဖြစ်ရမယ်။ တစ်ဦးကိုတစ်ဦးကူညီထောက်ပံ့တတ်သူဖြစ်ရမယ်။ တစ်ဦးရဲ့လုပ်ဆောင်မှုကောင်းတိုင်းအသိအမှတ်ပြုတတ်သူဖြစ်ရမယ်။ တစ်နည်းအားဖြင့် အမှားလုပ်ရင်အမှန်ပြင်တတ်တဲ့စိတ်တံခါးဖွင့်ထားသူတွေဖြစ်ရမယ်ဆိုတာအစည်းအဝေးလုပ်တိုင်းအမြဲပြောပေးနေရပါမယ်။
တစ်ဆက်တည်း တစ်ဦးချင်းစီရဲ့လိုအပ်ချက်ထက်စာရင် တစ်ဦးချင်းစီရဲ့အသံ (ရင်ဖွင့်သံ၊ ခံစားချက်) တွေဟာဘယ်လောက်အထိအရေးကြီးပြီး ငါတို့ခေါင်းဆောင် (အုပ်ချုပ်သူ) တွေကြားတယ်ဆိုတာလုပ်သားတွေကိုပြောပေးရပါမယ်။
ဒါကိုနားလည်တဲ့လုပ်သားတွေတစ်နေ့တစ်ခြားတိုးပွားလာတာနဲ့အမျှ အလုပ်ဆိုရင် မခိုင်းရသေးဘဲပြီးနေတယ်၊ စီမံကိန်းဆိုရင် မစရသေးဘူး စိတ်ဝင်စားနေပြီ၊ အလုပ်တက်ချိန်အလုပ်ဆင်းချိန်ဆိုလည်း ဘယ်သူမှဖျက်လိုဖျက်ဆီးမလုပ်ကြဘဲ အချိန်မှန်လာကြမှာပါ။
လူတိုင်းအလုပ်မှာပျော်လာတာရဲ့အကျိုးဆက်အနေနဲ့
ဖွင့်ထားတဲ့တံခါးကိုဝင်ရဲလာမယ်
စေ့ထားတဲ့တံခါးကိုခွင့်တောင်းဝင်ရောက်လာမယ်
ပိတ်ထားတဲ့တံခါးကိုခေါက်ပြီးလည်း စိတ်ဝင်စားကြောင်းပြသလာတဲ့တစ်နေ့မှာ
ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်ခွင်ကိုဝင်ရင်းဘဝတက်လမ်းကိုအတူတူလျှောက်လှမ်းနိုင်ပါလိမ့်မယ်။
ပြီးပါပြီ
ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-04-2020