ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, August 24, 2014

ပေါင်းစည်းပြည်နယ်သားများရော အားနာတတ်သလား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
ဒီမြေ ဒီရေမှာ ယာယီကွန်းခိုနေပြီး သူတို့အကြောင်းပြောရတာ သိပ်တော့မကောင်းပါဘူး။ ဒါပေမယ့် တက်ကြွမြန်မာတွေ လက်ခံနိုင်တဲ့ အကြောင်းအချက်များနဲ့ အကောင်းရော အဆိုးရော ကြိုးစားတင်ပြသွားချင်ပါတယ်။ အရှေ့တိုင်းသား အေးရှမ်းလူမျိုးအကြောင်းရေးတာ ( ၂ ) မျိုးပြီးသွားတော့ နောက်ဆုံးတစ်မျိုးမလာခင် အမေရိကန်လူမျိုးရဲ့ စိတ်နေသဘောထားနဲ့ လူမှုအကျင့်စရိုက်များကို လေ့လာကြည့်ရအောင်။
.
.
လူမျိုးသမိုင်းရှည်သလောက် အခက်အခဲများခဲ့တဲ့ ပေါင်းစုလူမျိုးလို့ သတ်မှတ်လို့ရပါတယ်။ ဒီထဲမှာ ကနဦးပြည်နယ်တည်ထောင်ခဲ့တဲ့ ရှေးရိုးဒေသခံလူမျိုး၊ တိုက်ကျော်ပြီးတင်သွင်းခံခဲ့ရတဲ့ ကျွန်လူမျိုး၊ စစ်နိုင် စစ်ရှူံးလို့ ဝင်ရောက်လာသူ အိမ်နီးချင်းလူမျိုးတွေကို စုပေါင်းပြီး ပြောမှ ဘောင်ဝင်ပါလိမ့်မယ်။ ဥရောပနွယ် အမေရိကန်တွေ နဲ့ စကောတစ်လူမျိုးအများစုကို လူဖြူတွေလို့ မှတ်ယူနိုင်ပြီး အသားရေကာလာခွဲခြားဆက်ဆံခံရတဲ့ တော်လှန်ကျွန်လူမျိုးစု လူမည်းများကိုတော့ ဘယ်သူမှ သွားမထိရဲပါ။
.
.
အားငယ်စိတ် နဲ့ နိုင့်ထက်စီးနင်းစိတ် လွန်းပျံဖြတ်စီးနေတဲ့ ခန္တာကိုယ်ထွားကြီးတွေပိုင်ဆိုင်တဲ့ အာဖရိကန်အမေရိကန်လူမျိုးဦးရေဟာ အမေရိက မှာ အများကြီး မှ တကယ့်ကို အများကြီးပါ။ နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံအကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့မဆိုတည့်အောင်ပေါင်းတတ်တဲ့ ပွဲတိုင်းကျော် “ အန်ကယ်ဆမ် ”  ဆိုရင် ရာစုနှစ်တစ်ဝက်လောက် လူတိုင်းလေးစားတဲ့ လူမျိုးကြီးတစ်ရပ်ဖြစ်လာနေတာ အားလုံးမျက်မြင်ပါ။

.
.
ပေါင်းသင်းဆက်ဆံရေးမှာ လူမျိုးအသီးသီး၊ ယဉ်ကျေးမှုအဖုံဖုံ၊ ကိုလိုနီအဆက်ဆက် အညွှန့်ကလေးတွေကိုမှ ယူတတ်လို့ အင်မတန် အထက်တန်းဆန်ပါတယ်။ အဆင့်တန်းမြင့်မှုကို ဦးစားပေး ခန်းကြီးနေတာမျိုးမဟုတ်ပဲ တန်းတူညီမျှရေး လူ့အခွင့်အရေး မနှိမ်မိစေအောင် သတိထားတဲ့ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ကြတယ်ဆိုရင် မမှားပါဘူး။ ဘာသာစကားမှာ အဓိက ဗြိတိန်ကိုလိုနီ နဲ့ ဥရောပနယ်မြေသစ်ရှာဖွေသူတို့ဆီက အင်္ဂလိပ်စကားကို ရထားသလို ပုံတူကူးချသလို မသုံးစွဲပါ။ လွယ်ကူမှတ်မိ ခရီးရောက်အောင် တိုနိုင်သလောက်တို၊ ဖြတ်လမ်းပြော၊ မြန်မြန်သဘောပေါက၊် မြင်သာထင်သာအောင် တီထွင်ပစ်ကြတယ်။ စကားပြော လေကြောကိုလည်း အသော့လေးနဲ့ စခန်းသွားတဲ့အခါ အမေရိကန်စကားက ပြောရလွယ်ကူလာတယ်။ သူတို့နိုင်ငံကို ငါလို သူလို နယ်မြေသစ်ရှာဖွေကြသူတွေ နဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ ကိုယ်ချင်းစာတရားကို တွေ့ရပြီး ဘာသာစကားအခက်အခဲရှိသူ၊ မသန်မစွမ်း ပါမကျန် ကလေး နဲ့ အမျိုးသမီးတွေကို ဦးစားပေးတဲ့ ဦးဆောင်နိုင်ငံဖြစ်လာပါတယ်။
.
.
နည်းပညာနဲ့နိုင်ငံထူထောင်ရမယ်ဆိုတဲ့ ပညာတတ် စာဖတ် သမ္မတတွေပေါ်လာတော့ ဘတ်ဂျက်တွေ မြေနေရာတွေချပေးပြီး နည်းပညာလွင်ပြင်တွေထူထောင်စေတယ်။ ပညာတတ်တွေ မွေးထုတ်တယ်။ ကျောင်းတွေ ကောလိပ်တွေကနေ တဖြည်းဖြည်း တက္ကသိုလ်ကြီးတွေအထိ လှေခါးထစ်ပညာရေးကို ဇောင်းပေးပြီး ဝိုင်းထူထောင်ကြတယ်။ လိုအပ်တဲ့ငွေတွေကို အခွန်တိုးကောက်ပေမယ့် ပြည်သူတွေက အလုပ်ပိုလုပ်ပြီး ပေးဆောင်ကြတယ်။ ရောင်းခွန်တွေ တိုးကောက်ပေမယ့် တံတားပြင၊် လမ်းဖောက်၊ ဆည်တွေဆောက်နေတာ ပြည်သူတွေ မြင်နေရတော့ ဘယ်သူမှ မကြည်မသာ မဖြစ်ကြဘူး။
.
.
ဝင်ငွေခွန်တွေ တိုးကောက်သော်ငြားလည်း သားသမီးတွေ တက္ကသိုလ်တက်ဖို့ အစိုးရချေးငွေ Loan နဲ့ တစ်ကြိမ်တည်းပေးငွေ Grant သာမက စာသင်စားရိတ်လျော့ပေါ့ခွင့် - Scholarship တွေကို အစီအစဉ် Plan အမျိုးမျိုးနဲ့ တည်ထွင်ဖော်ဆောင်ပေးတော့ နိုင်ငံက ပညာတတ်တွေများလာပြီး မတိုးတက်လို့ မရတော့ပါဘူး။ ဒီ့အပြင် နိုင်ငံတကာကို မက်လုံးပေးပြီး ထိပ်သီးပညာတတ်တွေကို တင်သွင်းတဲ့ White Card ခေါ် ဦးနှောက်တင်သွင်းတဲ့အစီအစဉ်အရ ရွှေ့ပြောင်းကွန်ပျူတာသမားတွေ အများကြီး ပြည်ဝင်ခွင့်ပေးခဲ့တယ်။ ကွန်ပျူတာသမားဆိုတော့ နည်းပညာသမားလည်း ပါသပေါ့နော်။
.
.
ပြည်တွင်းစစ်ဒဏ်ကို ခါးခါးသီးသီးခံခဲ့ရပြီးနောက် ထပ်မဖြစ်ရအောင် အရာရာကို ငွေ သို့မဟုတ် မြေ - Territory ၊ အပေးအယူ တစ်ခုခု နဲ့ အမြဲဖြေရှင်းတယ်။ စစ်နိုင်ရင် သိမ်းပိုက်သလို ရှူံရင်လည်း ကိုယ်ပိုင်တာ ပေလိုက်ဖို့ ဝန်မလေးဘူး။ ဒီနည်းလမ်းနဲ့ နိုင်ငံချမ်းသာလာတဲ့အခါမှာ ပေါင်းစည်းပြည်နယ်စုကြီးဖြစ်ဖို့ နယ်မြေတွေကို လိုက်ဝယ်တဲ့အထိ အတ္တတကြီး ဆောင်ရွက်ခဲ့တဲ့ အန်ကယ်ဆမ် ဖြစ်ပါတယ်။ ဒီလောက်တင်မကသေးပါဘူး၊ လက်နက်ရောင်းရရေး ဦးတည်တဲ့စစ်ပွဲတွေကို ဖန်တီးတတ်သလို အမိမြေမှာ စစ်ပွဲမရှိရေးကို လက်ကိုင်ထားတဲ့ ဦးလေးကြီးဆမ် ဖြစ်နေပြန်ပါတယ်။
.
.
အားလုံးကိုခြုံကြည့်လိုက်ရင် လူ့အရင်းအမြစ်ကို ဦးစားပေးသလို သူ့မြေမှာ သွေးမြေမခရင်ပြီးရော တစ်ပါးသူမြေပေါ်မှာ စစ်မီးမွှေးတတ်ပြီး စစ်မီးအေးအောင်လည်း စွမ်းဆောင်နိုင်တဲ့ နိုင်ငံတစ်ခုပါ။ အများက ကမ္ဘာ့ပုလိပ်ကြီးလို့ ခေါ်ပေမယ့် မြန်မာနိုင်ငံ ရှေ့ရှေ့အစိုးရတွေက “ ငပွကြီး ” လို့ အမည်ကင်ပွန်းတပ်ရတဲ့အထိ ထစ်ကနဲဆို သူအမြဲပါတဲ့ ပွဲတိုင်းကျော် သိန်းငှက်ကြီး ဖြစ်ပါတယ်။
.
.
အနုပညာ နဲ့ ဖန်တီးထုတ်လုပ်မှုနယ်ပယ်မှာ ကမ္ဘာမှာတစ်ခုတည်းသော ဟောလီဝုဒ်ဟာ အမေရိကားမြေပေါ်မှာပဲ ရှိသလို တခြားဘယ်နိုင်ငံကမှ မီအောင်လိုက်မလုပ်နိုင်သေးပါဘူး။ နည်းပညာနဲ့တီထွင်မှုအားကောင်းကောင်းနဲ့မောင်းနှင်တဲ့  မောင်းသူမဲ့ Drone တိုက်လေယာဉ်များကြောင့် ကမ္ဘာမှာ ငြိမ်းချမ်းရေး နဲ့ ဆွေးနွေးပွဲ ဝေးအောင်လုပ်သလိုဖြစ်နေခဲ့ပေမယ့် အမေရိက ကတော့ တခြားနိုင်ငံတွေကို သူကူညီတယ် ပြောနေတုန်းပါပဲ။
.
.
ပေါင်းသင်းဆက်ဆံရေးမှာ တွေ့တဲ့သူတိုင်းစိတ်ကျေနပ်အောင် မြှောက်ပင့်ပြောတတ်တယ်။ စိတ်ကျေနပ်သွားအောင် ပြောလိုက်ပြီး နောက်မှ လိုက်လုပ်ချင်မှလုပ်မယ့် လူမျိုးတစ်ချို့တွေ့ရဖူးတယ်။ လုပ်ငန်းခွင်တွေမှာ အောက်ကနေ အထက်ကို အဆင့်ဆင့် သတင်းပို့တဲ့စံနစ် Chain of Command နဲ့သွားပါတယ်။ အဆင့်ကျော်ရင်မကြိုက်သလို သူ့နေရာနဲ့သူ လုပ်ရည်ကိုင်ရည်ရှိသူ Skillful Employee တွေနဲ့တည်ဆောက်ကြတယ်။ ဘာသာရေး၊ လူမျိုး၊ အရေပြားကာလာ မခွဲခြားပဲ အလုပ်ခန့်တယ်။ အလုပ်မဝင်ခင် မိတ်ဆက် Orientation ပေးတယ်။
.
.
အလုပ်မဝင်ခင် ကျန်းမာရေးဆေးစစ် Physical Test မဖြစ်မနေ ဆေးစစ်ရတယ်။ လုပ်သားသစ်ရဲ့ ကျောထောက်နောက်ခံစစ်ဖို့ ထောက်ခံသူ Reference ဦးရေ ( ၂ ) ဦးထက်မနည်း တောင်းတတ်တယ်။ စကားပြောနေရင်း လက်သွားကိုင်မိလို့ Sexual Harassment ဆိုပြီး HR ရုံးခန်းရောက်ရတဲ့ ဇာတ်လမ်းတွေ ကြားဖူးတယ်။ ကိုးရီုးယားဇာတ်လမ်းတွဲထဲကလို လုပ်ငန်းခွင်ဖူးစာတွေရှိတာ ကိုယ်တိုင်မြင်ဖူး ကြားဖူးမှ ယုံရမလို ဖြစ်လာပါတယ်။ အကပ်ကောင်းလို့ ရာထူးရတာ မြန်မာနိုင်ငံတစ်နိုင်တည်းမှာတင်မဟုတ်ပါ အမေရိကားမှလည်း ခေတ်မကုန်သေးပါ။ အားနည်းသူကို ဖေးကူမည့်အစား လူမသိ သူမသိ နှိမ်တဲ့ အကွက်အကွင်းတွေ အများကြီးရှိပါသေးတယ်။
.
.
ပေါင်းစည်းလူမျိုးတွေရော အားနာတတ်သလား?
.
.
အားနာချင်ဟန်ဆောင်ပြီး နောက်မှ လုပ်ငန်းခေါင်းဆောင် ဒါမှမဟုတ် တာဝန်ရှိသူကို အလုပ်ထုတ်ခိုင်းတတ်တဲ့လူမျိုးပါ။ ဘာမဆို ငွေအကြောင်းပြောသမျှ စိတ်မဆိုးတတ်သူမျိုး ဆိုရင်လည်း မမှားပါဘူး။ လူကို လူလို တန်ဖိုးထားတတ်တယ်ဆိုတာထက် လူကိုငွေနဲ့အတူတွဲပြီး တန်ဖိုးထားတတ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ လူ နဲ့ ကိန်းဂဏန်း တွဲမှတ်ထားတယ်ဆိုတာသိရင် သင်ဟာ အမေရိကန်လူမျိုးကို ကောင်းကောင်းနားလည်သွားပြီ လို့ ဆိုနိုင်ပါပြီ။ အမေရိကန်လူမျိုးဟာ ဘာပြောပြော Eye Contact - မျက်လုံးချင်းဆုံပြောတယ်။ ဒီလူရှေ့က လှည့်ထွက်သွားရင်တောင် ခနနော်၊ ပြန်လာခဲ့မယ် - “ I’ll be right back ” လို့ ပြောပြသေးတယ်။ အကြောင်းက ဘာမှမပြောပဲ ဝယ်သူရှေ့က လှည့်ထွက်သွားတဲ့ အရောင်းစာရေးကို ရိုင်းတယ်လို့ဆိုကြပြီး တရားစွဲတဲ့အထိဖြစ်တတ်တော့ ဒီလူမျိုးတွေဟာ လုပ်ပြီးဆိုရင် အားမနာတတ်ပါဘူး။
.
.
အထက်ရာထူးတက်ချင်တယ်၊ အခွင့်အရေးရချင်တယ်ဆိုရင် ကိုယ့်ရဲ့စွမ်းဆောင်ရည် - Performance ကောင်းမှ စဉ်းစားတယ်၊ အားမနာပါဘူး။ ကုန်ထုတ်လုပ်သား တစ်ယောက်ဟာ တစ်နေ့တစ်ရက်ထွက်ကုန် Output ပုံမှန်မဟုတ်ရင်၊ မကောင်းရင်၊ ကျသွားရင် ရာထူးတက်လမ်းစ ပျောက်ပါပြီ။ ဒီတော့ အလုပ်ရှင်က ကိုယ့်အခြေအနေကို ဘာနဲ့တိုင်းတာသလဲ ? ကိန်းဂဏန်းနဲ့ ကြည့်ပါတယ်၊ ပုံပြဇယား - Graph နဲ့ထောက်ပါတယ်။ အဲဒီတော့ ကိုယ်က ရာထူးတက်ချင်ရင် အထက်လူကြီးကို “ My numbers are good ” လို့ ယျေဘုယျ စောတက တက်နိုင်ပါလိမ့်မယ်၊ သို့ပေမယ့် သူဆက်မေးလာမယ့် မေးခွန်းတွေကိုတော့ အဆင်သင့်ဖြစ်နေရမှာပေါ့ဗျာ။
.
.
အစားအသောက်ကျွေးရင် အားမနာတမ်းစားသလို လက်ဆောင်ပေးရင်လည်း မငြင်းတမ်းယူပါတယ်။ အားမနာပါဘူး။ ကိုယ်မလုပ်ပေးနိုင်တဲ့ ကိစ္စကို အားနာလို့လုပ်ပေးရတယ်ဆိုတာ အမေရိကန်တွေဆီမှာ မရှိပါ။ မလုပ်နိုင်ရင် မလုပ်ပေးနိုင်ဘူးလို့ ချိုချိုသာသာတော့ ပြောပါလိမ့်မယ်။ ကျေးဇူးလည်း ခဏခဏတင်တတ်သူတွေဖြစ်သလို အခုပြော ခဏနေမေ့တတ်သူတွေ အများကြီးတွေ့ဖူးတယ်။ လူတစ်ဦးချင်းဆီရဲ့ နာမယ်တွေကို တူမတူအောင်မှတ်မိတတ်ပြီး နာမည်မေ့နေရင် “ What did you say your name once again? ” လို့ မေးဖို့ အားမနာပါဘူး။
.
.

လွယ်လွယ်ကူကူ ဈေးတွက်သချာင်္လေးတွေကို စိတ်တွက်နဲ့ချတွက်တဲ့နေရာမှာတော့ မြန်မာတွေကို မမှီပါဘူး။ ဒီအချိန်မှာ သူတို့က ဒီလို အလီတွေမရကြောင်း အားမနာတမ်း ဝန်ခံတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ အကူအညီပေးတတ်တာ ရက်ရောသလို အကူအညီတောင်းဖို့ ဝန်မလေးတတ်သူများဖြစ်တယ်။ အစိုးရရုံးတွေမှာ စောင့်နေရလို့ အားမနာပါဘူး၊ ကိုယ့်အလှည့်မရောက်သေးရင် စောင့်ပဲ။ ဒါပေမယ့် ကိုယ့်အလှည့်ရောက်ရင်တော့ လိုအပ်ချက်တွေကိုတောင်းတယ်၊ လုပ်ပေးထားတာတွေကို ရှင်းပြတယ်၊ မလုပ်ပေးနိုင်တာတွေကို ထပ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဝက်ဆိုဒ် စသဖြင့်ပေးပြီးကူညီတတ်ကြတယ်။ ကောင်တာတွေကြားမှာ ရှေ့ဆက်တိုးလို့မရအောင် ထစ် မထားတတ်တာကတော့ အကြိုက်ဆုံးပါပဲခင်များ။
.
koko2yeye@gmail.com

No comments: