ယခုကဲ့သို့
စာပေဟောပြောပွဲအကြောင်းကိုရေးသားခွင့်ရသည့်အတွက် ခွင့်ပြုသူများ ၊
ဂျာနယ်စီစဉ်ဆောင်ရွက်သူများ နှင့် စာဖတ်ပရိသတ်အပေါင်းကိုကျေးဇူးတင်ကြောင်း
စာပေဟောပြောပွဲများအစတွင်ကြားနေကျအတိုင်း ဦးစွာပြောကြားလိုပါသည် ၊
စာပေဟောပြောပွဲများကို အရောင်အသွေးအမျိုးမျိုးဆိုးချယ်၍ပိတ်ပင်လာသည့်ကြားမှ
စာပေနယ်ပယ်တွင် တစ်ဖဝါးစာခြေချခွင့်ရသည့်ဘဝကို တစ်နည်းတစ်ဖုံ
ကျိတ်ကျိတ်လေးဂုဏ်ယူမိပါသည် ၊ မြို့ပြနှင့် နယ်ဒေသများပါမကျန်
စာပေခရီးကြွရောက်လှည့်လည်ဟောပြောပေးကြသော စာရေးဆရာ / ဆရာမများ၏
တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် ဝံသာနုစိတ်ဓါတ်ကို
ပိုမိုအထူးပြု၍ဖော်ပြလိုပါသည် ။
စာရေးဆရာများစွာမှ ငှားယူသုံးရသော “ လက်ခုတ်သိပ်တီးမနေနဲ့ဦး ၊
ငါပြောလိုက်တာက တရားမမှု ၊ မင်းတို့လုပ်မှ ရာဇဝတ်မှု ဖြစ်နေဦးမယ် ” ဟူသော
စကားပိုင်ရှင် ( သို့မဟုတ် ) လူငယ်များကိုကြည်ညိုသည်ဟုမကြာခဏပြောကြားတတ်သော
တစ်သက်တာစာပေဆုရ ဆရာကြီး အောင်သင်း သည် အသက်အရွယ်အာဖြင့် ( ၈၅ )
နှစ်ရှိပြီဖြစ်ငြားသော်လည်း အရေး / အဟော / အပြော စာပေတာဝန်များကို
တက်တက်ကြွကြွပါဝင်ပညာပေးနေဆဲဖြစ်သည် ၊ ခေတ် နှင့် စံနစ် ကို စိတ်ညစ်နေရန်မဟုတ်ဘဲ
သင်ခန်းစာယူရှေ့ဆက်လှမ်းတက်ရန် လူငယ် နှင့် ကျောင်းသားများကို လက်တွဲခေါ်တတ်သော
ဆရာ့ကိုလည်း စာဖတ် / စာပေဟောပြောပွဲနားထောင်ပရိသတ်များက မကြည်ညိုဘဲမနေနိုင်ပါချေ
၊ “ လူလိမ္မာသည် သူတပါးမှားသည်ကိုကြည့်၍ပြင်တတ်သူဖြစ်ပြီး လူမိုက်သည်
မိမိကိုယ်တိုင်မှားမှပြင်တတ်သူဖြစ်သည် ၊ ထိုထက်ပို၍မိုက်သောသူကား
ကိုယ်ကိုယ်တိုင်မှားသည်ကို ပြင်ရကောင်းမှန်းမသိသူဖြစ်၏ “ ဆိုသည့်
ဆရာ၏နှစ်ပေါင်းများစွာမှဟောပြောမှုသည် စာဖတ်သူတို့မမေ့နိုင် ပညာယူရသော
အဆုံးအမစကားလုံးများစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည် ။








