ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, July 21, 2013

မပျက်ရင် ကောင်းတယ်

        
Engine Check Light


                   အင်ဂျင်ဝိုင်မှန်မှန်လဲပေးသောကားသည် ပြသနာမရှိ ၊ ခက်သည်က ဒိုင်ခွက်တွင် ဘုံပိုင်ခေါင်းပုံ ( Engine Check Light ) ပေါ်လာမှ လမ်းဘေးကိုဘဲ ချရပ်ရတော့မလိုလို ၊ ဆက်မောင်း၍ မရတော့သလိုလို စိုးရိမ်လွန်ကဲစွာ ခြေမနင်းမိ လက်မကိုင်မိဖြစ်ကြသည်မှာ အမေရိကန်ရှိ ယျာဉ်မောင်းများ၏ သရုပ်မှန်ုဟုဆို ရမလိုဖြစ်နေသည် ၊ ဘာမဆို မီတာ ( Monitor ) ပြမှ သိကြသည်မှာ
နည်းပညာမြင့်မားမှု၏ သားကောင်များဖြစ်နေကြပြီလား
၊ သို့တည်းမဟုတ် တစ်ခုခုဖြစ်မှ ကားကက်သလောက် ( Vehicle Manual Book ) ဘုတ်အုတ်ကိုလှန်၍ ဘောနက် ( Hook ) ကိုဖွင့်ကြည့်တော့မည်လားမသိ ၊ ဒီနိုင်ငံ ဒီဒေသတွင် ကားသစ်များပေါများသလောက် ယျဉ်မောင်းများ ကားအကြောင်းကိုလေ့လာမှုနည်းပါးသည့်အကြောင်းရင်းနှင့် ကားပြင်ကုန်ကျစားရိတ်များကို သင့်တော်သလိုတင်ပြသွားပါမည် ။


                            မြန်မာပြည်တွင်တော့ မိမိစီးမည့်ကားကို မနက်တိုင်း အင်ဂျင်ဝိုင်ရှိမရှိစစ်ဆေးလေ့ရှိကြပါသည် ၊ ကားဘီးလေ ရှိမရှိ လက်နှင့်တောက်ကြည့်မိသည် ၊ ခရီးဝေးသွားမည်ဆိုလျှင် ရေတိုင်ကီကိုပါ စစ်ဆေးတတ်ကြသေးသည်ကို သတိရမိသည် ၊ ဤဒေသတွင်တော့ ထိုကဲ့သို့မလုပ်ကြ ၊ အလုပ်တက်သူအများစု တစ်ရက်လျှင် အနည်ဆုံး အသွားအပြန်  မိုင် ၂ဝ မှ ၅ဝ ကြား မောင်းကြရသည် ၊ မနက်ကားစက်နှိုးပြီး ရွှတ်ကနဲ မောင်းထွက်သွားကြသည်သာ ၊ ကားဆီကုန်သတိပေးသောမီးဝါ ( Fuel Light Indicator ) လင်းမည်ကိုသာ သူတို့အလေးထားကြသည် ၊ အကြောင်းမူ ထိုမီးဝါလင်းလျှင် ၁ မိုင်ခွဲအတွင်း ဓါတ်ဆီဆိုင်တွေ့အောင်ရှာရန်လိုအပ်သောကြောင့်ဖြစ်သည် ၊ မောင်းသည့်ကားသက်တမ်းကိုလည်းကြည့်လိုက်ကြပါအုံး ၊ အဝေးဆုံး ၂ဝဝ၃ ခုနှစ်ထုတ်ကားများဖြစ်နေသောကြောင့်လည်း ကားထိန်းချုပ်မှုစံနစ် ( Vehicle Computer System ) ကို ယုံကြည်ကြသည် ။



     

                 ကားပြင်သောဈေးနှုန်းများကိုလည်း တီးခေါက်ကြည့်ပါအုံး ၊ ကားအင်ဂျင်ဝိုင်ပုံမှန်လဲလျှင် ဒေါ်လာ ၃ဝ ၊ အစိုးရအခွန်နှင့် ဆီဟောင်းစွန့်ပစ်ခအပါ အပြီးအစီး ( ဆီစစ်ဗူးလဲအပြီး ) ၃၉ ဒေါ်လာကျသင့်ပါမည် ၊ ၂ဝဝ၇ နောက်ပိုင်းထုတ်ကားဆိုလျှင် ဆီအကောင်းစား ( Synthetic Oil 5W 40 ) ထည့်ရြ့ပီး  ၅၄ ဒေါ်လာကျသင့်ပါလိမ့်မည် ၊ ကားဆီလဲရုံသက်သက်မဟုတ် ၊ ဘရိတ်ရှုး ( Brake Pads ) ထု ကျန်မကျန် စစ်ပေးခြင်း ၊ တာယာတိုင်းသည့်ကိရိယာ ( Tire Tread Depth Gauge ) ဖြင့်တိုင်း၍ တာယာအထူအပါးကို စစ်ပေးခြင်း ၊ လေစစ်ကောင်းမကောင်းစစ်ပေးခြင်း စသည့် ထိန်းသိမ်းပြုပြင်စရာကိစ္စများအတွက်  ( Auto Maintenance Check - List ) စာရွက်ကြီး တကားကားဖြင့် လိုက်စစ်ပေးပါတော့သည် ၊ အခမဲ့စစ်ပေးသည်ဖြစ်သော်လည်း အရမ်းကြီးအကောင်းမမြင်လိုက်ပါနှင့် ၊ ကားပြင်စင် ( Car Lift ) ပေါ်မှ ကားကိုမချမီ တွေ့ရှိသည့်အပြစ်များကို ကားပိုင်ရှင်ကိုရှင်းပြ၍  ပြင်ရန်စည်းရုံးပါတော့သည် ၊ “ ဘရိတ်ကပါးနေပြီ ၊ တာယာက ကွေ့ရင်အန္တရယ်ရှိတယ် ၊ အပြင်လေစစ်မလဲရင် အင်ဂျင်နာတယ် ၊ အတွင်းလေစစ်မကောင်းရင် ကျန်းမာရေးထိခိုက်တယ် ၊ ဂီယာဝိုင်က မည်းနေပြီ “  စသည့် ခြောက်လှန့်စကားလုံးများ ကြားရလျှင် ကားပိုင်ရှင်များ ခေါင်းကုတ်ရပါပြီ ၊ ပြင်ဘဲ ပြင်လိုက်ရမလား ၊ ကားအောက်ချခိုင်းပြီး ဒီအတိုင်းဘဲ မောင်းပြန်သွားရမလား စဉ်းစားရကြပ်ကုန်ပြီ ၊ နောက်ဆုံးတော့မထူးဘူး ဘယ်လောက်ကျမလဲ တွက်ခိုင်းရင်း ကားပြင်ဖြစ်သွားပါတော့သည် ၊ ဤနည်းမှာ အမေရိကားမှ နာမယ်ကြီး ကားပြင်လှည့်ကွက်နည်းပညာ ( Auto Repair Marketing Strategy ) ပင်ဖြစ်ပေတော့သည် ။



Michelin Defender Tire Structure

                          မက်ချလင် ( Michelin ) တာယာမှာ အကောင်းဆုံးဟုယူဆရပြီး တပ်ဆင်ပြီးသည်အထိ “၄ လုံးစုံ”ကို ဒေါ်လာ ၆၄ဝ ခန့်ကုန်ကျနိုင်ပါသည် ၊ ကားသစ်များတွင် ကားကုမ္ပဏီမှ မက်ချလင်တာယာကို တပ်ပေးလိုက်ကြသည် ၊ုဒုတိယနာမည်ကြီးမှာ ဘရစ်စတုံး ( Bridgestone ) ဖြစ်ပြီး ဒေါ်လာ ၅၈ဝ ခန့်ဈေးရှိပါသည် ၊ သူက ဖိုင်းယားစတုံး ( Firestone ) ဂျပန်ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီဖြစ်ပြီး ယခု အမေရိကားတွင် ထုတ်လုပ်သည် ၊ ထိုမျှလောက်ငွေမသုံးလိုလျှင် ကိုးရီးယားဖြစ်တာယာ ကို ဒေါ်လာ ၃၉ဝ ခန့်ဖြင့် ၂ နှစ် ကောင်းကောင်းမောင်းနိုင်ပါလိမ့်မည် ၊ တရုတ်တာယာများသည် အမျိုးအစားကောင်းသော်လည်း ဈေးသက်သာလိုသူများကို “ ပြောရောင်း” ပစ္စည်းအဆင့်သာရှိသည် ။


     

                   ဘရိတ်ပြင်ဈေးကွက်ကိုလည်းကြည့်ကြည့်ပါ ၊ ဘီး ၂ ဖက်စာ ( အရှေ့ဘီး သို့မဟုတ် အနောက်ဘီး ) ပစ္စည်းဖိုးလက်ခအပါ အပေါဆုံး ဒေါ်လာ ၁၆ဝ ( Basic ) မှ ဒေါ်လာ ၂၄ဝ ( Ceramic Package ) အထိရှိသည် ၊ ဘရိတ် ၄ ဘက်လုံးလဲရလျှင် ဒေါ်လာ ၃ဝဝ ကျော် အသာလေးကုန်ပါလိမ့်မည် ၊ အားသာချက်တစ်ခုမှာ ထိုကဲ့သို့ ဘရိတ်ပြင်ဆားဗစ်လုပ်ထားလျှင် တစ်သက်တာ ( Life Time Labor Charge Free ) အခမဲ့ တပ်ဆင်ပေးသည့် အစီအစဉ်ရှိသော ဆိုင်များကို ရွေးချယ်နိုင်ပါသည် ။

          အင်ဂျင်ချက်လိုက်မီးဝါ လင်းသည်မှာ အများအားဖြင့် အင်ဂျင်ဝိုင်လဲပေးခြင်းဖြင့် ပြေလည်တတ်သည်ကိုကြုံဖူးပါသည် ၊ တကြိမ်တုန်းကမူ မြန်မာတစ်ယောက်၏ကားမှာ အင်ဂျင်ဝိုင်လဲပေးသော်လည်း မီးဝါမငြိမ်းသောကြောင့် စစ်ဆေးကြည့်ရာ ဓါတ်ဆီတိုင်ကီအဖုံးကို “ ထစ်” ကနဲ အသံမည်အောင် ပိတ်လိုက်မှ ပျောက်သွားပါသည် ၊ နောက်တစ်စီးမှာတော့ ကားဝိုင်ယာရင်း ( Wiring System ) ကြောင်၍ ပြင်လိုက်ရာ ဒေါ်လာ ၁၁ဝ ကုန်သွားသည်ဟု သူငယ်ချင်းတစ်ယောက်မှ ရင်ဖွင့်ပါသည် ၊ ကားဘီးလေလျော့သည့်မီးဝါ ( Flat Tire Light ) ပေါ်လျှင် ဓါတ်ဆီဆိုင် ( Gas Station ) တွင် လေ အခမဲ့ ထိုး၍ရပြီး ဘီးပေါက်နေကြောင်းတွေ့ရှိလျှင် ဒေါ်လာ ၃ဝ ကုန်ပြီသာမှတ်ယူထားပါတော့ ၊ ကားဘက်ထရီမှာ အမျိုးအစားကိုလိုက်၍ ဆလွန်းကား ( Sedan ) အတွက် ဒေါ်လာ ၇ဝ မှ ၁၂ဝ ကြားရှိသည် ၊ ဘက်ထရီအဟောင်းမှာဈေးသိပ်မရ ၊ ၉ ဒေါ်လာသာ ပြန်ပေးပါသည် ။

          မြန်မာများ ကားပျက်လျှင် အားငယ်စရာမလို ၊ ဆန်ဖရန်စစ္စကို ဧရိယာ ( Bay Area ) တဝိုက်တွင် အားကိုးစရာ မြန်မာကားဝပ်ရှော့များရှိကြပါသည် ၊ ခရက်ဒစ်ကဒ်ဖြင့်ငွေရှင်းလျှင် ကားပိုင်ရှင်မှ အခွန်ရှောင်၍ မရသောကြောင့် ကျသင့်ငွေကို ပိုက်ဆံငွေစက္ကူဖြင့်ပေးခြင်းဖြင့် အဆင်ပြေပြေဆောင်ရွက်နိုင်ကြပါသည် ၊ ထိုအကြောင်းအားဖြင့်လည်း မြန်မာစက်ပြင်ဆရာက ဈေးလျှော့ပေးနိုင်ပါလိမ့်မည် ၊ ပြင်လိုသည့်ရက်ဖုန်းကြိုဆက် ၊ ရက်ချိန်းယူ ၊ ပျက်တာပြော ၊ ငွေသား ( Cash ) ပေး ၊ ဈေးဆစ် နှင့် သူ့ဟာနှင့်သူတော့ ဟုတ်နေကြပါသည် ။

          အထက်ပါပြသနာများကို ရှောင်ရှားနိုင်ရန် မိုင်းလစ် ၆ဝဝဝဝ , ၉ဝဝဝဝ ,  ၁၂ဝဝဝဝ မိုင်အရောက်တွင် ပြင်ဆင်နေကျဖြစ်သော ဆားဗစ်များ ( 60K , 90K , 120K Maintenance Services ) ကို မပျက်မကွက်လုပ်၍သော်၎င်း ၊ အင်ဂျင်ဝိုင် ပုံမှန်လဲပေးခြင်းဖြင့်သော်၎င်း ၊ ခရီးဝေးမသွားခင် ကားတာယာကို သေသေချာချာစစ်ဆေးခြင်းဖြင့်သော်၎င်း ကြိုတင်ကာကွယ်နိုင်ပါလိမ့်မည် ၊ သို့မဟုတ်ပါက လမ်းဘေးထိုးရပ်သည့်ကားကို ဝပ်ရှော့ပို့ရန် ဆွဲကား ( Tow Truck ) ခေါ်ရလျှင် ၇၅ ဒေါ်လာနှင့်အထက် ကုန်ကျနိုင်သောကြောင့် ဆင်ဖိုးထက် ချွန်းဖိုးမကြီးစေရန်  “ ကား …. မပျက်ရင်ကောင်းတယ် “  လို့သာ ဆိုလိုက်ချင်ပါကြောင်း ။



ကိုညီညီ - တောင်ကြီး

No comments: