ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, November 12, 2014

လွယ်လွယ်ရတဲ့ငွေကြောင့် အသက်ပေးရတတ်တယ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်ငယ်ငယ်ကနေတဲ့လမ်းထိပ်မှာ ဝက်ကန်ထရိုက်တစ်ယောက်က အင်မတန်ချမ်းသာတယ်။ သူ့အိမ်ဧည့်ခန်းက ကားလမ်းမဘက်ကို လှည့်နေတော့ အိမ်ရှေ့တံခါးကြီးသာ မပိတ်ထားရင် လမ်းသွားလမ်းလာတွေ အိမ်ထဲမှာ သူတို့ထိုင်နေတာ အကုန်လုံးမြင်နေရတယ်။ ညနေခင်း လုပ်ငန်းသိမ်းလို့ အရောင်းတော်တွေ စာရင်းပိတ်ချိန်ဆို ငွေတွေ .. ငွေတွေ ဆိုတာ မြွေရေခွံအိတ်နဲ့ထမ်းလာကြပြီး ဧည့်ခန်းကြမ်းပြင်မှာ မရေနိုင်လို့ နံပါတ်တပ်ပြီးသိမ်းရတယ်။ အဲဒီခေတ်အခါက ပုဂ္ဂလိကဘဏ်တွေ မထွန်းကားသေးတော့ ကိုယ့်အိမ်ဟာ ကိုယ့်ပိုင်ဆိုင်မှုသိမ်းဆည်းရာ နေရာပဲလေ။ ပေါ်ပေါ်တင်တင်ချမ်းသာလာလိုက်တာ တစ်လမ်းကျော်မှာ အိမ်တစ်လုံးဝယ်ပြီး အိမ်စီးကားကို စတိုခန်းထဲထည့်ပြီး ရောင်းစားနိုင်လာတဲ့အထိပဲ။
.
နောက်ပိုင်း ရပ်ကွက်ဥက္ကဌ ဖြစ်လာတယ်။ ဘယ်သူမှမသုံးခင် ကြိုးမဲ့ - Cordless Phone သုံးတယ်။ ရပ်ရေး ရွာရေးတွေ ဝင်လုပ်တယ်။ ထိပ်သီးပိုင်းအုပ်ချုပ်ရေးလောကမှာ ထင်ပေါ်ကြော်ကြားလာတယ်။ ငွေလှူတယ်။ ဦးဆောင်တယ်။ လိုင်းကားထောင်တယ်။ ကန်ထရိုက်တွေလိုက်ဆွဲတယ်။ ကားလမ်းတံတား အခွန်လေလံအောင်တယ်။ ဝက်ကန်ထရိုက်ထပ်ရတယ်။ ဈေးပစ်ပေးပြီးဝယ်တယ်။ နောက်ဆုံးတော့ စားသုံးသူတွေက ဝက်သား ဈေးကြီးကြီးနဲ့ ဝယ်စားရတယ်။ ဝက်ပေါ်ပြီး ဆိုင်ကယ်နဲ့လိုက်ရောင်းတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။ လိုက်ဖမ်းတယ်။ တရားစွဲတယ်။ လုပ်သူတွေက ခိုးရောင်းတယ်။ ဒါက စီးပွားရေး နဲ့ လူမှုရေးအပိုင်း။
.
အိမ်ထောင်ရေးမှာ တစ်ခါထဲ မိန်းမနှစ်ယောက်နဲ့ ပေါင်းသင်းနေထိုင်တယ်။ စကားမများဘူးလားလို့ မမေးပါနဲ့။ အကြီး နဲ့ အငယ်ကတည့်တယ် .. ညီအစ်မအရင်းခေါက်ခေါက်။ ဒါကထားလိုက်ပါ။ အကြီးနဲ့ သားသမီးမရလို့ ဒီလိုဇာတ်လမ်းဖြစ်တာပေါ့လို့ အတွင်းသိလူကြီးတွေပြောတာ ဘေးက ကလေး ကျွန်တော်က ခိုးနားထောင်ခဲ့ရတာကိုး။ တစ်ဖြည်းဖြည်းနဲ့ တွင်ကျယ်လာလိုက်တဲ့ ဂုဏ်သတင်းက ဘယ်လောက်အထိလဲဆိုတော့ သူ့ဝက်ရုံကသတ်တဲ့အသားက တစ်ခြားကထက် ပိုစားကောင်းတယ်၊ စားပြီးရင် စွဲနေတာပဲ ဆိုပြီးတောင် ပြောယူရတယ်။ လိုချင်သူတွေ မရမှာစိုးလို့ အော်ဒါမှာထားရတယ်။ ရတဲ့သူကလည်း အလှည့်နဲ့။ စဉ်းစားသာကြည့်ပါတော့ ဘယ်လောက်စီးပွားဖြောင့်သလဲဆိုတာ။ ဒါပေမယ့် ကားအစီးလိုက်သယ်လာတဲ့ ဝက်တွေကြားမှာ ဝက်သေတွေပါတာ ဘယ်သူမှမသိဘူး။ အဲဒီဝက်သေတွေထဲမှာ ဘာတွေပါတယ်ဆိုတာ သာတောင်ဆိုးသေး .. ဘယ်သူမှ မသိဘူးလေ။

အမေရိကန်ရောက်မြန်မာကျောင်းသားနှင့်မိဘများလွန်ဆွဲခြင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
မြန်မာနိုင်ငံကနေ အမေရိကားကို ကျောင်းလာတက်ကြသူတွေအားလုံးဟာ တက္ကသိုလ်တက်ကြသူတွေချည်းမဟုတ်ပါ။ တစ်ချို့ဆို IELTS အမှတ် နဲ့ GRE အမှတ်တွေအရ တက္ကသိုလ်ဝင်တန်းမှီရင်တောင် ကွန်မြူနတီ ပေါင်းကူးကောလိပ်မှာ ( ၁ ) နှစ်တန်သည် ( ၂ ) နှစ်တန်သည် ဘာသာစကားကောင်းမွန်ရေးအတွက် ကွန်းခိုတတ်ကြတယ်။ တစ်ချို့ အသက် ( ၂၁ ) နှစ်အောက်များကျပြန်တော့ ပြောင်းရွှေ့နေထိုင်သူမိဘတွေနဲ့လိုက်လာပြီး အလယ်တန်း၊ အထက်တန်းတွေ ကျော်ဖြတ်ကြရတယ်။ ငယ်ငယ်ကတည်းက လိုက်ပါလာသူတွေနဲ့ ဒီနိုင်ငံရောက် အမေရိကန်ပေါက်မြန်မာမျိုးဆက်သစ်တွေမှာ မတူညီတဲ့အမူအကျင့်တွေ ရှိနေတယ်။ သူတို့ကျင်လည်ရာ အသိုက်အမြုံမှာ ကြီးပြင်းဖော် ကြီးပြင်းဖက် မြန်မာလူမျိုးတွေမရှိရင် ပိုမိုထူးကဲ ပြုမူနေထိုင်ကြတယ်။
.
" အိမ်မှာ အင်္ဂလိပ်စကားမပြောရဘူး .. မြန်မာလိုသာပြောရမယ် " လို့ တားမြစ်ခံထားရတဲ့ ကလေးတွေဟာ မိဘ၊ မောင်နှမတွေနဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေတတ်ကြတယ်။ ဆိုလိုတာက သူရဲ့ကျောင်းတစ်ရက်စာ လေ့ကျင့်ကွင်းမှာ ပြောရတာ အင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်စကား၊ အိမ်ရောက်တော့ အင်္ဂလိပ်လို မပြောနဲ့ဆိုတော့ မကြိုက်ကြဘူး။ စိတ်ဓါတ်တူပြီး အသက်မကွာတဲ့ ညီအစ်ကိုမောင်နှမတွေရှိရင် သူတို့က တစ်အုပ်စု၊ မိဘတွေက တစ်အုစ်စု ဖြစ်ပြန်ရော။ ဂိမ်းလေး ဘာလေး ဆော့ရင် အော်ချင်ရာအော် ပြောချင်ရာပြော ဘိုလိုချည်းပဲ၊ ဒီအချိန်ဟာ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်လေ၊ မိဘတွေ တားမရတော့ဘူး။
.
တစ်ခြားဘက်က ပြန်ကြည့်မယ်ဆိုရင် ကိုယ့်ကလေးကို အင်္ဂလိပ်စာတော်စေချင်လို့ ရန်ကုန် နဲ့ နယ်တွေမှာ ILBC ထားရ၊ ဘုရင့်နောင်က YIEC မှာ ထားရ၊ ဝင်ဒါမီယာမှာ ISY ထားရ နဲ့ ကုန်လိုက်တဲ့ မိဘရဲ့ငွေတွေ သောက်သောက်လဲပဲ။ ကျောင်းကြိုချိန် မိဘချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ရလို့ပင်ပန်းရပေမယ့် ကလေးက အသံထွက်ပီပီသသ နဲ့ အင်္ဂလိပ်စကားလေး နှစ်ခွန်း သုံးခွန်းလောက်ပြောလိုက်တဲ့အခါ မိဘတွေ အရည်ပျော်သွားကြစမြဲပါ။ 

Tuesday, November 11, 2014

ပြန်မပြောချင်တဲ့ သံယောဇဉ်မြန်မာအကြောင်းတွေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ပြော မပြောချင်ပါဘူး။  အမေရိကားရောက်တော့ နေကောင်းလား အဆင်ပြေလားဆိုပြီး နှုတ်ဆက်မိပါတယ် ပေးလိုက်တဲ့ ကတိတွေ များလွန်းလို့ ဘယ်နားသွားသိမ်းမှန်းမသိအောင် ဖြစ်ရတဲ့ " ကြိုရောက် " မြန်မာတွေရဲ့ အကြောင်း။
.
ဒီမြေကိုမနင်းခင်က အခုလို Facetime တို့၊ Viber တို့၊ Facebook Messenger တို့ဆိုတာ ပေါ်သေးတာ မဟုတ်ဘူး .. GTalk ခေတ်လေ အင်တာနက်ကဖေးမှာ တစ်နာရီ ( ၄ဝဝ ) နဲ့ သုံးရတဲ့အချိန်တွေ မှတ်မိကြတယ်မဟုတ်လား? ကိုယ်က တစ်ခုခုသိချင်တဲ့အခါ GTalk မှာ မီးစိမ်းလေးတွေ့လို့ခေါ်လိုက်ရင် ဖြေရမှာ စိုးလို့ပြေးရော .. လူမရှိတဲ့ပုံစံချိုးပြီး Profile ကို Idle လုပ်ထားလိုက်ကြတယ်။ ကိုယ်ကတော့ ရိုးရိုးဆိုတော့ ဘယ်သိပါ့မလဲ ကွန်ပျူတာနားမှာ လူတစ်ကယ်မရှိဘူးထင်တာပေါ့။
.
မအားရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ လူမှုရေးနာလည်ပါတယ်၊ အရှေ့ နဲ့ အနောက် နိုင်ငံခြားတော့ အချိန်ကွာတာလည်း သိပါတယ်။ ဒါပေမယ့် တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်လည်းမဟုတ်ဆိုတော့ သတိထားမိလာတာပေါ့။ တစ်ခါကဆို ပိုဆိုးသေးတယ် .. ကွန်ပျူတာဖွင့်ဖွင့်ခြင်း GTalk လည်းဝင်လိုက်ရော မီးအစိမ်းကနေ Offline ချက်ချင်းကြီး ဖြစ်သွားတယ်။

Thursday, November 6, 2014

ကားပူးလ်တော့စီးမယ် ဒိတ်တင်းတော့မလိုက်ပါရစေနဲ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မြန်မာနိုင်ငံမှာ ဘာအခကြေးငွေမှမပေးရတဲ့ ကားကြုံစီးတာကို အမေရိကားမှာ ကားပူးလ် - Carpool စီးတယ်လို့ခေါ်ပြီး ထိုက်သင့်တဲ့ငွေကြေးပေးရပါတယ်။ ငွေစကားပြောဖို့မကောင်းသူများကြားမှာတော့ သူတစ်လှည့် ကိုယ်တစ်လှည့် တစ်ရက်ခြားစီ၊ တစ်ပတ်ခြားစီ ကိုယ့်ကားကိုယ် ထုတ်မောင်းကြတယ်။ ကားမရှိသူ၊ ကားမောင်းလိုင်စင်မရသေးသူ၊ လိုင်စင်ဆိုင်းငံ့ခံထားရဖူးသူ၊ ကားမမောင်းတတ်သူများကျပြန်တော့ တစ်ကြောဘယ်လောက် စသဖြင့် ငွေရှင်းစီးနင်းကြပါတယ်။ အဓိက ကိုယ့်ကားဆီးဖိုးတစ်ဝက်သက်သာနိုင်တာမို့ အိမ်နီးနားချင်းဘယ်သူရှိလဲ အလုပ်မှာရှာကြတယ်၊ ကျောင်းမှာ သူငယ်ချင်းတွေကြားမှာ မေးကြတယ်။
.
ကားမောင်းလိုင်စင်ဖြေဖို့ အသက်မပြည့်သေးတဲ့သားသမီးတွေရဲ့မိဘများက သူငယ်ချင်းမိဘများနဲ့ ညှိပြီး တစ်ဦးက မနက်ပို့ နောက်တစ်ဦးက ကျောင်းဆင်းကြိုနဲ့ အဆင်ပြေအောင်ညှိကြတယ်။ မနက်အလုပ်လုပ်ပြီး နေ့လည်အလုပ်ကပြန်ချိန် ကလေးကျောင်းကြိုတဲ့မိဘတွေ ဒီနည်းလမ်းနဲ့  အဆင်ပြေစေသလို ညနေဘက် - Swing Shift အလုပ်လုပ်တဲ့မိဘတွေကလည်း အိပ်စက်အနားယူပြီး မနက်ကျမှ ကလေးကျောင်းထပ်ပို့ရလို့ အသက်ရှူချောင်စေပါတယ်။ ဒီအထိက အားလုံးအဆင်ပြေနေပုံပါပဲ။
.
အလုပ်အတွက်ပြင်ဆင်ချိန် နဲ့ အလုပ်သွား-အလုပ်ပြန် - Commute အချိန်တွေဟာ ပုံမှန်အလုပ်ချိန် ( ၈ ) နာရီ ရဲ့ ( ၂ဝ ) ရာခိုင်နှုန်းခန့် ရှိပါတယ်။ အချိန်ပိုလုပ်ရသူတွေအတွက် အားလပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ။ တစ်နေ့ ( ၁ဝ ) နာရီလုပ်ရသူတစ်ယောက်ဟာ အိပ်ယာထစကနေ အလုပ်သွားပြီး အိမ်ပြန်ရောက်ချိန်အထိ စုစုပေါင်း ( ၁၂ ) နာရီလောက် အချိန်ကုန်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ နေ့ရက်သက်တမ်းရဲ့ တစ်ဝက်ပါ။ အိမ်မှာ ချက်ပြုတ်၊ စားသောက်၊ အဝတ်လျှော်၊ အိမ်မှုကိစ္စလုပ် စတာတွေအားလုံးနှုတ်ပြီး အိပ်ချိန် ( ၆ ) နာရီကို ထပ်ခုတ်ချလိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ ရှာမှရှားတဲ့ အမေရိကားကိုယ်တွေ့အရသာကို နဖူးတွေ့ ဒူးတွေ့ကြုံဖူးကြသူတိုင်း သိကြမှာပါ။

Tuesday, November 4, 2014

How to say “ NO ”

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူ့နိုင်ငံကို ဒုက္ခအပေးဆုံးက ခိုးဝင်လာတဲ့ သက်ရှိလူနဲ့ မူးယစ်ဆေးဝါးဆိုတာ အမေရိကန်အစိုးရက သိပါတယ်။ ဥပဒေတွေအမျိုးမျိုးပြဋ္ဌာန်းပေမယ့် ဒီကိစ္စ ( ၂ ) ရပ်ကို နိုင်နိုင်နင်းနင်း မဖြေရှင်းနိုင်းသေးပါ။ လူဝင်မှုဆိုတာက အကောင်အထည်ရှိပေမယ့် တစ်ချို့မူးယစ်ဆေးဝါးက တိုင်းပြည်ထဲရောက်မှ အသွင်အမျိုးမျိုးပြောင်းထားတဲ့ ဓါတုဗေဒဆေးတွေနဲ့ ရောစပ်ချက်လုပ်တဲ့အခါ လူကြားထဲ ပျောက်ချင်းမလှ ပျံ့နှံ့ဝင်ရောက်လျက် ရှိနေပါတယ်။ ဒါတွေကို အမေရိကန်အစိုးရ ဘယ်လိုကိုင်တွယ်ပါသလဲ? အရင်းအမြစ်ကထိ ကြိုတင်ငြင်းပယ်ခြင်းနည်းလမ်းနဲ့ တားမြစ်ဖို့ပါတယ်။
.
Marijuana ( မာရီဝါနာ ) ဆေးခြောက်ပင်ကို တိုင်းပြည်ရဲ့ ပြန်နယ်တစ်ချို့မှာ သုံးစွဲခွင့်ရော၊ စိုက်ပျိုးခွင့်ပါ ခွင့်ပြုနေရတဲ့ ဖယ်ဒရယ်နိုင်ငံမှာ ဒီလို သစ်မြစ်အခြေခံဆေးဝါးတွေ ဘယ်လောက်အထိ ခြိမ်းခြောက်နေတယ်ဆိုတာ အလွယ်တကူ မှန်းဆကြည့်နိုင်ပါတယ်။ နောက်ပိုင်း ပုံပြောင်းဆေးပြားတွေက သာမန်အိမ်သုံးဆေးဝါးတွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး အရိပ်ခိုလာတဲ့နောက် အဓိကပစ်မှတ်ဖြစ်တဲ့ ကျောင်းသားလူငယ်တွေကို ကာကွယ်ဖို့လိုအပ်လာတယ်။ ဒီရန်တွေက လွတ်ကင်အောင် ကျောင်းတွေမှာ ဘယ်လိုသင်ပေးပါသလဲ?
.
အတန်းဆရာ/ဆရာမတွေ်တစ်ဝက်လောက်က မူးယစ်ဆေးဝါးဆိုးကျိုးတွေကို အချိန်ရသလောက် ကလေးတွေကို ပြောပြတယ်။ အလယ်တန်းရောက်ပြီဆို ကျောင်းသားကို ချည်းကပ်လာမည့် ဆေးဝါးတွေကို မည်သို့မည်ပုံ ငြင်းပယ်ရမယ်ဆိုတာ သင်ပေးလိုက်တယ်။ လမ်းဘေးဈေးကွက်ထဲမှာရှိနေတဲ့ မူးယစ်ဆေးတွေအပြင် ခိုးကြောင်ခိုးဝှက် ဖက်တွယ်လာမည့် ဆေးဝါးအန္တရာယ်တွေကို ကြိုတင်ရှင်းပြတယ်။ မိမိအိမ်သူအိမ်သားတွေကအစ အပေါင်းအသင်းတွေထဲမှာပါ ဆေးစွဲနေသူရဲ့ သွင်ပြင်လက္ခဏာတွေကို ဘဝနဲ့ရင်းနှီးအောင် မှတ်သားစေတယ်။ အကျိုးအပြစ်တွေကို ဆင်ခြင်သုံးသပ်စေတယ်။ ဒါမှ နောင်အနာဂါတ်ကို ဦးဆောင်မည့် ကျောင်းသားကောင်းတွေ မွေးထုတ်နိုင်ကြမှာ မဟုတ်လား။

Sunday, November 2, 2014

ဘယ်သူဖုန်းဆက်ခေါ်လိုက်တာလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော် အမှတ်သညာမရှိတာ ဒီအမေရိက ရောက်မှမဟုတ်ဘူး။ တောင်ကြီး၊ ရန်ကုန် မှာကတည်းကပါ။ တစ်ခုခုဆို သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အလိုက်ကမ်းဆိုးမသိတတ်တာ အကျင့်ပါနေပြီ။ ဒါကို အသက်လေးလည်းရလာတော့ ပြင်လိုက်တာ အတော့ကိုကောင်းသွားတယ်။ ဒါပေမယ့် အမေရိကားမှာ နောက်တစ်ဘာသာ တစ်ပုဒ်ဆန်းပြန်ရော။ ပြောပြမယ်ဗျာ .. အမေရိကားရောက်သူတွေဟာ သူတို့ဘာနိုင်ငံသား၊ ဘယ်နိုင်ငံကလာတယ်၊ ဘယ်လိုကျင့်ကြံတယ်ဆိုတာ မေ့ကုန်တာဗျ။ အဲဒါကြောင့်ကျွန်တော် ခဏခဏပြောတာပေါ့ .. ဒီမြေပေါ်နင်းမှ တစ်နေ့တစ်ရက်ကို အသိပညာတစ်ခု တစ်ခု တိုးနေတယ်ဆိုတာကို။
.
တစ်ချို့က စာထဲမှာ မြန်မာလိုဖတ်ရတယ်။ တစ်ချို့ကျ စာအုပ်မှာ ဘို လိုဖတ်ရတယ်။ တော်တော်များများက အင်တာနက်မှာ၊ လူမှုကွန်ယက်ပေါ်မှာ။ အဲဒီနေရာတွေအားလုံးပေါ်မှာ သင်ယူလို့မရတာက လက်တွေ့ “ ခံရတာ ” အကြိမ်များစွာ။ ဒါကိုရေးပြရင် ဖတ်သူတွေကြိုက်ပေမယ့် ထိခိုက်မှုရှိနိုင်တော့ ကာယကံရှင်တွေ သည်းညည်း သာ ခံကြပေတော့ဗျို့။ တောင်ပေါ်သားလေ .. ဘွင်းဘွင်းပဲ ကစ်တော့မယ် နော။
.
ရှောင်ရန်။          ။ အမေရိကားမှာ အိမ်လည်သွားရင် ဖုန်းကြိုဆက်ရတယ်

Saturday, November 1, 2014

ကျွန်တော်တို့လို သူတို့ မပြောတတ်ပါဘူး

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်တို့ ရွှေမြန်မာတွေ ဘို စကားမပီလို့ စိတ်မညစ်ပါနဲ့။ ငါးပိစားကြီးလာသူ မြေပြန့်သားတွေ၊ ဆန်နီစားကြီးလာတဲ့ တိုင်းရင်းသားတွေ၊ ပဲပုပ်စားကြီးလာတဲ့ ရှမ်းနွယ်ဝင်တွေ နဲ့ ထိုဖူးနွေးနဲ့မနက်စာကိုနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ တောင်ပေါ်သားတွေ ဘို လို မပီတာ မဆန်းပါဘူး။ ဘာသာစကားဆိုတာ ကြိမ်ဖန်များစွာ လေ့ကျင့်ယူမှ ကျွမ်းကျင်ရတဲ့ကိစ္စပါ။
.
ဘို တွေရော တစ်ပါးသူဘာသာစကားရဲ့အသံထွက်တွေပီပါသလား? ကျွန်တော်ဆန်းစစ်ကြည့်တယ် .. စောင့်ကြည့်တယ်။ သူတို့လျှာဖျားမှာလည်း မြန်မာအသံထွက် ခက်နေတာကို သိလာရတယ်။ ဥပမာ မြန်မာ - Myanmar ကို ကျွန်တော်တို့က မြန်မာလို့ထွက်ပေမယ့် သူတို့က “ မြာ အ် မာ ” ဖြစ်နေသလိုပေါ့။ ဆက်လေ့လာကြည့်ရအောင်။
.
တစ်ညနေ အလုပ်ဆင်းခါနီးမှာ မြန်မာကောင်လေးတစ်ယောက် နဲ့ လုပ်ဖော်ကိုင်ဖက် ထရီးဇာ - Teresa လို့အမည်ရတဲ့ လူမည်းအမျိုးသမီးတို့ အလုပ်ဆင်းကဒ်ပြား ရိုက်ခါနီး အငြင်းတစ်ခုပွားနေတယ်။ တစ်ဖြည်းဖြည်း လမ်းလျှောက်လာရင်း ထရီးဇာ က မြန်မာကောင်လေးပြောတာနားမလည်တဲ့အခါတိုင်း မင်းတို့လူမျိုးတွေ ငါတို့ရဲ့အင်္ဂလိပ်အသံထွက်တာကို နားမလည်ဘူးလို့ ပြောလာခဲ့တဲ့ပုံ ရပါတယ်။

Friday, October 31, 2014

ဘဝအတွက် အချိန်မှီအမှန်တရား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
           ပြေးလမ်းပေါ်ထွက်ခါနီး ဆီဖြည့်လူတင်နေတုန်း လေယာဉ်ကပ္ပတိန်ဟာ တစ်ဦးတစ်ယောက်ကို အလွန်အမင်း ကျေးဇူးတင်နေပါတယ်။ ပြီးတော့ "မင်းပြောလို့ပေါ့ကွာ .. လေထဲရောက်မှဆိုရင် မလွယ်ဘူး" လို့လည်းပါးစပ်က တဖွဖွပြောနေပါသေးတယ်။

          ဒီအခါမှာ အဆိုပါတစ်ဦးတစ်ယောက်က "မဟုတ်ဘူးဆရာ .. ကျွန်တော်က အမှားလုပ်တာပါ၊ တောင်းပန်ပါတယ်။ ဆရာက ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ" လို့ မျက်နှာသူငယ်လေးနဲ့ လေယာဉ်ထိန်းခန်းမှာ မတ်တပ်ရပ်ပြီး ပြန်ပြောနေတယ်။

          "မင်းအမှားလုပ်ထားတယ်ဆိုတာ ငါလက်ခံတယ်၊ ဒါပေမယ့် ဒီအမှားကို အမှန်အတိုင်းပြောတယ်။ ပြီးတော့ အချိန်မှီတယ်။ ဘာမှားခဲ့တယ်ဆိုတာ ငါသိလိုက်တဲ့အတွက် ပြင်ဆင်ဖို့အချိန်ရတယ်။ ဒီအတွက်ကျေးဇူးတင်တာ။ နို့မို့ဆို ခရီသည်တွေနဲ့ ငါတို့လေယာဉ်ဝန်ထမ်းတွေရဲ့ အသက်ကို စတေးလိုက်ရမှာ" လို့ လေယာဉ်ပိုင်းလော့က ပြုံးရွှင်စွာ ပြန်ပြောရှာတယ်။

          သူတို့စကားပြောအပြီး တစ်ဦးတစ်ယောက်ဆိုသူဟာ ခရီးသည်တွေ Boarding တက်ဆဲ လေယာဉ်ပေါ်ကပြန်ဆင်းအပြီး မိနစ် (၂ဝ) လောက်အကြာမှာ လေယာဉ်ဟာ ဖြူဝင့်ဝင့် ပြာတာတာ ကောင်းကင်ကြီးဆီသို့ပျံတက်ပြီး လိုရာခရီးဆက်နိုင်ခဲ့ပါပြီ။

Monday, October 27, 2014

Daylight Saving Time နဲ့ အကျိုးရလဒ်များ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Daylight Saving Time ဟာ လည်ပတ်နေတဲ့ အချိန်နာရီစက်ဝိုင်းကနေ စွမ်းအင်ကို လုယူဖို့ ကြိုးစားတဲ့ လူသားတို့ရဲ့ ရလဒ်တစ်ခုလို့ ယူဆမယ်ဆိုရင် မမှားပါဘူး။ လွန်ခဲ့တဲ့ နှစ် ( ၁ဝဝ ) မတိုင်ခင်က ဒါမျိုးတွေ မစဉ်းစားခဲ့ကြပါဘူး။ နည်းပညာဆိုတာ ဝေလာဝေး .. မိမိစားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့ လူသားတွေဟာ မိမိပိုင်နက်ကျယ်ပြန့်ရေးနဲ့ နယ်ချဲ့လမ်းထွင်ထူထောင်ရေးကို အာရုံရောက်နေချိန်လည်း ဖြစ်ပါတယ်။
.
နယူးဇီလန်နိုင်ငံသား ဂျော့ဗာနန်ဟတ်ဆန် - George Vernon Hudson က ကနဦး တွေးတောခဲ့ပြီး ( ၁၈၉၅ ) ခုနှစ်မှာ အဆိုတင်သွင်းခဲ့ကာ ( ၁၉၁၆ ) ခုနှစ်အရောက်မှာ အကောင်အထည်ဖော်ကျင့်သုံးခဲ့တဲ့နိုင်ငံတွေက ဂျာမဏီအစိုးရ နဲ့ သြစတေလျ-ဟန်ဂေရီပူးတွဲအစိုးရတွေပဲ ဖြစ်ကြတယ်။ တစ်ခြားနိုင်ငံတွေက သိပ်ဂရုမထားကြပဲ နောက်ပိုင်း ( ၁၉၇ဝ ) အရောက် စွမ်းအင်ပြတ်ကပ် - Energy Crisis of the 1970s ဆိုက်ရောက်တော့မှ မျက်လုံးမျက်ဆန်ပြူး လိုက်ကျင့်သုံးခဲ့ကြတယ်။
.
အလုပ်လုပ်ပုံက အထူးအဆန်းကြီးတော့မဟုတ်ပါဘူး။ သတ်မှတ်တဲ့နေ့ရောက်ရင် မိမိနာရီလက်တံကို ( ၁ ) နာရီ ရှေ့တိုးပြီး နေ့တာကို ရှည်ကြာစွာ နေထိုင်သုံးစွဲဖို့ ရည်ရွယ်တာပါ။ ကာလအားဖြင့် ( ၂ဝ၇ ) ရက်ခန့် ကြာမြင့်ပြီး အချိန်ရောက်ရင် တစ်နာရီ ပြန်ရွှေ့ပေးခြင်းဖြင့် ညနေ နေဝင်ချိန်ကို ချိန်ညှိပေးတဲ့အခါ မှောင်လို့မီးထွန်းရတဲ့ အဓိကစွမ်းအင်ယူနစ်ပေါင်းများစွာ ကို စုဆောင်းကြပါတယ်။ အခုလို နည်းပညာခေတ်ကာလမှာ မောင်းတံနာရီတွေကလွဲပြီး ( ၁ ) နာရီကို လက်နဲ့ရွှေ့စရာ မလိုတော့ပါဘူး။ အင်တာနက်ချိတ်ဆက်ထားတဲ့ကွန်ပျူတာ၊ လိုင်းဝယ်ထားတဲ့ - Internet Service Provider ဖုန်းကုမ္ပဏီတွေရဲ့ လက်ကိုင်ဖုန်းတွေ မှာ အလိုအလျောက်ညှိချိတ်သွားဖို့ ရွေးချယ်စရာ Option တွေ ပါလာကြပါပြီ။

Sunday, October 26, 2014

( ၂ဝ၁၂ ) တုန်းကလို အိမ်မပြန်ချင်ပါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
၂ဝ၁၂ တုန်းက အိမ်ပြန်တာ ဘာဖြစ်ခဲ့လို့လဲ? ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒီ ဘာမှမဖြစ်တာကိုပဲ ထပ်မဖြစ်ချင်တာပါ။ အိမ် ဆိုတာက အဓိပ္ပာယ် နှစ်မျိုးယူလို့ရပါသေးတယ်။ ကိုယ့်ကိုမွေးခဲ့တဲ့ အမေ့အိမ်ရယ်၊ ကိုယ့်ကိုကြီးပြင်းခဲ့ပေးခဲ့တဲ့ အမိမြေရယ်။ နှစ်ဘက်သော မိ နဲ့ ဘ လို့ ခမ်းခမ်းနားနားပြောရင် ပိုတင့်တယ်ပါတယ်။
.
ကိုယ်လာခဲ့တဲ့နေရာကို ပြန်ရတယ်ဆိုတော့ လက်ဆောင်လေး ဘာလေး နဲ့ အထုတ်အပိုးတွေ တနင့်တပိုးကြီးပေါ့၊ ပါသမျှ လက်ဆောင်တွေချည်းတော့မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ခကျေအောင် ကယ်ရီနည်းနည်းပါးပါး ရိုက်ရသေးတယ်။ အမျိုးတွေ ပစ္စည်းလာထည့်ရင် ငြင်းရတာ မျက်နှာပူတယ်။ အခုနောက်ပိုင်းကျတော့ သူတို့လည်း ကိုယ့်လိုပါပဲ။ မြန်မာနိုင်ငံပြန်မယ်ဆိုရင် အချင်းချင်း လက်မတို့ကြတော့ဘူး။ လူကြုံပါး ပစ္စည်းသယ်ပေးရတဲ့ဒဏ်ကို ကိုယ်လိုပဲ မခံနိုင်ကြတော့ဘူးလေ။
.
ဒီလိုဖြစ်ဆို လေယာဉ်လက်မှတ်ခ က သေးမှမသေးပဲကိုး။ ( ၂ဝဝ၉ ) ခုနှစ်က မိတ်ဆွေတစ်ချို့ ရန်ကုန်ပြန်တာ လေယာဉ်ခ ( ၉၂၄ )  ဒေါ်လာပေးရတယ်ဆိုတာ ဟိုးရှေးရှေးတုန်းကလားဟင် လို့ မေးရမလိုဖြစ်နေပြီ။ ပြီးတော့ ကိုယ်ပြန်မယ်လို့စဉ်းစားလိုက်တိုင်း မြန်မာနိုင်ငံမှာက မိုးတွင်းပေမယ့် ဒီဖက်နိုင်ငံတွေမှာက နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ခရီးသွား Travelling Season နဲ့ အမြဲတိုက်နေတယ်။ တရုတ်အဲလိုင်းခေါက်ကြည့်မလား၊ စင်ကာပူအဲ ခေါက်ကြည့်မလား အနည်းဆုံး ဒေါ်လာ ( ၁၃ဝဝ ) အသာလေး။ ဒီတော့ ခရီးသွားခကျေအောင် ကယ်ရီ ပေါင် ( ၇ဝ ) ဝင် ( ၂ ) ထုပ်သယ်ရင်း ကိုယ့်ပစ္စည်းက လက်ဆွဲနဲ့ ကျောပိုးအိတ် ( ၁ ) လုံးသာသာ။ ဒါတောင်ပေါင်ချိန်စက်ပေါ်တင်လိုက်လို့ပိုတာ ပြန်လျှော့ချရသေးတာလေ။

Monday, October 20, 2014

" မတူတဲ့အသုံးအဆောင်တွေ " ( စက္ကူလိပ် )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ပန်းသီးစက္ကူလိပ် ( ၁ဝ ) လိပ် ဘယ်ဈေးဖြစ်နေပါပြီလဲ? ရွှေဝါးစက္ကူလိပ် ရော သုံးနေကြပါသေးလား? လန်ဒန်စက္ကူလိပ် ရော အလိပ်သေးသွားပြီလား? မသုံးတာကြာလို့မေးကြည့်မိတာပါ။ ခက်တာက အိမ်မှာ ရေအိမ်သွားတဲ့ ဒီစက္ကူဟာ စားသောက်ဆိုင်ရောက်တော့ London စီးကရက်ကြော်ငြာဗူးထဲမှာ၊ Grand Royal အရက်ကြော်ငြာစက္ကူလိပ်ဗူးထဲမှာ တွေ့နေရ မြင်နေရတယ်။
.
ဘယ်နေရာမှာ ဘာစက္ကူသုံးဆိုတာ မခွဲထားတော့ နေရာတကာသုံးတဲ့ စက္ကူလိပ်ဘဝ ရောက်ကြရတာပေါ့။ ဈေးပိုယူတဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ပါးစပ်သုပ်တဲ့ စက္ကူခေါက်လေးတွေနဲ့ အဆင်ပြေနိုင်ပေမယ့် တစ်ချို့လက်ဘက်ရည်ဆိုင်တွေမှာဆို ညစ်ထေးနေတဲ့ လက်သုတ်ပုဝါ ကိုသာ မြင်ခဲ့ရသူအဖို့ အမြင်မဆန်းတော့ပါဘူး။
.
နယ်မြေခြားကို စရောက်ချိန် ကိုယ့်ချွေးနည်စာမြန်မာကျပ်ငွေကို ဒေါ်လာဖွဲ့ပြီးသုံးရတဲ့အခါ ဘယ်ပစ္စည်းကိုမှ မထိရက် မတို့ရက် ဖြစ်ရပါတယ်။ အထူးသဖြင့်  ငါတို့ မြန်မာနိုင်ငံမှာ ပါးစပ်သုတ်တဲ့ စက္ကူလိပ်ကို ဒီမှာ ရေအိမ်မှာသုံးတယ်ဆိုပြီး နှမြောလိုက်တဲ့ဖြစ်ခြင်း။ နောက်ပိုင်း ကိုယ်လည်းမနေသာတော့ သုံးရင်းကနေ ပါလာတဲ့ ငွေလည်း လုံးပါးပါးလာတဲ့အချိန်ကျမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မဖြစ်မနေ ဝယ်ရပါတော့တယ်။ ဒီအခါကျမှ စက္ကူလိပ်ရဲ့ အခေါ်အဝေါ်သုံးစွဲပုံကို အသေးစိတ်လေ့လာမိတော့တယ်။

Sunday, October 19, 2014

ကိုယ်တွေ့ Quality အကြောင်း ပြန်ပြောင်းတွေးမိသမျှ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဘယ်အရာကို အရည်အသွေးကောင်းတယ်၊ ဘယ်ပစ္စည်းကိုတော့ ကွာလတီကောင်းတယ် လို့ ခေါ်ကြတာလဲ? အမေးရှိသလို အဖြေလည်း ကွဲပြားမှုရှိပါတယ်။ ကုန်ပစ္စည်းအရည်အသွေးကို ကွာလတီကောင်းအောင် လူတွေက လုပ်ဆောင်နိုင်ပေမယ့် လူသားတွေ ကွာလတီကောင်းဖို့က " ကိုယ်ကျင့်သီလ " က သာလျှင် စွမ်းဆောင်နိုင်ပါတယ်။ ကျင်လည်ရာ ဘဝအခြေအနေများစွာကြားမှာ Quality Management အကြောင်း စာအုပ်စာပေတွေရဲ့ ရေးသားမှုတွေကို ဖတ်ဖူးတယ်။ တစ်ကယ့်လက်တွေ့ရင်ဆိုင်ရာမှာ သီအိုရီနဲ့ ဖြေရှင်းလို့မရတာ အများကြီးပါ။ ဒါကြောင့် စာအုပ်ထဲက ပညာရှိများရေးသားသလို ရှင်းပြ ရေးပြဖို့ ဥာဏ်မမှီတာကြောင့် ကြုံဖူးတဲ့ အတွေ့အကြုံများကိုသာ အနှစ်ချုပ် ပြောပြလိုပါတယ်။
.
.
၁ ။ အရည်အသွေးတူတာ Quality
.
ရိုးရိုးလေးပေမယ့် အဓိပ္ပာယ်နက်နဲပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ  ကောင်းလွန်းတဲ့ ပစ္စည်းကိုချည်း Quality ပစ္စည်း လို့ ခေါ်တာမဟုတ်ပါ။ အလယ်အလတ်တန်းစားပစ္စည်းလည်း အရည်အသွေးကောင်းတာတွေ ရှိပါတယ်။ ဥပမာ - ကိုကာကိုလာ တစ်ပုလင်းကို ဘယ်အချိန်သောက်သောက် အရသာ တူနေမယ်၊ စူးရှကာဗွန်ကပေးတဲ့ ပြင်းပျချိုမွေးအရသာ တူနေမယ်ဆိုရင် ဒါကို Quality ရှိတဲ့ ပစ္စည်းလို့ ယျေဘုယျ သတ်မှတ်ကြပါတယ်။
.
ဒီလိုမဟုတ်ပဲ တစ်ဗူးဗူးက အရသာပျက်နေမယ်၊ အရောင်ပြောင်းနေမယ်၊ မူရင်းစွမ်းဆောင်ချက်ကို မမှီဘူးဆိုရင် Quality မကောင်းဘူး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်တိုက်မပြတ် ဖြစ်လာရင် ကုမ္ပဏီက ကျော်ကြားမှု နဲ့Quality ကို ထိန်းတဲ့အနေနဲ့ ထိမိ ခိုက်မိတဲ့ ကုန်ပစ္စည်းအုပ်စု - Affected Lot ကို ပြန်သိမ်းဖို့ Recall ခေါ်ယူတဲ့ ပရိယာယ် နဲ့ ကယ်တင်ကြတယ်။