ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, November 8, 2019

လွမ်းစိတ်တဖြိုင်ဖြိုင် တောင်ကြီးတန်ဆောင်တိုင်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
  တန်ဆောင်တိုင်တောင်ရောက်နေပြီ။ တောင်ကြီးသားဆိုတဲ့အတိုင်း ဒီအချိန်ရောက်ရင် အသွေးထဲက အသားထဲက မသောက်ပဲနဲ့မူး၊ မမူးပဲနဲ့ရူူးနေတဲ့ပိုးတွေကအမြဲထလာတတ်ကြတာလေ။ အေးလည်းအေးတယ် ဆွေးလည်းဆွေးတယ် ဝေးလည်းဝေးနေတဲ့ တောင်ကြီးမြို့ရဲ့ ကာလရှည်ကြာပေမယ့် ရိုးရာမပျက် ဆက်လက်ဆင်နွှဲနေကြသူတွေကို အဝေးကနေ အလေးပြုပါတယ်။

  တန်ဆောင်တိုင်ပွဲခင်းကိုလမ်းလျှောက်ရတာ ဖုန်တွေနဲ ့လူအုပ်ကြီးနဲ့ စျေးဆိုင်တွေရဲ့လှမ်းအော်ကြော်ငြာမှုတွေနဲ့၊ အသံတိုး အသံကျယ် လော်စပီကာပေါင်းစုံရဲ့ရောင်စုံအသံလှိုင်းတွေကြောင့် ပတ်ဝန်းကျင်ရဲ့အေးခဲထုံကျင်နေမှုကို အမြဲသတိမေ့တတ်ကြတာ တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပါပဲ။ ကဗျာတွေ စာတွေ ဖွဲ့မနေနဲ့၊ ဘာညာတွေ သာရကာတွေ နွဲ့မနေနဲ့၊ လာရောက်ဖို့သာ သင့်တာဝန်လို့ အဝေရာမီးပုံးပျံကွင်းကြီးက အဝေးကနေ ညှို့ဆွဲခေါ်ဆောင်နေတာ ရောက်ဖူးသူတိုင်းအတွက် အမှတ်တရဖြစ်စေခဲ့ကြတယ်။

  ငယ်ငယ်တုန်းကဆိုရင် တန်ဆောင်တိုင်ဆိုတာ အခုလက်ရှိဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့ပန်းခြံထဲမှာလုပ်တာ။ ရွှေဘုန်းပွင့်ဘုရားဘက်ကိုမျက်နှာမူထားတဲ့အစိုးရရုံးတစ်ခုရဲ့အောက်ထပ်မှာ အကဲဖြတ်ဒိုင်တွေထိုင်ပြီးအမှတ်ပေးကြတာပေါ့။ မှတ်မိသေးတယ် . . အဲဒီတုန်းကဆိုရင် စတိတ်ရှိုးတိုင်း စိုင်းထီးဆိုင် နဲ့ ခိုင်ထူး တို့က နောက်ဆုံးပွဲပြီးခါနီးမှတက်ဆိုရသလို "ဟော်ကုန်းမီး" မလာသေးရင် တန်ဆောင်တိုင်မီးပုံးပျံပွဲက ပိတ်ပွဲလုပ်လို့မရသေးဘူး။

  ကျွန်တော့လို ကလေးငယ်ငယ်လေးဟာလည်း အဲဒီတုန်းက “ပွဲ” ဆိုတာကို စွဲလမ်းတာပဲ။ ကျောင်းကပြန်လာလို့ လွယ်အိတ်ကိုကုတင်ပေါ်ပစ်တင်၊ အိမ်စာအမြန်လုပ်၊ ထမင်းစား၊ အနွေးထည်ဝတ်ပြီး ပွဲခေါ်သွားမယ့်လူကြီးကိုအဆင်သင့်ထိုင်စောင့်နေခဲ့တာ သိပ်လွမ်းဖို့ကောင်းတာပဲ။ ပွဲခင်းထဲရောက်ရင် လူတွေ ပခုံးချင်းလက်ချင်းချိတ်ထားတဲ့ လူမီးရထားတွဲတွေ့ရင် တက်နင်းမှာစိုးလို့ကြောက်လိုက်တာ။ ဒီကြားထဲ ကျွန်တော့အစ်မတွေပါ ပွဲခင်းထဲပါလာရင် သူတို့ရဲ့နောက်ကကပ်ပြီး ကာလသားရန်တွေကနေ ကာကွယ်ပေးရသေးတာ။

Sunday, November 3, 2019

(၁) နှစ်မှာ (၁) ကြိမ်ပြန်ရတဲ့ (၁) နာရီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကမ္ဘာကြီးနဲ့အမေရိကန်စစ်ဖြစ်ရင်ဘယ်သူနိုင်မယ်ထင်သလဲ? ကမ္ဘာကြီးကသူ့ရဲ့ သယံဇာတတွေအတွက် တိုက်ပွဲဝင်တယ်။ အမေရိကန်ကစီးပွားရေးအတွက်စစ်ပြင်ချင်တယ်။ သူတို့နှစ်ဦးလုနေတာက ကျွန်တော်တို့လက်ထဲက၊ ဖုန်းထဲက၊ လက်ပတ်နာရီပေါ်က မိနစ် (၆ဝ) ကြာမြင့်တဲ့ အချိန် (၁) နာရီ ဖြစ်ပါတယ်။

ဒီနေ့နိုဝင်ဘာလ (၃) ရက်နေ့မှာ ကျွန်‌တော်တို့လက်ထဲကို အချိန် (၁) နာရီ ပြန်ရောက်လာတယ်။ တစ်ချိန်ကမပေးချင်ဘဲပေးလိုက်ရတာပြန်ရတဲ့အခါအင်မတန်ပျော်ရွှင်ရတယ်။ အချိန် (၁) နာရီ ပိုမိုအိပ်စက်ရတယ်။ အချိန် (၁) နာရီနောက်ကျမှအလုပ်သွားလို့ရတယ်။ ဘယ်လောက်တန်ဖိုးရှိလိုက်တဲ့ အချိန် (၁) နာရီပါလဲ?

ကမ္ဘာကြီးက ရိုးသားတယ်။ သူ့အရှိန်နဲ့သူ နေဂြိုဟ်ကိုလည်ပတ်နေတာဘာ ပ‌‌‌ယောဂမှ မပါဘူး။ အနောက်နိုင်ငံသားတွေကျတော့ ဒီလိုမတွေးဘူး။

မြန်မာလူဦးရေများလာတဲ့ပင်လယ်အော်ဒေသ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
              
              ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ-Bay Area မှာ နည်းလမ်းအမျိုးမျိုးနဲ့ရောက်ရှိလာတဲ့ မြန်မာလူဦးရေဟာ တစထက်တစ တိုးပွားလာပါတယ်။ ဒီအထဲမှာ အသစ်ပြောင်းရွှေ့လာသူ ပါတယ်။ ကျောင်းသားဗီဆာနဲ့ရောက်လာသူ ပါတယ်။ အလည်ဗီဆာနဲ့ရောက်လာသူ ပါတယ်။ နောက်ဆုံး ကုမ္ပဏီကပေးတဲ့ အလုပ်ခန့်စာနဲ့ရောက်လာသူတွေ ပါဝင်ကြပါတယ်။

              ဒါဟာ ဘာကောင်းသလဲဆိုရင် အမေရိကားမှာ "မြန်မာအစားအသောက်ရှာဖွေစားသောက်ဖို့ခက်ခဲခြင်း" ဆိုတဲ့ ပြည်လွမ်းစိတ်ကို သက်သာစေတာက မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ တစ်ပတ်ကို ပုံမှန် (၅) ရက်လုပ်၊ တစ်ချို့တွေဆိုရင် စနေနေ့ အချိန်ပိုထပ်ဆင်း၊ ညနေခင်း မိးဖိုချောင်ဆေးကျောသန့်စင်ပြီး နောက်တစ်မနက် ကိုယ်ပိုင်တနင်္ဂနွေလေးဖြစ်ဖို့ တွက်ချက်ဖြတ်သန်းကြရတဲ့သီတင်းပတ်တွေဟာ ရှည်လျားလွန်းလှတယ်။

             တစ်ခြားဘာသာကိုးကွယ်သူတွေက သောကြာနေ့ဆို သောကြာနေ့၊ တနင်္ဂနွေနေ့ဆိုရင် တနင်္ဂနွေနေ့ ဘာသာရေးဆိုင်ရာဝတ်ပြုမှုတွေ သီးသန့်လုပ်ဆောင်ကြတာနဲ့အညီ မြန်မာလူအုပ်စုကြီးဟာ အလှုအတန်း၊ ပွဲတော်ရက်မြတ် နဲ့ အစားအသောက်ရံပုံငွေပွဲတွေအပါအဝင် ရံဖန်ရံခါလုပ်ဆောင်တတ်ကြတဲ့ တေးဂီတပွဲ၊ ရုပ်ရှင်ပြပွဲ၊ စာပေဟောပြောပွဲနဲ့ အလွှာအသီးသီးကလူထုတွေ့ဆုံပွဲတွေကို ဒီဘက်ပင်လယ်အော်ဒေသမှာတော့ သီတင်းပတ်တိုင်းလိုလို မလွတ်တမ်းလုပ်ဆောင်လာကြတာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရက်တူ၊ အချိန်တူတွေဖြစ်ကုန်ပြီး ကြပ်တည်းတဲ့အချိန်ဇယားတွေကြားမှာ ပြေးလွှားပါဝင်လာကြတာ အားရစရာပါ။

Thursday, October 10, 2019

မီးပုံဝိုင်းမှာ‌ပြောတဲ့ဇာတ်လမ်းတွဲ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

             စာရေးဆရာတစ်ယောက်ဟာ ဟောပြောပွဲကိစ္စတစ်ခုကြောင့် အာဖရိကတိုက်ကိုရောက်သွားတယ်။ ခေတ်နဲ့အညီလိုက်နိုင်သူတွေကမြို့တွေမှာသာနေတယ်။ ဆင်းရဲတဲ့အာဖရိကတိုက်သားတွေက နေရာတကာမှာနေတယ်။ အခုခေတ်များမှာ အင်တာနက်မသိရင်ဘဲ ခေတ်နောက်ကျတယ်လို့ပြောကြတာ လျှပ်စစ်မီးမသုံးစွဲနိုင်တဲ့အာဖရိကတိုက်ကနေရာတစ်ချို့ကလူတွေဆို ဘယ်လိုပြောကြမလဲ။

              စာရေးဆရာဟာ စူးစမ်းတယ်။ လူသူအရောက်အပေါက်မရှိတဲ့နေရာအထိသွားလေ့လာတယ်။ အဓိကသိချင်တာက သူတို့အချင်းချင်းဘယ်လိုဆက်သွယ်သလဲ? ဘယ်လိုရှာဖွေစားသောက်သလဲ? နဲ့ ဘဝအတွက်ဘယ်လိုရှေ့ဆက်သွားကြသလဲ? ဆိုတာကို စပ်စုချင်တယ်။ ဒီတော့ ရွာတစ်ရွာထဲကိုဝင်ပြီး လေ့လာရေးစဖို့ပြင်ဆင်တယ်။

              ရွာသားတစ်အုပ်စုမှာ လျှပ်စစ်နဲ့သုံးတာဆိုလို့ ဘာပစ္စည်းမှမရှိဘူး။ ချက်ပြုတ်စားသောက်ဖို့မီးဖိုချောင်ပစ္စည်းဝယ်ရမယ့်နေရာမရှိဘူး။ လူသားပီသမှုကိုအတိုင်းသားမြင်ရတဲ့ ရှေးဟောင်းယဉ်ကျေးမှုအတိုင်းနေထိုင်ကြတယ်လို့ပြောလို့ရတယ်။ တစ်ရက်တော့ သူတို့အမဲလိုက်ကြတော့ စာရေးဆရာကိုခေါ်သွားတယ်။

              တောထဲရောက်တဲ့အခါ လူရယ် တိရိစ္ဆာန်ရယ်လို့မကွဲပြားတော့ဘူး။ တောကြီးမျက်မည်းထဲမှာ ဗိုက်ဆာနေကြတဲ့သတ္တဝါတွေဟာ အတူတူပဲ။ အားလုံး ရန်လိုနေကြတယ်။ ဒါကြောင့် သင်ဟာ မုဆိုးလား?  မုဆိုးဆိုရင် အနိုင်ရနိုင်ခြေရှိတယ်။ သင်ဟာ သားကောင်လား? သားကောင်ဆိုရင် သင်ကျရှံူးနိင်ခြေရှိတယ်။ စာရေးဆရာက တွေးနေမိတယ်။

              အာဖရိကတိုက်သားတွေဟာ အမဲလိုက်သွားတဲ့အခါ (၁၂) နှစ်အောက်သားသမီးတွေခေါ်သွားလေ့မရှိဘူး။ အကြောင်းကတော့ သားရဲတွေ အကောင်ကြီးကြီးအမဲဖျက်တိရိစ္ဆာန်တွေက အဲဒီကလေးငယ်တွေကို အစာလို့ထင်နေလို့ အန္တရာယ်များတာကြောင့်လို့သိရတယ်။ အိမ်ကမိန်းမ နဲ့ ကလေးတွေက ယောက်ျားသားကြီးတွေသယ်လာမယ့် တောကောင်တွေရဲ့အစိတ်အပိုင်းတွေကိုစီမံဖို့စောင့်နေကြတယ်။

Tuesday, October 8, 2019

KNN-Tgi #403 Universal Studio Tour


KNN-Tgi #403 Universal Studio Tour ကို ကိုကျော်သိင်္ခ နဲ့ တစ်ခေါက်_Vlog: Hollywood, Los Angeles, USA


ကျွန်တော်တို့မိသားစုကိုလိုက်ပို့ပေးတဲ့ ကိုကျော်သိင်္ခ က စေတနာသိပ်ကောင်းတယ်။ L.A တစ်ဝိုက်မှာ မြန်မာဧည့်လမ်းညွှန်လိုရင် သိပ်အားကိုးရတဲ့ ကိုကျော်သိင်္ခ ကို ဆက်သွယ်ပါ။ ကြည့်ရှုပေးကြသူအပေါင်း မင်္ဂလာခညောင်းကြပါစေ။ ကိုညီညီ (တောင်ကြီး)

Monday, October 7, 2019

ကျန်းမာရေးကုသခွင့်ပြနိုင်မှပြည်ဝင်ခွင့်ပေးတော့မယ့်သမ္မတထရမ့်ရဲ့ကြေငြာချက်

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

(၂ဝ၁၉) ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့အမှာအသက်ဝင်မယ့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကြေငြာချက်တစ်ခုကြောင့် အမေရိကားကိုဝင်ရောက်လာမယ့် အသစ်ပြောင်းရွှေ့လာသူ-New Immigrants တွေ ဗီဆာအောင်ဖို့ပိုမိုအခွင့်အလမ်းနည်းသွားနိုင်တယ်လို့ CNN သတင်းဋ္ဌာနက အောက်တိုဘာလ (၅) ရက်နေ့ (၂ဝ၁၉) ရက်စွဲနဲ့ရေးသားပါတယ်။

သံရုံးကိုဗီဆာဝင်မယ့်သူဟာ အမေရိကန်မြေပေါ်ရောက်ပြီး ရက် (၃ဝ) အတွင်းကုန်ကျနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်-Health Insurance ဒါမှမဟုတ် အဆိုပါစောင့်ရှောက်ခွင့်အတွက်ကျခံနိုင်တဲ့ငွေကြေးပမာဏ (အတိအကျမသိရသေး) ကို ပြနိုင်ရပါလိမ့်မယ်။

သူတို့တောင်းတဲ့ကျန်းမာရေးစောင့်လျှောက်ခွင့်ထဲမှာ အလုပ်ရှင်ကပေးတဲ့ကုသခွင့်-Employer-Sponsored Health Insurance ၊ မိသားစုကုသခွင့်-Family Coverage Plan ၊ တစ်ဦးချင်းကုသခွင့်-Unsubsidized Individual Health Plan နဲ့ အချိန်တိုကုသခွင့်-Short-Term Plan တို့ပါဝင်ပါတယ်။ လူသိများတဲ့ Medicaid နဲ့ အိုဘားမားခဲ လို့ပြောကြတဲ့ Affordable Care Act နဲ့ ဝယ်ယူထားတာတွေကိုတော့ ဒီ ဗီဆာကိစ္စတွေမှာတင်သွင်းဖို့ခွင့်မပြုထားပါဘူး။

Sunday, October 6, 2019

ကျွန်တော့အကြောင်း-Myself

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော့နာမည်က ကိုကိုလွင်ပါ။ ကျောင်းနာမည်၊ ရုံးကိစ္စ၊ ဘဏ် စတဲ့နေရာတွေမှာသုံးရင်းကနေ နိုင်ငံကူးလက်မှတ်လုပ်တဲ့အထိ ဒီနာမည်ပဲသုံးပါတယ်။ အလုပ်လုပ်၊ စီးပွားရှာ၊ အိမ်ထောင်ပြုတဲ့အခါ မိဘလက်ငုတ်ရင်းရဲ့ကုန်စုံဆိုင်လုပ်ငန်းကိုနှစ်များစွာလုပ်ကိုင်ရင်း အိမ်နာမည် ညီညီ နဲ့ မွေးဖွားရာဘူမိနက်သန် တောင်ကြီးမြို့ကိုတွဲဖက်ပြီး အခုလူအများသိကြတဲ့ "ကိုညီညီ (တောင်ကြီး)" ဆိုတဲ့နာမည်ဟာ အမေရိကားအထိလိုက်လာခဲ့တယ်။

ငယ်ငယ်က ညီညီ ဟာ အင်မတန်အဆော့သန်တယ်။ လမ်းတွေမှာလာချထားတဲ့ အိမ်ဆောက်တဲ့ သဲနုပုံ တွေ တွေ့ရင် ဂူလေးတွေလုပ်ရင်း ထမင်းမေ့ ဟင်းမေ့ ဖြစ်လောက်အောင်ဆော့လွန်းလို့ အမေက ကြက်တောင်မွှေးနဲ့လာခေါ်မှ နားရွက်အဆွဲခံရင်းလိုက်ပါသွားရတယ်။ အိမ်ထဲရောက်လို့ အမေက (၂) ချက်လောက်နာနာလေးပေးလိုက်မှ မျက်ရည်နဲ့ရောတဲ့ ထမင်း နဲ့ ဟင်း နဲ့က သိပ်စားလို့ကောင်းခဲ့ရတာကိုအမှတ်ရမိတယ်။

ငယ်ဘဝထဲမှာ တရုတ်စာမသင်ချင်တဲ့ကိစ္စဟာ တော်တော်ဒုက္ခပေးတယ်။ ဆိုင်ကယ်ရှေ့မှာအခန့်သားထိုင်ရင်းမူကြိုကျောင်းတက်ရတဲ့စည်းစိမ်ကို အလယ်တန်းအရောက်မှာစွန့်လွှတ်ရတော့တယ်။ ဖတ်စာအုပ်လက်ကကိုင်လို့ စာကျက်ရင်းကျောင်းသွားဖူးတယ်။ အရှေ့ကကျောက်ခဲကို လက်ထဲကကျောက်ခဲချိန်၊ သူငယ်ချင်းနဲ့ပစ်တမ်းစကားပြီး အခန်းဝထိရောက်အောင်ကျောင်းတက်ဖူးတယ်။

လူငယ်ဘဝနဲ့လူကြီးဘဝကို ကိုယ်ရေးကိုယ်တာသိပ်မပါအောင်လို့ Merge & Fast Forward လုပ်ပြီး ပြန်ပေါင်းထုပ်ကြည့်လိုက်တဲ့အခါ ဆယ်တန်းအောင်၊ ရန်ကုန်မှာကောလိပ်တက်၊ အရေးတော်ပုံဖြစ်၊ ကျောင်းပိတ်၊ ကျောင်းနား၊ ကုန်သည်လုပ်ငန်းထဲဝင်၊ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင် ဒီလိုနဲ့ "ကိုညီညီ (တောင်ကြီး)" ဟာ ချောင်ကလေးကကောင်လေးပေမယ့် ကုန်သည်လောကထဲမှာလူသိများခဲ့တယ်။

Friday, October 4, 2019

စကားလုံးများနှင့်ကမ္ဘာတစ်ခြမ်းကိုဖြတ်သန်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
                 ငယ်ငယ်က ကျွန်တော့ခေါင်းထဲကိုရောက်တဲ့စာတွေက ကာတွန်းစာအုပ်ထဲက စာအတိုလေးတွေ။ ဖရဲသီးအကြီးကြီးတွေ၊ အားလူးတွေ အိမ်လောက်ကြီးသွားတာတွေ၊ အစားလွန်သွားလို့ နောက်ကနေ သစ်သီးတပ်သားတွေလိုက်ကြတာတွေ၊ စာတွေက သိပ်ကြောက်ဖို့ကောင်းသလောက် သိပ်စွဲလန်းခဲ့ရတာလေ။

       နောက် နှစ်အနည်းငယ်ကြီးလာတော့ လူကြီးတွေဖတ်တဲ့ ရွှေသွေး၊ တေဇ နဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေစကောက်ကိုင်လာပေမယ့် ကာတွန်းက ဖြတ်မရဘူး။ ကာတွန်းဆိုင်မှာ ညနေညနေဆိုရင် အသစ်ထွက်တဲ့မဂ္ဂဇင်းလာအပ်မယ့်လူအရောက် စာအုပ်ဆိုင်မှာသွားစောင့်ရင်း စာအုပ်ဆိုင်က ကာတွန်းတွေ မတ်တပ်ရပ်ရင်းဖတ်တာ စာအုပ်ဆိုင်ပိုင်ရှင်ကပေးလိုက်တဲ့မဂ္ဂဇင်းကိုချိုင်းကြားမှာညှပ်ပြီး နေကဝင်နေပြီ အိမ်ကိုပြန်မရောက်လို့ လိုက်ရှာရတဲ့အထိ။

      အတန်းနည်းနည်းကြီးလာတော့ စွဲလမ်းလိုက်တဲ့ မင်းသိင်္ခစာအုပ်တွေ ရှိသမျှအကုန်ဖတ်၊ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင်၊ နောက်ပိုင်းတွေထဲမှာဆို စမ်းချင်ရာစမ်း မောင်ဘဂျမ်း၊ ဆားပုလင်းနှင်းမောင်နှင့် (စိတ်ဓါတ်မြင့်မားသောရာဇဝတ်ကောင်မျိုးစုံ) အကုန် အကုန်ဖတ် တရစပ်။ တစ်ခါတုန်းကဆို ကျောင်းစာမလုပ်ဘဲ မနုစာရီထိုင်ဖတ်နေတာ အဖေတွေ့သွားပြီး စာအုပ်ကိုဓါးနဲ့ခုတ်မယ်ဆိုလို့ စာအုပ်ဆိုင်ကိုလျော်ဖို့ပိုက်ဆံသမို့ ငိုလိုက်ရတာ။ နောက်မှ အဖေက မီးဖိုချောင်က မီးခိုးခေါင်းတိုင်နောက်မှာဖွက်ထားတာ ဖော်ထုတ်ရှာဖွေတွေ့ရှိခဲ့လို့ပျော်လိုက်ရတာ တစ်သက်မမေ့။

Saturday, September 28, 2019

အသုံးဝင်လာတဲ့ ⭐Passport Card⭐


ပြောင်းလဲလာတဲ့မူဝါဒ နဲ့ Real ID Act ဆိုတဲ့ (ဓါတ်ပုံပါ) မှတ်ပုံတင်ကဒ်ပြားဥပဒေကြောင့် အမေရိကန်ပြည်တွင်းမှာ ခရီးထွက်ခွာတဲ့အခါ နိုင်ငံကူးလက်မှတ်-Passport Book နဲ့ နိုင်ငံကူးကဒ်ပြား-Passport Card တွေကိုပြပြီး လုံခြုံရေးအစစ်အဆေးခံရတော့မယ့်ကာလဟာ မကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။


Real ID Act အရ ပြည်နယ်အသီးသီးကထုတ်ပေးတဲ့ မှတ်ပုံတင်-IDs (Identification Documents) မှာ လုံခြုံရေးအထောက်အကူပြုစံနှုန်း-Security Standards တွေပြည့်မီရမယ်လို့ဆိုထားပါတယ်။ ပြည်နယ်တစ်ခုကနေတစ်ခုကူးသန်းတဲ့အခါ လုံခြုံရေးစံမမီတဲ့ကဒ်ပြားတွေပြပြီး ဖြတ်သန်းခွင့်ကိုတားဆီးတော့မှာပါ။

TSA လို့တွေ့လိုက်တာနဲ့ လေဆိပ်ကထွက်ခွာဋ္ဌာနမှာစောင့်နေတဲ့ဝန်ထမ်းတွေကိုလှမ်းမြင်မိကြမယ်ထင်ပါတယ်။ သူ့စာလုံးရဲ့အကျယ်ဖွင့်က Transportation Security Administration ဖြစ်ပါတယ်။ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြတ်သန်းမှုမှန်သမျှ လုံခြုံရေးအတွက်စစ်ဆေးခွင့်ရှိပါတယ်။

ဒီဘက်တလောမှာကြားလာရတာက လေယာဉ်စီးတဲ့အခါ အရင်ကလို ပြည်နယ်ကထုတ်ပေးတဲ့ မှတ်ပုံတင်ကဒ်ပြား-State-Issued ID နဲ့ ကားမောင်းလိုင်စင်-Driver License ပြပြီးအမေရိကန်ပြည်တွင်းလေယာဉ်တက်စီးနေရာကနေ နောက်ပိုင်းမှာ (ပြည်တွင်းခရီးစဉ်မှာတောင်) နိုင်ငံကူးလက်မှတ်-Passport ပြပြီးစီးရတော့မယ့်အကြောင်းဟာ လူပြောများလာပါတယ်။

Friday, September 27, 2019

အိမ်မက်မက်တာကောင်းသလား?

အမျိုးမျိုးအထွေထွေသောလူတွေကပြောကြတယ် "ငါ့မှာအိပ်မက်တစ်ခုရှိတယ်" ဒီလိုအမြဲကြားရတယ်။ အိပ်မက်ရှိတဲ့သူတွေကို အော် တစ်နေ့တော့ သူ့အိပ်မက်အတိုင်းဖြစ်လာပါလားဆိုပြီး လူတွေအထင်ကြီးတတ်ကြတယ်။

အိပ်မက်ရှိသူတွေဟာ ဘဝမှာတကယ်ပဲ အောင်မြင်ခဲ့သလား? အိပ်ယာကမထဘဲ အိပ်မက်မက်နေသူကို ကံတရားက ကံကောင်းခြင်းလက်ဆောင်ယူလာပေးဖူးပါသလား? ကျွန်တော့ကိုယ်ကျွန်တော်မေးခွန်းတွေ ပြန်မေးမိတယ်။

ထီပေါက်ဖို့ ထီလက်မှတ်လိုသလို အိပ်မက်ကြီးတစ်ခု လက်တွေ့မှာဖြစ်လာဖို့ သွားရမယ့်လမ်း နဲ့ ဖော်ဆောင်ရမယ့်လုပ်ရပ်လိုတာကို နားထောင်ထားမိတဲ့ ဟောပြောပွဲတစ်ခုရဲ့စကားလုံးတွေကို ကိုးကားပြီးပြောပြချင်တယ်။

"တကယ်လို့ မိတ်ဆွေမှာ ဘဝအတွက်နေ့စဉ်လုပ်ဆောင်ချက်တွေမရှိဘူးဆိုရင်-If you don't have daily objectives for your life, " "အိမ်မက်မက်သူတစ်ယောက်ဖြစ်ဖို့ မိတ်ဆွေအရည်အချင်းပြည့်မီပါပြီ-you qualify as a dreamer" ဟောပြောခဲ့သူက မိုင်းလ်မန်ရိုး ဆိုတဲ့ လူမည်းတရားဟောဆရာ၊ စိတ်ဓါတ်မြင့်တင်ရေးဟောပြောသူ နဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့အားနည်းချက် အားသာချက်တွေကို စာရေးပြီးအသိပညာပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

Wednesday, September 25, 2019

သူဆက်မောင်းမယ်

ဒီတစ်ခေါက်သား "စွမ်း" ကိုကျောင်းပြန်ပို့ရတာမဟာစွန့်စားခန်းကြီးတခုလုပ်ရသလိုပါပဲ။ မသွားခင်နှစ်ညဆက်တိုက်ကျွန်‌တော်အလုပ်များတယ်။ နောက်ကျမှအိပ်တယ်။ မနက်တော့အစောပြန်ထ အိပ်ရေးကမဝ။

မနက်စော (၅) နာရီထွက်မယ်လို့စီစဉ်ထားတာ ဟိုလုပ်ဒီလုပ်နဲ့ ထွက်ဖြစ်တော့ မနက် (၆) နာရီ။ အိပ်ရေးမဝတဲ့ကျွန်တော့ခေါင်းထဲမှာ တစ်ဝီဝီလည်နေတယ်။ ကျွန်‌တော်ဘာလုပ်ရမလဲ။ သတိကြီးစွာထားပြီး ကားဆက်မောင်းတယ်။

ဘေးမှာထိုင်နေတဲ့အိမ်သူက ကားမောင်းတိုင်း ကျွန်တော့အခြေအနေကိုအမြဲအကဲခတ်တတ်တယ်။ အဲဒီနေ့မနက် ကျွန်တော် နေသားသိပ်မကျ-Fit မဖြစ်ဘူးဆိုတာသူသတိထားမိတယ်။ ဘယ်ဘက်လက်နဲ့ညာဘက်ဇက်ကြောကိုနှိပ်လိုက်၊ ညာဘက်လက်နဲ့ဘယ်ဘက်ဇက်ကြောကိုနှိပ်လိုက် နဲ့ ဂဏာမငြိမ်တဲ့အပြင် ကားက ဘယ်ဘက်လူးလိုက် ညာဘက်လူးလိုက်နဲ့ ကုန်အပြည့်နဲ့ဆိုတော့ ယိမ်းနွဲ့ဟန်သာ အန္တရာယ်မကင်းပါ လို့ ဆိုရမလိုဖြစ်နေတယ်။

ကျွန်တော်တို့မိသားစု ကားခဏနား၊ ကျန်းမာရေးကိစ္စဖြေရှင်း၊ ဆီဖြည့်ပြီးတာနဲ့ သူစမ်းမောင်းကြည့်မယ်ဆိုပြီး ဓါတ်ဆီဆိုင်ပရဝုဏ်ထဲ ခဏပတ်မောင်း၊ ပြီးတာနဲ့ ဖရီးဝေးကိုတန်းတက်မောင်းတော့တာ။

Friday, September 20, 2019

ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် DV-2021

DV-2021 ကံစမ်းမဲတင်နိုင်ဖို့ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ကို စောင့်မျှော်ပေးပါ။ အမေရိကန်နိုင်ငံ ဝေါ်ရှင်တန်အချိန်နေ့လည် (၁၂) နာရီဆိုရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ည (၁ဝး၃ဝ) အချိန်ရှိနေမှာဖြစ်ပါတယ်။ နောက်ဆုံးတင်ရမယ့်အချိန်ကတော့ (ဝ၅/၁၁/၂ဝ) ဖြစ်ပါတယ်။

DV-Diversity Visa တင်ဖို့ ဘာငွေကြေးမှပေးစရာမလိုပါဘူး။ ငွေတောင်းနေပြီဆိုရင်တော့ သွားနေတဲ့အင်တာနက်စာမျက်နှာမှားနေတယ်လို့သိလိုက်ပါ။ အင်တာနက်ရှိတဲ့ Device တစ်ခုခုကနေ ကိုယ်ပိုင်အချက်အလက်တွေနဲ့တင်နိုင်ပါတယ်။

မသိနားမလည်ရင် သိနားလည်သူကိုမေးပြီး အကူအညီတောင်းတင်ခိုင်းတဲ့အခါ မှန်ကန်တဲ့အကြောင်းအရာတွေကိုသာတင်သင့်ပြီး အတည်ပြုပေးတဲ့ Confirmation Number ပါတဲ့ Confirmation Page ကို ပြန်ယူထားဖို့အင်မတန်အရေးကြီးပါတယ်။

တစ်ယောက်ယောက်က မိမိကိုယ်စားတင်ပေးတယ်ဆိုစေဦး အချိန်တန်လို့အဖြေတိုက်နိုင်တဲ့ကာလမှာ မိမိကိုယ်တိုင်စစ်နိုင်ဖို့ သက်သေတွေ၊ မိတ္တူတွေ နဲ့ အီးမေးလ်လိပ်စာတွေကို သိမ်းဆည်းထားသင့်ပါတယ်။ ကံစမ်းမဲပေါက်မပေါက်ကိုပြန်လည်စစ်ဆေးနိုင်မယ့်အချိန်ကတော့ DV တင်ပြီး (၆) လ အကြာ (ဝ၅/ဝ၅/၂ဝ၁၉) မှာ ဖြစ်ပါတယ်။