ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, March 12, 2014

ကမ္ဘာခြားတစ်နေရာရှိ မြန်မာများသုံးသည့် အင်တာနက်



ခပ်စောစော အမေရိကားကိုရောက်နေကြတဲ့မြန်မာတွေအသုံးများတဲ့အီးမေးလ်အမျိုးအစားက ရာဟူး-Yahoomail ဖြစ်ပါတယ် ၊ အဲဒီခေတ်ပိုင်းကအောင်မြင်ခဲ့တဲ့ Yahoo ရဲ့ ရှာဖွေရေးမူလစာမျက်နှာမှာ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေကိုပါဖတ်လို့ရလို့ အထူးရေပန်းစားခဲ့တယ် ၊ ရန်ကုန်မှာအင်တာနက်ကဖေးတစ်ခေတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး မြန်မာစာရိုက်လက်ကွက်သုံးလို့ရတဲ့ GTalk ပေါ်လာတဲ့နောက် Google နဲ့ Gmail သုံးစွဲတဲ့အလေ့အထကို နောက်ပိုင်းပြောင်းရွှေ့မြန်မာတွေသယ်ဆောင်သွားကြတဲ့အခါ ချက်တင်ဝင်ပြီးဆက်သွယ်လို့ရသလို အင်တာနက်ဖုန်းခေါ်ဖို့ ပီဖင်းဂိုးလ်-Pfingo က အဓိကပါ ၊ တစ်ယောက်ဆီမှာနေ့ဖြစ်တဲ့အချိန် နောက်တစ်ယောက်ဆီမှာညဖြစ်နေတော့ အွန်လိုင်းတက်တဲ့အချိန်မတူကြပါဘူး ၊ ဒီလိုအခက်အခဲကိုတော့ GTalk မှာ စာတိုပစ်ပြီးဖြေရှင်းခဲ့ကြတာပါ ၊ ကိုယ်စာပို့ချင်တဲ့သူကအင်တာနက်မဲ့ချိန်-Off Line ဖြစ်နေရင် သူအွန်လိုင်းတက်လာရင် ပို့ထားတဲ့စာဟာအလိုအလျောက် Pop Up ဖြစ်လာတာမို့လို့ ကမ္ဘာကြီးဟာ တစ်ကယ်ဘဲ ပြားသွားခဲ့ပါပြီ ။


ရုံး နဲ့ လုပ်ငန်းအတွက် Desktop ကွန်ပျူတာသုံးကြပြီး Laptop က ရွှေ့ပြောင်းသယ်ယူရလွယ်ကူတော့ သုံးစွဲသူပေါများပါတယ် ၊ အမေရိကားရောက်တာကြာသူများက Internet Explorer သုံးပါတယ် ၊ မြန်မာဇော်ဂျီဖောင့်ထည့်သုံးရတာလွယ်ကူတဲ့ မြေခွေးဘရောက်ဇာ Mozzila Firefox မှာ အများအားဖြင့်မြန်မာစာလုံးတွေလွဲနေတာမရှိပါဘူး ၊ အခုပွင့်လင်းဒီမိုကရေစီခေတ်မှသာ Google Chrome မှာ Myanmar 3 ဖောင့် ကိုအထောက်အပံ့ပေးတာကြောင့် လက်ကွက်အုပ်စု ( ၂ ) စု ကွဲပြားလာပါတယ် ၊ မြန်မာတွေရဲ့အားနည်းချက်က ကိုယ့်ကွန်ပျူတာပေါ်မှာမြန်မာစာမပေါ်လဲ ပေါ်အောင်မလုပ်ချင်ကြဘူး ၊ ဘယ်လိုဖောင့်သွင်းရမှန်းလည်းမသိဘူး ၊ မြန်မာစာဖတ်တာလည်းသိပ်မတွေ့ရတော့ဘူး ၊ ဒါပေမယ့် ဗုဒ္ဓဘာသာပွဲလမ်းတွေမှာ နိဗ္ဗာန်ဈေးရောင်းပွဲကျင်းပလေ့ရှိကြပြီး ရောင်းရငွေကို နီးစပ်ရာဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ် ၊ အဲဒီကျမှ သူငယ်ချင်းအပေါင်းအသင်းတွေ ပြောကြဆိုကြ စားသောက်ကြနဲ့ မသိတာတွေကိုမေးကြတဲ့အထိ အလုပ်စွဲလမ်းသူများ- Workaholic  ဒါမှမဟုတ် အလုပ်မြင်းရိုင်းများ-Workhorse ဖြစ်နေကြပါတယ် ၊ တစ်နေ့အလုပ်ချိန် ( ၈ ) နာရီ ၊ လမ်ပေါ်မှာကုန်ရတဲ့အချိန်နဲ့ ပြင်ရဆင်ရတဲ့အချိန်ထည့်ပေါင်းပြီး အိပ်ချိန်ကိုထပ်နှုတ်လိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဟာ တစ်ရက်ကို ( ၃ ) နာရီထက်မပိုပါဘူး ၊ ဒါကြောင့် ကိုယ့်ဝါသနာ နဲ့ ဖျော်ဖြေရေးတို့ကို အိမ်မှာတင် အင်တာနက်သုံးပြီးမဖြုန်းနိုင်တော့ဘဲ လက်ကိုင်ဖုန်း နဲ့ တက်ဘလက် ကိုင်ဆောင်ကာ လမ်းတွေ ကားတွေပေါ်ကိုရောက်လာပါတော့တယ် ။




အွန်လိုင်းကပစ္စည်းဝယ်ရင် စိတ်ချရအောင် အမ်မဇွန်-Amazon မှာဝယ်ပါတယ် ၊ လုပ်ခတစ်ပတ်စာ ( အပတ်စဉ်ရှင်းနေကျ ) နဲ့ အိမ်သုံးစားရိတ်များချိန်မိစေရန် ဘဏ်စာရင်းကို Bank of America နဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး ဝါရင်းဘတ်ဖက် ပိုင် Chase ဘဏ်တွေမှာ ငွေအပ်ပါတယ် ၊ အင်တာနက်ကို နက်ဝပ်ကုမ္ပဏီ-ISP ( Internet Service Provider ) တွေထဲက AT&T နဲ့ Comcast တစ်ခုခုသုံးကြတယ် ၊ ဒီနှစ်အုပ်စုစလုံးက အိမ်အင်တာနက် ၊ စီးပွားဖြစ်အင်တာနက် ၊ ငွေကြိုဖြည့်လမ်းလျှောက်အင်တာနက်-Prepaid Mobile Hotspot ၊ အိမ်ကြိုးဖုန်း ၊ ( ရန်ကုန်က Skynet နဲ့ ခပ်ဆင်ဆင် ) အခပေးရုပ်သံလိုင်း-Cable တို့ ရောင်းစားတာချင်း တူညီကြပါတယ် ၊ ဒါပေမယ့် Comcast က AT&T လို လက်ကိုင်ဖုန်းဆင်းကဒ် မရောင်းပါ ၊ ယုန်နားရွက်အင်တာနာတစ်ခုရှိရုံနဲ့ ဘာလစဉ်ကြေးမှမပေးရတဲ့ ဒေသရုပ်သံအခမဲ့လိုင်း-Local ကိုကြည့်ဖို့ လိုင်းပေါင်း ( ၃ဝ ) ကျော်ထဲမှာ အင်္ဂလိပ်စာတန်းထိုး ကိုးရီးယားကားတွေလာတဲ့ အမေရိကားလွှင့်ကိုးရီးယားရုပ်သံလိုင်း KBS World တစ်ခုပါရှိနေတာ တော်တော်အပျင်းပြေစေပါတယ် ။



အခပေးအင်တာနက်ဗွီဒီယိုလုပ်ငန်းကုမ္ပဏီ ဟူးလူး-Hulu က ဧရာမ On-Demand Streaming Internet Media Company ဖြစ်တဲ့ Netflix ကို မမှီပါဘူး ၊ လစဉ်ကြေး ( ၈ ) ဒေါ်လာချင်းကတော့တူပါတယ် ၊ စာတန်းထိုး အမေရိကန်ဇာတ်လမ်းတွဲကောင်းတွေကို ရုပ်သံကလာတာကိုစောင့်ကြည့်စရာမလိုဘဲ အားတဲ့အချိန်ကြည့်ရလို့အဆင်ပြေပါတယ် ၊ သူတို့နောက်က ကပ်လျက်လိုက်လာတာက အမ်မဇွန်ပရိုင်း-Amazon Prime ပါ ၊ တစ်နှစ်စာ ( ၇၉ ) ဒေါ်လာဖြစ်ပြီး Netflix လိုမျိုး နောက်ဆုံးပေါ်တစ်ကားပြီးရုပ်ရှင်တွေ နဲ့ အမေရိကန်ဇာတ်လမ်းတွဲတွေကြည့်ရှုနိုင်ပါတယ် ၊ ဒီ့အပြင် သူ့ဆီကဘာဝယ်ဝယ် မနက် ( ၁၁ ) နာရီမကျော်ခင် အော်ဒါတင်-Place Order လိုက်တဲ့ပစ္စည်းကို နောက် ( ၂ ) ရက်အတွင်း ကိုယ့်အိမ်တံခါးဝရှေ့ အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုပါရလို့ အရမ်းလှတဲ့ ဆွဲဆောင်မှုဖြစ်ပါတယ် ၊ အပိုဆုအနေနဲ့ ဒီပစ္စည်းကိုယ့်လက်ထဲရောက်လာတဲ့အခါ မကြိုက်လို့ဖြစ်စေ ၊ စိတ်ပြောင်းသွားလို့မလိုချင်တော့ရင်ဖြစ်စေ ၊ တခြားဆိုင်မှာဈေးသက်သာလို့ဖြစ်စေ ပြန်ပို့-Return လုပ်တဲ့အခါ အပြန်ကုန်ပို့ခ-Return Shipping ကို အမ်မဇွန် က ကျခံပေးပါသေးတယ် ။




အမေရိကားရောက် ပြောင်းရွှေ့မြန်မာတွေအသုံးအများဆုံး မြန်မာဝဘ်ဆိုဒ်မှာ www.burmeseclassic.com ဖြစ်ပါတယ် ၊ ဒီစာမျက်နှာဟာ ဧရာဝတီအွန်လိုင်းသတင်းလိုဘဲ မြန်မာဇော်ဂျီဖောင့် မရှိဘဲ ကြည့်လို့ရတယ် ၊ လက်ကိုင်ဖုန်းတွေပေါ်မှာ လေးထောင့်ကွက်လေးတွေမဟုတ်ဘဲ မြန်မာလို ကောင်းကောင်းမွန်မွန်ဖတ်လို့ရတယ့်အပြင် iPhone ၊ Android မရွေးဘူး စက်အားလုံးမှာအလုပ်လုပ်တယ် ၊ ပြီးတော့ ရုံးပိတ်ရက်ကျင်းပလေ့ရှိတဲ့ တရားပွဲ ၊ ပွဲလမ်းသဘင် နဲ့ ဈေးရောင်းပွဲတွေအတွက် မြန်မာတွေအချိန်းအချက်လုပ်ရာနေရာတစ်ခုဖြစ်နေပါပြီင်္ ၊ ရုပ်ရှင်မျိုးစုံ ၊ ဂီတစတိတ်ရှိုးများ ၊ Scan ဖတ်ထားသောစာအုပ်များ နဲ့ နိုင်ငံတကာဗဟုသုတစာမွန်များစွာ ပါဝင်ပါတယ် ၊ မြန်မာ နဲ့ ပြင်ပကမ္ဘာကို အချိတ်အဆက်မိစေဖို့ လူကြိုက်များသတင်းဋ္ဌာန BBC, VOA နဲ့ RFA စာမျက်နှာတွေကို ရွှေမြန်မာတွေအားကိုးဆဲပါ ၊ လူမှုကွန်ယက်စာမျက်နှာတွေအားကောင်းလာတဲ့နောက်မှာ ဝဘ်ဆိုဒ် နဲ့ ဘလော့ဂ်စာမျက်နှာတွေကို အသေးစိတ်လေ့လာဖို့နဲ့ အသံဖိုင် ၊ ဂျာနယ် နဲ့ မဂ္ဂဇင်းဖိုင်တွေ ဒေါင်းလော့ဒ်ဆွဲချဖို့လောက်သာသုံးကြပါတော့တယ် ၊ မျက်မှောက်ခေတ်သတင်းတွေသိဖို့အတွက်ကတော့ အဆိုပါသတင်းအရင်းအမြစ်တွေရဲ့ ဖေ့စ်ဘွတ်ခ် မှာ “ Like ” လိုက်ရင် မိမိရဲ့ သတင်းအသစ်-News Feed မှာတက်လာမယ့်သတင်းတွေကို အေးအေးဆေးဆေးစောင့်ဖတ်နေရုံနဲ့ အဆင်ပြေနေကြပါပြီ ။




ကဲ ဒို့ဗမာတွေ စာဖတ်ချင်တယ်ဆိုပါတော့ ၊ လွယ်ပါတယ် ၊ Pdf.စာအုပ်ဖိုင်တွေကို အရှေ့ကပြောခဲ့တဲ့ ဘားမီးကလပ်စစ် မှာ ရနိုင်ပြီး အပတ်စဉ်ဂျာနယ် နဲ့ နေ့စဉ်သတင်းစာတွေကို http://www.myanmarjournaldownload.com/ နဲ့ www.themyawadydaily.blogspot.com  တို့မှာ ရနိုင်ပါတယ် ၊ ကြော်ငြာနည်းနည်းတော့ကြည့်ပေးရတာပေါ့ ၊ ဒါပေမယ့်အဆင်ပြေပါတယ် ၊ ဒေါင်းလော့ဒ်ဆွဲချပြီး ကွန်ပျူတာပေါ်မှာ သိမ်းထားရင် အိမ်မှာနားနေချိန် အေးအေးဆေးဆေးဖတ်ပေါ့ ၊ တက်ဘလက်ပြားပေါ်မှာသိမ်းပြီး သွားလေရာ On The Go ဖတ်ရင်လည်း စိတ်မပါဘဲ ရှော့ပင်းစင်တာတွေသွားတဲ့အခါ နဲ့ တစ်ခုခုကိုစောင့်ရတဲ့အခါတွေမှာ အင်မတန်အသုံးတည့်ပါသေးတယ် ၊ လက်တွေ့စာအုပ်ကိုမှဖတ်ချင်တယ်ဆိုရင် မြန်မာပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ နာမည်ကြီးစာအုပ်တွေတင်ရောင်းတာတွေ့ဖူးပါတယ် ၊ နာမည်ကြီး သီချင်း စီဒီတွေ ၊ မြန်မာဗွီဒီယိုကားတွေ နဲ့ အငြိမ့်ခွေတွေပါမကျန် အစုံရောင်းကြပါတယ် ။


၂ဝဝ၇ ခုနှစ်မှာပေါ်တဲ့ iPhone ကို Facetime ပါလာတဲ့မော်ဒယ် အရောက်လောက်မှာ အမေရိကားရောက်မြန်မာတွေ တွင်တွင်ကျယ်ကျယ်သုံးလာကြတဲ့နောက်ပိုင်း လက်တော့ကွန်ပျူတာအသုံးလျော့နည်းခဲ့ကြပါတယ် ၊ ဒါပေမယ့် မနက်အလုပ်သွား ၊ ညနေအလုပ်ပြန် ၊ အိမ်ရှင်း ၊ ဟင်းချက် ပြီးရင် ဗမာကားလေးတစ်ကားလောက်ကြည့်ပြီး ကိုယ့်နိုင်ငံကိုလွမ်းရတဲ့အချိန်ဟာ ညသန်းခေါင်ရောက်နေပါပြီ ၊ နောက်ပိုင်း ခေတ်ပြိုင်ဖြစ်လာတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကြီးတဲ့ Samsung ကိုပြောင်းသုံးကြပြန်တယ် ၊ Apple ထုတ်ကုန်ပစ္စည်းတွေမှာ တားမြစ်ချက်တွေရှိတော့ မြန်မာဖောင့်ကို နေရာတိုင်းမသုံးနိုင်တဲ့အခါ Jailbreak လုပ်တာရှိသလို ရန်ကုန်မှာတော့ Root လုပ်ကြတဲ့ခေတ်တစ်ခေတ်ထိဖြစ်သွားဖူးပါတယ် ၊ Android စံနစ်သုံးတဲ့ Samsung ဖုန်းမျိုးစုံပေါ်မှာ မြန်မာစာပေါ်ဖို့ပြင်ပဆော့ဝဲလ် Third Patry App တွေအကူအညီနဲ့ မြန်မာလည်ပတ်မှုစံနစ်အထိအောင် နီးစပ်စွာသုံးနိုင်လာကြပါပြီ ၊ အမေရိကားမှာ မြန်မာလက်ကွက်ပါတဲ့ဖုန်းသုံးသူရှားပါတယ် ၊ ဖေ့စ်ဘွတ်ခ် မှာ မြန်မာလိုဖတ်လို့ရရင်ပြီးရောဆိုတဲ့စိတ်တစ်ခုကြောင့် မြန်မာစာနဲ့ဝေးလာပါတယ်ဆိုတဲ့အကြောင်း အတွေ့အကြုံများကို မျှဝေလိုက်ပါတယ် ။


ကိုညီညီ ( တောင်ကြီး )

" ကမ္ဘာခြားတစ်နေရာက မြန်မာများသုံးသည့် အင်တာနက် " စာမူကို ၂ဝ၁၄ မတ်လ ( ၂၂ ) ထုတ် NetGuide ဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၂၈ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည် ။ Download Link :http://www.mediafire.com/download/z4ee3yjkd71f726/Vol._3,_No._28.pdf


No comments: