ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
ချစ်တဲ့အကြောင်းပြောတာ ဒီပါးစပ်။ မုန်းတဲ့အကြောင်းပြောတော့လည်း ဒီပါးစပ်။ ဒီနှုတ်ကနေထွက်သမျှ ဘယ်စကားမဆို ပြောတဲ့အပေါ်မှာမူတည်ပြီး အကျိုးသက်ရောက်မှုက ကွာခြားသွားပါတယ်။ ဒါကြောင့် ရှင်တော်ဗုဒ္ဓမြတ်စွာဘုရားက စကားကြီး (၆) ခွန်းကို မိန့်ကြားထားရစ်ခဲ့လေတယ် မဟုတ်ပါလား။
ဒါကိုလိုက်နာတဲ့လူသားတွေအောင်မြင်ကြတယ်။ မပြောသင့်တဲ့စကားကိုပြောသူတွေလောကထဲမှာများပြားသလို ပြောသင့်တာကိုမပြောသူတွေလည်း မရှားပါဘူး။ ပါးနှပ်စွာပြောဆိုနိုင်သူတွေဟာ ပန်းတိုင်ခြေရင်းနား ချည်းကပ်နိုင်ကြတယ်။ သူတစ်ပါးနားဝင်ချိုအောင်ပြောဆိုနိုင်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်လန်းကြတယ်။
မိတ်ဆွေနေ့တိုင်းပြောတဲ့စကားတွေဟာ မပြောခင်တုန်းက ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ အမြဲတမ်းစဉ်းစားချိန်ရလိုက်ပါသလား? "စကား စကားပြောပါများ စကားထဲကဇာတိပြ" ၊ "နှုတ်ချိုလျှိုတစ်ပါး" ဆိုတဲ့စကားပုံတွေက ငယ်စဉ်အခါစကားပုံတွေစုကတည်းက ကျွန်တော်အလွတ်ကျက်လာခဲ့ပေမယ့် လက်တွေ့ဘဝရဲ့ဘယ်နားမှာသွားသုံးရမယ်ဆိုတာ မသိခဲ့ဘူး။
ကျွန်တော်ဟာ စကားပြောမာတယ်။ တစ်ခွန်းကနေ နှစ်ခွန်းပြောရင် စကားထစ်တယ်။ စကားပြောရင် အော်ပြောတယ်။ အင်္ဂလိပ်စကားပြောရင် လျှာလိပ်တယ်။ ဒီလောက်ဆိုးတဲ့ငယ်အလေ့အကျင့်တွေကနေ ထိပ်ဆုံးစကားထစ်တာကိုပြင်တယ်။