ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, March 27, 2015

လေယာဉ်ဦးခန်းမှာ ဘာတွေဖြစ်နေသလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လေယာဉ်ပေါ်က ဆင်းတဲ့အခါ ဝတ်စုံဖြူလေယာဉ်မှူးတွွေထိုင်နေတဲ့ မောင်းနှင်ခန်းကို လှမ်းတွေ့ဖူးကြမှာပါ။ လေယာဉ်တစ်စီးလုံးကို ထိန်းချုပ်တဲ့ လေယာဉ်ဦးခန်းကို Cockpit လို့ ခေါ်ပါတယ်။ ဘတ်စ်ကားစီးခရီးသည်တွေဟာ သူတို့ရဲ့အသက်ကို ကားဒရိုင်ဘာလက်ထဲအပ်ထားရသလို လေယာဉ်စီးခရီးသည်တွေဟာလည်း ထိုနည်းနှင်နှင်ပါပဲ။ နာရီအနည်းငယ်အတွင်းမှာ ကိုယ့်အသက်ကိုယ်မပိုင်တော့တဲ့ လေကြောင်းစီးခရီးသည်တွေရဲ့စိတ်မှာ ဘာတွေတွေးနေမယ်ထင်ပါသလဲ?
.
( သူတို့တစ်တွေကောင်းကောင်းရော မောင်းတတ်ရဲ့လား မသိဘူး ) ၊ ( တစ်လောကမှ လေယာဉ်တွေဆက်တိုက် ပျက်ကျထားတာ ) ၊ ( လေယာဉ်ထိန်းချုပ်ခန်းထဲမှာ ခလုပ်တွေ တစ်ထောက်ထောက်နဲ့ ဘာတွေလုပ်နေပါလိမ့် ) စတဲ့ မေးခွန်းတွေပါမယ်လို့ ခန့်မှန်းကြည့်ပါတယ် .. မှန်မမှန်ကို စာဖတ်သူတွေသာ အမှားပြင်လိုက်ကြပါ ..။
.
သူတို့ဘာတွေလုပ်ပြီး ဘယ်လိုမောင်းနှင်တယ်ဆိုတာ သိခွင့်မရတာက စိတ်ကို ပိုပြီး မယိုးမယွ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ တစ်သက်လုံးအလွတ်မရခဲ့တဲ့ ဘုရားစာကို အထစ်အငေါ့မရှိဆိုနိုင်တာ လေယာဉ်ပေါ်မှာပါဆိုတာ စီးဖူးသူတိုင်း ယုံကြပါပြီလား? ဒီ့အတွက် ဝေယံတိမ်ပေါ်မှာ လူများစွာကိုသယ်ဆောင်သွားတဲ့ လေယာဉ်ရဲ့ Cockpit မှာ ဘာတွေလုပ်ကြတယ်ဆိုတာသိရအောင် လေ့လာထားမိတာတွေက ဒီလိုပါ။

.
.
အပြင်ကနေလှမ်းကြည့်မိရင်တော့ အနည်းဆုံး လေယာဉ်မှူး ( ၂ ) ယောက် ရှိပါမယ်။ ကွန်ပျူတာမျက်နှာပြင် ရှိတယ်။ ကားစီယာတိုင်တစ်ဝက်စာ လေယာဉ်စီယာတိုင်လိုမျိုး ရှိမယ်။ လေယာဉ်ပျံတက်ဖို့ ကားဂီယာထိုးတံလိုမျိုး Throttle Quadrant ရှိတယ်။ ဒါတွေပဲ ကျွန်တော်တို့မြင်နိုင်တယ်။
.
9/11 ကမ္ဘာ့တိုက်ညီနောင် အကြမ်းဖက်လေယာဉ်တိုက်ခံရပြီးနောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ လေယာဉ်ရဲ့တည်ဆောက်ပုံတွေ ပြောင်းလဲလာခဲ့တယ်။ လေယာဉ်ဦးခန်း နဲ့ ကပ်နေရာကနေ ခရီးသည်ထိုင်ခုံတွေကို ခပ်ဝေးဝေးရွှေ့လာကြသလို အနီးကပ်လေ့လာခွင့်ကိုလည်း ကန့်သတ်လာကြတာတွေကတော့ သိသာထင်ရှားပါတယ်။
.
.
လေယာဉ်မှူးတွေ ထိန်းချုပ်ခန်းမှာ စလုပ်တဲ့အရာကတော့ တစ်ဦးကိုတစ်ဦး မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ မယုံနိုင်စရာတစ်ခုက အဓိကလေကြောင်းလိုင်းတွေရဲ့ ပိုင်းလော့ ( ၁၂ဝဝဝ ) ဟာ သူ့ကိုကူမယ့် လက်ထောက်လေယာဉ်မှူး - Co-Pilot ကို မသိကြပါဘူး။ ဘယ်လိုစည်းမျဉ်းဥပဒေသတွေရှိရှိ၊ ဘယ်သူနဲ့ တွဲမောင်းရမောင်းရ ပိုင်းလော့တွေဟာ လေယာဉ်ဦးခန်းဆီ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို အိပ်အပြည့်သယ်လာကြတာတော့ တူညီကြပါတယ်။
.
စစချင်း ပင်တိုင်ပိုင်းလော့(ကြီး) က သူလိုချင်တဲ့လေဖိအား - Atmosphere ကို သတ်မှတ်တယ်။ ဒီ့နောက်မှာမှ လက်ထောက်လေယာဉ်မှူးက သူနဲ့သက်ဆိုင်တဲ့အပိုင်းကနေ စတင်ကိုင်တွယ်ရပါတယ်။ လေယာဉ်သင်တန်းမှာကတည်းက ကျရောက်တဲ့ပတ်ဝန်းကျင်လေယာဉ်မှူးကို အကျွမ်းတဝင်ဆက်ဆံနိုင်အောင် သင်တန်းဆင်းခဲ့ပြီးသူများပီပီ သူတို့အတွက် ဒီကိစ္စဟာ အခက်အခဲတစ်ခု မဟုတ်ပါဘူး။ စကားတစ်ခွန်းနှစ်ခွန်းပြောပြီးရင် တစ်ယောက်နဲ့တစ်ယောက် အဆင်သင့် လက်တွဲအလုပ်လုပ်လို့ ရနိုင်လောက်အောင် အားလုံးက လေ့ကျင့်ခဲ့ပြီးသားတွေ ဖြစ်ကြပါတယ်။
.
.
အပိုစကားမပြောကြပါဘူး။ ဥပဒေနဲ့ထိန်းထားတာ ရှိပါတယ်။ မြန်မာလိုတည့်တည့်ပြန်ရင်တော့ “ ပိုးမွှားမရှိသောလေယာဉ်ထိန်းချုပ်ခန်းဥပဒေ - Sterile Cockpit Rule ” ဆိုတာကို လိုက်နာရပါတယ်။ ဒါက လေကြောင်းပို့ဆောင်ရေးဖယ်ဒရယ်ရေးရှင်း - FAA က ထုတ်ထားတာဖြစ်လို့ အမြင့်ပေ ( ၁ဝဝဝဝ ) မကျော်မချင်း ကိုယ်ရေးကိုယ်တာ နဲ့ အလုပ်နဲ့မသက်ဆိုင်တဲ့စကားတွေ မပြောရပါ။ အလုပ်ကိစ္စဆိုရင် ရတယ်၊ ကျန်တာတွေ လာမပြောနဲ့၊ အလုပ်လုပ်နေတယ် … ပေါ့ဗျာ။
.
လေယာဉ်မှူးတစ်ယောက်ရဲ့စိတ်ထဲမှာ ရာသီဥတုအခြေအနေ၊ ခရီးစဉ်၊ ခရီးသည်တွေနဲ့သူတို့ရဲ့ဝန်စည်စလယ်အထုတ်တွေ၊ လေယာဉ်ပေါ်ကျွေးတဲ့အစားအသောက်၊ ခရီးစဉ်တစ်လျှောက်စီမံခန့်ခွဲမယ့်ကွန်ပျူတာစစ္စတမ် နဲ့ လေယာဉ်ဆီအပြည့်ဖြည့်ဖို့ စတဲ့ အာရုံတွေများပြားလှပါတယ်။ အပိုစကားတွေပြောရင်း မတော်တဆပျက်ကျမှုတွေ စစ်ဆေးပေါ်ပေါက်ရာကနေ ( ၁၉၈၁ ) ခုနှစ်မှာ မလိုရင်စကားမပြောဖို့ တားမြစ်ခဲ့တာ ဖြစ်တယ်။
.
.
အဆက်မပြတ်ဝင်ရောက်လာတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ခလုပ်ငယ်လေးတွေကအစ ဟန်ချက်ညီစွာလုပ်ဆောင်ရတဲ့ လေယာဉ်မောင်းအလုပ်ဟာ လွယ်လွယ်လေးတော့ မဟုတ်ပါဘူး။ သူတို့ဟာ လေယာဉ်ရဲ့ Aircraft Logs မှ အဖွင့်အပိတ်ခလုပ်အားလုံး နဲ့ သင်္ကေတတွေ ကောင်းကောင်းအလုပ်မလုပ်ဆိုတာ စစ်ရတယ်။ အဲဒီလိုစစ်နေတုန်းမှာ အခြားလေယာဉ်မှူးက ထိန်းချုပ်ခန်းအပြင်ဖက် ထွက်စစ်ရပါတယ်။ ရာသီဥတုဆိုးတဲ့အခါမယ် ဒီလေယာဉ်ဦးခန်းသေးသေးလေးဟာ အသက်များစွာအတွက် တိုက်ပွဲဝင်မယ့် ခံတပ်ငယ်လေးပဲ မဟုတ်ပါလား..။
.
လေကြောင်းအင်ဂျင်နီယာ ပါလာရင်တော့ သူတို့ရဲ့စစ်ဆေးစရာစာရင်း Checklist တွေကို ပိုင်းလော့ကြီးကသာ တာဝန်ခွဲပေးပါတယ်။ လေယာဉ်ပြင်ပကိုထွက်ပြီး အရှေ့တစ်ခေါက်ကမောင်းထားတုန်းက ဆီယိုနေသလား? ပစ္စည်းတစ်ခုခုလျော့နေသလား .. ပျက်နေသလား .. ပျောက်နေသလား? တာယာ နဲ့ ဘရိတ်အခြေအနေ၊ ဆီ ( မျိုးစုံ ) နဲ့ ဟိုက်ဒရောလစ်ဆီအနေအထား၊ ဝင်ပေါက် ထွက်ပေါက် နဲ့ အရေးပေါ်ထွက်ပေါက်တွေကို တစ်ယောက်သီးသန့်ထွက်စစ်ရပါတယ်။
.
.
ပြသနာတစ်ခုခုတွေ့ခဲ့တယ်ဆိုရင် စက်ပြင်ဆရာကို အမြန်အကြောင်းကြားပြီး  သူတို့ကခွင့်ပြုရင် အနည်းဆုံးကိရိယာစာရင်း - MEL ( Minimum Equipment List ) ဝင်တယ်ဆိုရင်တော့ မပြင်ပဲမောင်းခွင့်ရှိပါတယ်။
.
ခရီးစဉ်တစ်လျှောက်လုံးမှာ ပိုင်းလော့ကြီးက အခရာ ပါ။ လေယာဉ်ကုန်ချိန်၊ အပူချိန်၊ သွားရမယ့်ခရီးအကွာအဝေး နဲ့ လေယာဉ်ပြေးလမ်းတွေပေါ်မူတည်ပြီး လေယာဉ်ဆီဘယ်လောက်ထည့်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒီအချိန်မှာ လေယာဉ်ပေါ်ကို ခရီးသည်တွေလည်းတက်ပြီးပြီမို့ လေယာဉ်မယ်တွေက အစားအသောက်တွေစီစဉ်ရင်း ရှိလာတဲ့ ပြသနာတွေကို လေယာဉ်မှူးကို တင်ပြရပါတယ်။ ဘာပြသနာမှမရှိရင်လည်း သူတို့ဟာ လေယာဉ်ထိပ်ပိုင်းကနေ ခရီးသည်တွေကို နှုတ်ဆက်ရင်း နောက်ပိုင်းကို ပြန်သွားကြပါတယ်။
.
.
 “ Checklist, checklist, checklist ” စစ်ပါ၊ စစ်ပါ၊ စစ်ပါ ဒီစာကြောင်းက လေယာဉ်မောင်းသူတွေကို အမြဲတစေသတိပေးတဲ့ စကားပါ။ လေယာဉ်ကိုဆွဲဖို့  Pushback မလုပ်ခင် ဆွဲကား - Tug ကိုမောင်းတဲ့ ဒရိုင်ဘာနဲ့ လေယာဉ်မှူးတို့ စကားကောင်းကောင်းပြောရပါတယ်။ ဒါမှာသာ အလေးချိန် ပေါင် ( ၃ဝဝဝဝဝ ) လောက်လေးတဲ့လေယာဉ်ကို မထိမခိုက် ပြေးလမ်းပေါ်ဆွဲယူသွားနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ရှေ့က အချက်ပြအရာရှိက “ ရှင်းပြီ ” ဆိုတော့မှ မသွားရတဲ့လမ်း၊ ဘားတိုင်တွေ၊ အတားအဆီးတွေ နဲ့ ဘေးမှာရပ်ထားတဲ့လေယာဉ်တွေကို ရှောင်ရှားပြီး လေယာဉ်ဟာ စတင်ရွေ့လျားပါတယ်။
.
လေယာဉ်ကိုဆွဲသွားတာနဲ့ စက်စနှိုးပါပြီ။ ဆီဈေးကြီးတော့ လေကြောင်းလိုင်းတွေက အင်ဂျင် ( ၁ ) လုံးပဲ နှိုးခိုင်းကြတယ်။ ကျွမ်းကျင်ရာအလိမ္မာဆိုသလို ခရီးသည်တွေရဲ့ လေယာဉ်ပေါ်လျှပ်စစ်မီးအသုံးပြုမှု နဲ့ သက်တောင့်သက်သာရှိမှုတွေကို အင်ဂျင်တစ်ဖက်ထဲဖွင့်ပြီးထိန်းထားနိုင်တာက ပိုင်းလော့ကြီးတွေရဲ့ အတွေ့အကြုံရင့်ကျက်မှုအပေါ် မူတည်ပါတယ်။ လေယာဉ်ဟာ ဆွဲကားကနေဖြုတ်ပြီး တစ်ဖြည်းဖြည်းလှိမ့် - Taxiing လုပ်လာတယ်ဆိုရင်ပဲ အခန်းကျဉ်းကျဉ်းလေးက လေယာဉ်မှူး ( ၂ ) ယောက်ဟာ ပြင်ပဝေဟင်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရပါတော့တယ်။
.
.
“ အာရုံစိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ … အာရုံအပြည့်စိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ ” ဒါဟာ ပြေးလမ်းတစ်လျှောက် နောက်ထပ်အင်ဂျင်တစ်လုံးဖွင့်ဖို့အကောင်းဆုံးအချိန်ကို ရှာနေတုန်း သူတို့ရဲ့ခေါင်းထဲမှာ အလိုလို ကြားနေရတဲ့ အသံတွေပါ။ နှင်းကျတဲ့ဒေသကလေယာဉ်တွေဆို မတက်ခင် နှင်း/ရေခဲရှင်းတဲ့ Deice Pad စက်တွေနား ဖြတ်ရတဲ့အခါ အထဲကလေယာဉ်မှူးတွေက Checklist ကို ( ၂ ) ခါ စစ်ပြီးနေပါပြီ။
.
လေယာဉ်ဆင်းတာထက်စာရင် ပြေးလမ်းကနေတက်သွားရတာက ပိုအန္တရာယ်များတယ်လို့ သိရပါတယ်။ ကျွမ်းကျင်တဲ့လေယာဉ်မှူးတွေကြောင့် အများအားဖြင့် ပြသနာမရှိကြပေမယ့် ခပ်ရှားရှားဒုက္ခလေးတွေတော့ ရှိတတ်ပါတယ်။ အကြောင်းရင်းက .. ဒီလို ပျံမတက်ခင်မှာ လေယာဉ်ဟာ သူ့ရဲ့ အလေးချိန်အစီးဆုံးအချိန်ကို ရောက်နေပါတယ်။ အင်ဂျင် နဲ့ တစ်ခြားစက်အစိတ်အပိုင်းတွေ အချိန်မရွေးပြုတ်ထွက်လာနိုင်တယ်။ ဒီကာလအပိုင်းအခြားလေးမှာ လေယာဉ်တစ်စီးရဲ့ ( ကုန်လုနီးပါး ) အစွမ်းဆောင်နိုင်ဆုံးပါဝါ နဲ့ သင်ကြားတတ်မြောက်ထားတဲ့ လေယာဉ်မှူးတို့ရဲ့ Training တို့ထက် တန်ဖိုးရှိတာ မရှိတော့ပါဘူး။
.
.
လေထဲရောက်သွားတဲ့လေယာဉ်စီးခရီးသည်တွေဟာ လေယာဉ်အရှိန်များလာတာနဲ့တစ်ဆက်တည်း ဆင်းသက်ဂီယာကြီး - Landing Gear သိမ်းတဲ့အသံကို ကြားရမယ်။ လေယာဉ်ဘီးတွေ သိမ်းပြီး ဘေးတံခါးပိတ်သံတွေ ကြားရပါလိမ့်မယ်။ 10000 AGL – 10,000 feet Above Ground Level ပေ ( ၁ဝဝဝဝ ) ကျော်တဲ့အခါကျမှ လေယာဉ်ကိုယ်ထည်လူးလှိမ့်မှု - Turbulence မရှိရင် ( မလူးရင် ) လေယာဉ်မှူးတွေ ကိုယ့်ထိုင်ခုံကနေ ထချင်ရင် ထလို့ရပါပြီ။ လေယာဉ်မှူးတွေကို အဲဒီအချိန်ကျမှ အောင့်ထားတဲ့အလုပ်တွေကို ပြန်လုပ်ခွင့်ရတဲ့ လူသားတွေအဖြစ် ပြန်မြင်ရမှာပါ။ ဒီတော့မှ Sterile Cockpit Rule လည်း လွတ်သွားပြီမို့ အချင်းချင်း စကားစမြည်စပြောရင်း ရှည်လျားတဲ့မောင်းနှင်ချိန်တွေကို ကျော်ဖြတ်ကြပါတယ်။
.
မောင်းနှင်စဉ်တစ်လျှောက်မှာ စကားပြောနားကြပ် နဲ့ မြေပြင်ထိန်းချုပ်တာဝါတိုင် - ATC ( Air Traffic Control ) တွေကို မပြတ်ပြောဆိုဆက်သွယ်နေရပါတယ်။ လှုပ်ရှားမှုဖြစ်စဉ်အားလုံးကို ကြည့် - Monitor  နေရပြီး လောင်စာဆီဘက်ညီမှု - Balancing Fuel ကို လေ့လာနေရပါတယ်။ လေစီးကြောင်းအလိုက် ပိုသက်သာမယ့်လမ်းကြောင်းပြောင်းမောင်းနှင်မှုကို လုပ်ဆောင်ဖို့လည်း အမြဲရှာဖွေနေရပါတယ်။
.
.
အလိုအလျောက်မောင်းစံနစ် - Autopilot ဖွင့်ပြီး လေကြောင်းလမ်းပြစံနစ် - Navigating System တို့ကို ချိတ်ဆက်ပြီးတဲ့အခါ လေယာဉ်မှူးတွေရဲ့အလုပ်ဟာ တက်ကြွပါဝင်လှုပ်ရှားနေရာကနေ သက်တောင့်သက်သာစောင့်ကြည့်အနေအထားကို ပြောင်းလဲယူကြပါတယ်။
.
မဆင်းသက်ခင် နာရီဝက်အလိုမှာ လုပ်ငန်းစဉ်တွေ ပြန်စကြတယ်။ ရောက်ရှိမယ့်လေဆိပ်ရဲ့ရာသီဥတုအရ သင့်တော်တဲ့ပြေးလမ်းကို ရွေးရတယ်။ ပေ ( ၁၈ဝဝဝ ) အမြင့်မှာ အပိုမီးတွေအကုန်ဖွင့်ပြီး မြေပြင်ထိန်းချုပ်စခန်း နဲ့ အဆက်အသွယ်လုပ်ပါတယ်။ လေယာဉ်မှူးတွေကို ရာသီဥတုအခြေအနေ၊ အမြင့်ပေ  နဲ့ မြန်နှုန်းတွေအကြောင်း မြေပြင်က အဆက်မပြတ်မေးမြန်းပါတယ်။ တစ်ကယ်လို့ ရာသီဥတုဆိုးဝါးရင် လွဲမောင်းနှင်ရမယ့် လမ်းကြောင်းတွေကို ချိတ်ဆက်ပေးပါတယ်။
.
ဒါကြောင့်မို့ ဆင်းခါနီး ရာသီဥတုဆိုးတဲ့အခါ လေယာဉ်တစ်ခြမ်းစောင်းသွားတာဟာ ရာသီဥတုသက်သာတဲ့ လေလှိုင်းလမ်းကြောင်းကို ပြောင်းသွားတာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ဂီယာကြီးချိန်းသံလို အသံကျယ်ကြီးကြားရမှာဖြစ်ပြီး ကွင်းတစ်ပတ် ပတ်မောင်းဖို့ အဆင်သင့်ပြင်ထားတဲ့ အနေအထားကို လုပ်ဆောင်ရပါတယ်။ ဒီလိုဖြစ်စေဖို့ အကြောင်းရင်းခံအမျိုးမျိုးဖြစ်နိုင်ပြီး ကွင်းတစ်ပတ်မောင်းဖို့ မမောင်းဖို့ကို မြေပြင်တာဝါက ဆုံးဖြတ်ပါတယ်။
.
.
လေယာဉ်ဆင်းရတော့မယ်ဆိုတာသိတဲ့အချိန် ခရီးသည်တွေပါမက လေယာဉ်မောင်/မယ်တွေ နဲ့ လေယာဉ်မှူးတွေအတွက်ပါ ပျော်ရွှင်စရာပါ။ စိတ်စုစည်းမှုအရှိဆုံးအချိန်လို့လည်း ဆိုနိုင်ပါတယ်။ ပုံမှန်လေတိုက်နှုန်း နဲ့ ဆင်းပုံဆင်းနည်း - Glide Slope တို့က စိမ်ခေါ်မှုတွေဖြစ်သလို အမှားမခံတဲ့ ဆုံးဖြတ်ချက်တွေက စောင့်ကြိုနေတတ်ပါတယ်။ ပိုင်းလော့ကြီးတစ်ယောက်ရဲ့အရည်အချင်းက လေယာဉ်တစ်စင်းလုံးပေါ်မှာသက်ရောက်တယ်ဆိုပေမယ့်လည်း အဆင်းမတော်တစ်လှမ်းဆိုသလို ဒီနေရာက အကဲဖြတ်ရမယ့် အတော်ဆုံးကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။ ကောင်းကောင်းဆင်းနိုင်ဖို့ လုပ်ဆောင်ချက်တွေက သပ်ရပ်ဖို့လိုသလို အစီအစဉ် အတွက်အချက်ကောင်းဖို့ အရေးကြီးလှပါတယ်။
.
တစ်ချို့သောလေယာဉ်သစ်တွေမှာ အော်ဆိုဆင်းဖို့ Setting တွေပါဝင်လာသလို တစ်ချို့များဆိုရင် အလိုအလျောက်ခလုပ်နှိပ်ပြီးဆင်းတာတွေ ရှိပါတယ်။ လေယာဉ်အများစုမှာ လေယာဉ်မှူးက ဂွေကိုင်ဆင်းကြတုန်းပါ။
.
.
စိတ်ချရပြီဆိုရင် လေယာဉ်မှူးဟာ နောက်ခရီးစဉ် ( ဒါမှမဟုတ် ) နောက်လေယာဉ်မှူးအုပ်စုအတွက် စက်ယန္တရားတွေကို After Landing Checklist နဲ့ ပြန်စစ်ရပါတယ်။ လုပ်ခဲ့သမျှ ပြင်ဆင်ထိန်းသိမ်းမှုမှတ်တမ်းတွေကို Logbook ထဲမှာရေးထားပြီး နောက်အဖွဲ့ကိုလွှဲဖို့ ပြင်ဆင်ရတယ်။ လူတွေမှာ လူ့ပြသနာရှိသလို လေယာဉ်တွေမှာလည်း အပျက်မှတ်တမ်း ရှိတယ်။ ဒါက လေယာဉ်သမိုင်းအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
.
ပထမလေယာဉ်မှူးကြောင့် အဆင်းမလှခဲ့ရင် လှေခါးထိပ်အဆင်းမှာ ဒုတိယလေယာဉ်မှူးက ခရီးသည်တွေကို နှုတ်ဆက်ပါတယ်။ တစ်ကယ်လို့ ဒုတိယလေယာဉ်မှူးဆင်းတာ သပ်ရပ်လှပခဲ့ရင် ပထမလေယာဉ်မှူးကိုယ်တိုင်နှုတ်ဆက်တာ ထူးခြားမှတ်သားရပါတယ်။ အခုလောက်ဆိုရင်ပေ ( ၁ဝဝဝဝ ) ကျော်လို့ “ ဒင် ” ဆိုတဲ့အသံကြားရတဲ့နောက်မှာ လေယာဉ်မှူးတွေ ဘာလုပ်နေသလဲဆိုတာ သိလောက်ပြီပေါ့နော်။
.
.
နောက်ခန်းမှာစီးတဲ့ခရီးသည်အဖို့ လေယာဉ်ဦးခန်းကို မြင်သာမြင်နေရတယ် .. ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ဘဝက ကြောက်မယ်ဆိုလည်း လွယ်လွယ်လေးပါပဲ။ ဒါကြောင့် လေယာဉ်စီးတဲ့အခါ စိတ်ထဲမှာ တောင်တွေး မြောက်တွေး လျှောက်တွေးမနေပဲ စိတ်ကိုရှင်းရှင်းထားစေချင်တယ်။
.
“ လေယာဉ်မှူးတွေဟာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလို သူတို့ရဲ့ ကျွမ်းကျင်မှုအမြင့်ဆုံးအသက်မွေးဝမ်းကျောင်းမှု နဲ့ ဘဝကို ပုံအပ်ထားသူများ ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့တတ်နိုင်တဲ့စွမ်းအင်အကုန်ထုတ်သုံးပြီး ခရီးသည်တွေ ဘေးကင်းလုံခြုံအောင် ပို့ဆောင်ကာကွယ်ပေးမယ့်သူတွေဖြစ်တယ် ” ဆိုတဲ့ တစ်ခွန်းကိုသာ စိတ်ထဲမြဲမြဲထားစေချင်ပါတယ်။
.
.
ရည်ညွှန်းကိုးကား : Business Insider
.
“ လေယာဉ်ဦးခန်းမှာဘာတွေဖြစ်နေသလဲ ” စာမူသည် ၂ဝ၁၅ ၊ ဂျူလှိုင်လထုတ် Real Lives Real Stories မဂ္ဂဇင်း၊ အတွဲ ( ၂၇ )၊ စာမျက်နှာ ( ၁၁၂ ) တွင် ဖော်ပြပါရှိသည်။








No comments: